တိုက်ပွဲကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားယာယီပိတ်၊ နာရီပိုင်းအကြာတွင်ပြန်ဖွင့်

0
2406
ပုံစာ - တံတားကို ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် တန်းစီစောင့်ဆိုင်းနေကြသည့်ကားများကို ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်းတွင် တွေ့ရစဉ်။

မြဝတီမြို့ဘက်ခြမ်းတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသောကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ယာယီပိတ်လိုက်ပြီး နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လိုက်ပြီဖြစ်ကြောင်း မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ထံမှ သိရသည်။

တံတားတွင် ယနေ့ နံနက်ပိုင်းအချိန်များ၌ လူနှင့် ကားအဝင်အထွက် ရှိနေသေးသော်လည်း နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲကြောင့် မြန်မာဘက်က ရုတ်တရက်ပိတ်လိုက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

နေ့လယ် ၁၂ ခွဲအချိန်ခန့်တွင် တံတားကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း မဲဆောက်ရောက် မြန်မာများထံမှ သိရသည်။

“တံတားကို တိုက်ပွဲကြောင့်ဆိုပြီး ရုတ်တရက်ကြီး ပိတ်ချလိုက်တာ။ အခုနားကမှ ပြန်ဖွင့်ပေးလိုက်ပြီ။ အာရှလမ်းမကြီးတော့ ပိတ်ထားတယ်ကြားတာပဲ။ တိုက်ပွဲကြောင့် လမ်းမလည်း အကုန်ပျက်စီးနေပြီလေ” ဟု မဲဆောက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထိုင်းဘက်ခြမ်း နယ်စပ်ဂိတ်တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ချထားသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကားများပြန်လည်ကူးသန်းသွားလာနေသည်ကိုတွေ့ကြောင်း ထိုင်း-မြန် ကုန်စည်ပို့ဆောင်နေသော Aung Family ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပုံမှန်အတိုင်း ရှုပ်ထွေးနေတာမျိုးတော့ မဟုတ်ဘူး။ သူတို့က အရေအတွက်နဲ့ပဲ ပေးသွားတာလား။ ကားကို အကန့်အသတ်နဲ့ ပေးသွားတာလား။ နည်းနည်းချင်းစီ ပေးသွားတာလားတော့ မသိဘူး။ မြန်မာဘက်ကို ကားတွေ တန်းစီနေတာမျိုးတွေ့တယ်။ ကားလိုင်းတွေ ကိုယ်ပိုင်ကားတွေ တန်းစီပြီး သွားနေတာမျိုးတော့ တွေ့ရတယ်” ၎င်းက ဆိုသည်။

တိုက်ပွဲမှာ မြဝတီ မဲကနယ်ကျေးရွာမှ သင်္ကန်းညီနောင်ရဲစခန်းနှင့် နယ်စပ်ကုန်သွယ်ရေးဇုန်အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ၃ လနီးပါအကြာတွင် ပထမဆုံးအကြိမ် ယာယီပိတ်ခဲ့ခြင်းဖြစ်သည်။