အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3064

Princes in The Darkness 1990s

အခန်း(၂၄)

ဗဟန်းရဲစခန်းရှေ့တွင် မိုးလေးက တဖွဲဖွဲကျနေ၏။

ည ခုနှစ်နာရီထိုးတော့မည်။

ဗေဒါက ဗဟန်းရဲစခန်းရှေ့တွင် ကားရပ်ရန် မလွယ်သဖြင့် ရဲစခန်းနှင့် ကပ်လျက် လမ်းကြားလေးထဲတွင် ကားကို ထိုးထားသည်။

ဖုန်းဝင်လာသဖြင့် ကိုင်လိုက်၏။

“ဟဲလို..ကိုဗေဒါလားခင်ဗျ”

“ဟုတ်ပါတယ်”

“ကျွန်တော် ဗဟန်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ရီ ပါ”

“ဟုတ်ကဲ့”

“ကကလှမ်းက ဗိုလ်မှူးက ပြောထားလို့ခင်ဗျ…ကောင်မလေးကို ကျွန်တော်တို့ ဘယ်ကို ပို့ပေးရမလဲ”

“ကျွန်တော် ရဲစခန်းဘေးက လမ်းကြားမှာ ကားရပ်ထားပါတယ်…ပါဂျဲရိုးအပြာရောင်ပါ”

ခဏအကြာ လမ်းကြားလေးထဲဝင်လာသော မစ္စတာလု ၏ သမီးကို မိုးဖွဲဖွဲကြားတွင် တွေ့လိုက်ရ၏။

ဒုရဲအုပ်တစ်ဉီးမှလည်း အနောက်မှ ထီးမိုးပေးလျက်။

ဗေဒါက က ကားကို မီးတချက်တောက်ပြလိုက်သည်။

ထို့နောက် ကားပေါ်မှ ဆင်းလိုက်၏။

“ဉီးဗေဒါ”

မစ္စတာလု၏ သမီးက ဝမ်းသာအားရခေါ်လိုက်သည်။

ဗေဒါက ကားတံခါးကို ဖွင့်ပေးလိုက်၏။

ဒုရဲအုပ်က ဘုမသိဘမသိဖြင့် ဗေဒါကို အလေးပြုကာ ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

“အားလင့်…သမီး.ဘာဖြစ်သွားသေးလဲ”

“ဘာမှတော့ မဖြစ်ပါဘူး..ဉီးဗေဒါ..ဟို..သမီး..ကောင်လေး”

“ခဏတော့သည်းခံသမီး…သူ့ကို ရအောင် ပြန်ထုတ်ပေးမယ်”

သူတို့ ကားရပ်ထားသော နေရာ၏ နောက်တွင် နောက်ထပ်ကားတစ်စီးက စက်နှိုးလျက် စောင့်နေသည်ကို ဗေဒါ သတိထားမိသွား၏။

ထို့နောက် ဗေဒါက စိုင်းနွံထံသို့ ဖုန်းဆက်လိုက်သည်။

“စိုင်းနွံ…ကျူရှင်‌ရှေ့ရောက်ပြီလား”

“အေး..ရောက်နေပြီ..ဗေဒါ”

“ကောင်မလေးကို ကားပေါ်က ဆင်းခိုင်းပြီး..သူ့ကျူရှင်ဆရာမ တိုက်ခန်းတံခါးဝအထိ မင်းလိုက်ပို့ပေးလိုက်တော့..ပြီးရင်..ငါ့ကို ဖုန်းပြန်ဆက်”

ဗေဒါက သူ့ခါးကြားတွင် ပါလာသော ပစ္စတိုကို မောင်းတင်ကာ ကားရှေ့ဒတ်ချ်ဘုတ်ပေါ်တွင် အသင့်တင်ထားလိုက်သည်။

ထို့နောက် ကားကို မောင်းထွက်လိုက်၏။ အနောက်မှ ကားက လည်း ဗေဒါ၏ ကားနောက်မှ ကပ်လျက်ပါလာသည်။

စိုင်းနွံဆီမှ ဖုန်းဝင်လာ၏။

“ဗေဒါ.ငါ..ကလေးမလေးကို သူ့ကျူရှင်ဆရာမလက် အပ်ခဲ့ပြီ”

