NLD ၊ ဆန္ဒပြအင်ဂျင်နီယာစစ်ကြောင်းနှင့် စစ်ကောင်စီ သုံးပွင့်ဆိုင် ထားဝယ်မြစ်ကူးတံတား

0
3299
ပုံစာ - ထားဝယ်မြစ်ကူးတံတား တည်ဆောက်မှု မှတ်တမ်းပုံများ

ကမြောကင်းတံတားနှင့်ဘေးချင်းကပ်နေသည့် ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက ယနေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါတံတားမှာ NLD အစိုးရက စဆောက်ပြီး ဆန္ဒပြအင်ဂျင်နီယာများက ပန္နက်ရိုက်ကာ စစ်ကောင်စီက ဖဲကြိုးဖြတ်လိုက်သည့် တံတားတစ်စင်းဖြစ်သည်။

ယင်းအပြင် ပြည်သူများအတွက်ဆိုသော ယင်းတံတားသစ် ဖွင့်ပွဲမတိုင်မီတွင် ပြည်သူ့နေအိမ် ၁၀၀ ကျော်မီးရှို့ခံခဲ့ရပြီး အရပ်သားဖမ်းဆီး၊ သတ်ဖြတ်ခံရမှုများလည်းရှိနေခဲ့သည်။

သုံးပွင်ဆိုင် တံတား

အဆိုပါမြစ်ကူးတံတားအသစ်ဖြစ်လာသည့် စိတ်ကူးစိတ်သန်းမှာ NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်း၏ တောင်းဆိုချက်အရ လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တံတားအသစ်စီမံကိန်း မြေသားစမ်းသပ်ရန်အတွက် ငွေကျပ်သန်းငါးရာ အသုံးပြုခဲ့သည်ဟု တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုထားခဲ့သည်။

နောက်နှစ်တွင်မူ တံတားအတွက် ပြည်ထောင်စုအဆင့်က အနည်းဆုံးငွေကျပ် ၁ ဘီလီယံကို အသုံးပြုခဲ့သလို တိုင်းအစိုးရကလည်း ဘဏ္ဍာငွေထည့်ဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ထိုနောက် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် တံတားတည်ဆောက်ရေးလုပ်ငန်းများ အချိန်ခဏတာ ရပ်ဆိုင်းသွားခဲ့သည်။

ထိုအချိန်က တံတားအသစ်တည်ဆောက်ရေးအတွက် မြေပြင်တွင် ပန္နက်ရိုက်ခြင်းမရှိသေးပေ။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ဖြစ်လာသည့်နည်းတူ ထားဝယ်ဒေသတွင်လည်း ဆန္ဒပြစစ်ကြောင်း အများအပြားက အားကောင်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အာဏာသိမ်းပြီး ၁၅ ရက်အကြာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်မူ ယင်းဆန္ဒပြသပိတ်စစ်ကြောင်းထဲမှ ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းက ဆန္ဒပြချီတက်ရင်း ကမြောကင်းတံတား ဆောက်လုပ်သည့် နေရာအရောက်တွင် တံတားပန္နက်ရိုက်လိုက်ကြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်ဂျင်နီယာများပန္နက်ရိုက်ခဲ့သည့် တံတားအသစ်ကို စစ်ကောင်စီက ပြန်လည်ပန္နက်ရိုက်ကာ ဆက်လက်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားဖွင့်ဖို့ စစ်ကြောင်းထိုးတာလား

တံတားသစ်တည်ဆောက်ပြီးစီးချိန် တံတားဖွင့်မည်ဆိုသော သတင်းများ ထွက်ပေါ်လာချိန်နှင့်အတူ စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးမြို့နယ် တကြောကို စစ်ကြောင်းထိုးဝင်ရောက်လာသည်။

တံတားမဖွင့်မီ တစ်လနီးပါးခန့်ကတည်းကပင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်တကြော နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရပ်ရွာများအတွင်း စစ်ကြောင်းထိုးခဲ့သည်။

၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို နေအိမ်အဆောက်အအုံများကို မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့သည်။

ဒေသခံအများစုကမူ တံတားဖွင့်ပွဲလုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်ကြောင်းထိုး ရှာဖွေနေခြင်းဖြစ်ပြီး ဒေသခံများကြောက်ရွံ့စေရန် အကြမ်ဖက်နည်းလမ်းကို အသုံးပြုနေသည်ဟု ယူဆကြသည်။

တံတားဖွင့်ခါနီးအချိန်ဖြစ်သည့် ယခုလအတွင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးခန့် အနည်းဆုံး သေဆုံးခဲ့သည်။

သေဆုံးသူ ၆ ဦးမှာ လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ကျောက်ဝပ်ရွာမှဖြစ်ကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

မီးရှို့ခံရသည့်နေအိမ်အလုံးရေ အနည်းဆုံး ၁၄၀ ကျော်နှင့် တဲ ၁၀ လုံးခန့် ရှိနေခဲ့ပြီး ရှာဖွေဖျက်ဆီးခံရသည့်အိမ် အများအပြားရှိသည်။

မီးရှို့ခံရသည့် နေအိမ်အများစုမှာ ညောပြင်ရွာမှဖြစ်ပြီး နေအိမ် ၉၆ လုံးပျက်စီးခဲ့ကာ အောက်ကျောက်ဝပ်ရွာတွင် ၄၀ ခန့်ပျက်စီးခဲ့သည်။

တံတားသစ်ကြီးဖွင့်ပြီ

ကားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းပါသည့် ထားဝယ်မြစ်ကူးတံတားကို စစ်ကောင်စီ၏ ထိပ်ပိုင်းစစ်ဘက် ခေါင်းဆောင်တစ်ဦး တက်ရောက်ကာ ယနေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အခမ်းအနားတက်ရောက်သူအချို့ကမူ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့ တက်ရောက်သည်ဟုဆိုသည်။

တံတားဖွင့်လှစ်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မည်စိုး၍ လုံခြုံရေးတပ်ဖွဲ့ဝင် (စစ်ကောင်စီတပ်သား) အများအပြားကို တံတားအသစ်အနီးအနားတဝိုက် နေရာအနှံ့ ချထားသည်ကို တွေ့ရသည်။

ထားဝယ်မြစ်ကူးတံတားသစ်ကြီးမှာ စစ်အာဏာသိမ်းမှုကြောင့် အထွေထွေအကျပ်အတည်း ဆိုက်နေသည့် ဒေသခံများအတွက်တော့ အထူးတလည် စိတ်ဝင်စားဖွယ် အခြေအနေမရှိဟုဆိုကြသည်။

သို့သော်နယ်မြေရှင်းလင်းရေးဆိုကာ စစ်ကြောင်းထိုးရာတွင် ဖျက်ဆီးခံခဲ့ရသည့် ဒေသခံများအတွက်တော့ ပေးဆပ်မှုကြီးမားသည့် တံတားဖွင့်ပွဲ တစ်ခုပင်ဖြစ်တော့သည်။