မြိတ်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေရှားပါးနေပြီ

0
2312

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်‌နေရပြီး ပရဟိတအသင်းအချို့က သောက်သုံးရေများ ဖြန့်ဝေပေးနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရေပုန်းနယ်မြေအတွင်းရှိ ရပ်ကွက်အချို့အပါအဝင် အဏ္ဏဝါရပ်ကွက်တို့တွင် ရေရှားပါးမှုများဖြစ်ပေါ်နေကြောင်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း အင်းလေးကမ်း၊ အင်းလေးမြိုင် (ရပ်ကွက်) ဘက်တွေမှာ ရေရှားတာတွေဖြစ်နေတယ်။ ရေရောင်းတဲ့ကားတွေက ဝင်ရောက် မရောင်းချပေးနိုင်တဲ့ အပိုင်းတွေလည်း ရှိနေတာထင်တယ်” ဟု ၎င်းက ဆိုသည်။

ရေရှားပါးသည့် ရပ်ကွက်အများစုသည် ပင်လယ်ဘက်နှင့် နီးစပ်စွာတည်ရှိနေပြီး ၎င်းရပ်ကွက်တို့နှင့် အနီးအနားရှိ တွင်းရေ (ရေတွင်း) တို့အား အဓိကအသုံးပြုနေရကြောင်း ငြိမ်းချမ်းရေးရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“နေတအားပူတဲ့ ကာလဆိုရင် ရေတွင်းရေလည်းခမ်းတာပဲ။ နွေရာသီဆို ရေအတွက်အခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေပါ။ အိမ်ခြေလည်းစိပ်တယ်” ဟု ငြိမ်းချမ်းရေးရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း ရေဂါလံ ပေါင်း ၁၄၄၀၀ အထိ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်းဝင်က ဆိုသည်။

သောက်သုံးရေတို့အား အလှူရှင်များနှင့် ပရဟိတအသင်းအချို့တို့၏ လှူဒါန်းမှုတို့ဖြင့် ဖြန့်ဝေပေးထားခြင်းဖြစ်သည်။

အလှူရှင်များအနေဖြင့် ရေလှူဒါန်းလိုပါက ရေဂါလံ ၁၈၀၀ ဆံ့ ရေကားတစ်စီးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း ဖုန်း 09775609499 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ထို့အပြင် သောက်သုံးရေများ ဖြန့်ဝေပေးမည့်အဖွဲ့အစည်းများရှိပါက အသင်း၌ ရေများလာရောက် ယူဆောင်နိုင်ကြောင်း ရာသက်ပန် နာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

မြိတ်တွင် နွေရာသီရောက်တိုင်း ရပ်ကွက်အချို့တို့တွင် ရေရှားပါးမှု ဖြစ်ပေါ်လေ့ရှိသည်။