“အေး..မင်းလည်း အမြန်ဆုံးကိုယ်ယောင်ဖျောက်တော့”

ဗေဒါက ကားကို အရှိန်တင်လိုက်သည်။ နောက်မှ ကားကလည်း အရှိန်လိုက်တင်၏။

ခဏအကြာ မီးပွိုင့်မိသဖြင့် ရပ်လိုက်ရသည်။

ဗေဒါက သံချောင်းထံ ဖုန်းခေါ်လိုက်၏။

“ကိုသံချောင်း..ခင်ဗျားတို့ ကောင်မလေး..က သူ့ကျူရှင်ဆရာမအိမ်ကို ရောက်နေတာတဲ့ဗျ..သေချာဖုန်းဆက်ကြည့်ပါဉီး”

သံချောင်းက ဖုန်းပြန်ချသွားသည်။ ဗေဒါက ဖုန်းပြန်ခေါ်၏။

“စကားမဆုံးသေးဘူးဗျ…ကောင်မလေး ကျွန်တော်တို့ လက်မှမရှိတာသေချာပြီဆို..ကျွန်တော့်နောက်မှာ လိုက်နေတဲ့ ခင်ဗျားလူတွေကို ပြန်လှည့်ခိုင်းလိုက်တော့…မဟုတ်ရင် ပြဿနာတွေ ပိုရှုပ်ထွေးမှာနော်”

မီးပွိုင့်လွတ်သည်နှင့် ဗေဒါတို့ အနောက်မှ လိုက်လာသောကားမှာ ဆန့်ကျင်ဘက်အရပ်ဆီ ကွေ့သွားသည်ကို တွေ့လိုက်ရတော့သည်။

……………………………….

မစ္စတာလု ၏ ခြံဝန်းအတွင်းသို့ ဗေဒါတို့ ကားဝင်လာခဲ့သည်။

ခြံဝန်းအတွင်း ကားများထားသည့်နေရာတွင် မစ္စတာလု၏ သားငယ်အား‌ရှောင်နှင့် သူ့သူငယ်ချင်း ဟစ်ဟော့အဆိုတော်ပေါက်စ ကို တွေ့ရသည်။

ကားပေါ်မှ မစ္စတာလု၏ သမီးဆင်းလာသောအခါ အားရှောင်က ဝမ်းသာအားရဖြင့် ရောက်လာ၏။

အားရှောင်၏ သူငယ်ချင်း အဆိုတော်ပေါက်စ မှာ မျက်စိမျက်နှာပျက်နေသည်ကို ဗေဒါ ရုတ်တရက်သတိထားမိသွားသည်။

“ဟေ့…ညီလေး”

ဗေဒါက ထိုအဆိုတော်ပေါက်စလေးကို ပုခုံးသွားဖက်သည့်အခါ ကောင်လေးက အလန့်တကြားဖြစ်သွားသည်။

ဗေဒါက သူ၏ ပုခုံးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း။

“အားရှောင်….မင်းတို့ အသွားအလာဂရုစိုက်ကြကွာ..မင်းတို့ ဘယ်သွားတယ်..ဘယ်လာတယ်ဆိုတာကို အမြဲ စောင့်ကြည့်သတင်းပေးတဲ့လူတော့ ရှိနေပြီ….အရမ်း မကဲကြနဲ့…မိုးလည်းအရမ်းမချုပ်စေနဲ့”

“ဟုတ်ကဲ့..ဉီးဗေဒါ…အခု လစ်ပြီ”

သူတို့နှစ်ယောက် ကားပေါ်သို့ တက်သွားကြ၏။

မစ္စတာလုက သမီးဖြစ်သူကို မြင်သည့်အခါ အိမ်ထဲမှ ခပ်သွက်သွက်ထွက်လာသည်။ မစ္စတာလု ကတော်ကြီးကပါ ဝမ်းသာအားရဖြင့်။

“ဗေဒါ..အားလုံးအဆင်ပြေခဲ့ရဲ့မဟုတ်လား”

“ပြေပါတယ်..မစ္စတာလု”

မစ္စတာလုကတော်ကြီးက သူ့သမီးကို သူတို့ဘာသာစကားဖြင့် တဗျစ်တောက်တောက်ဆူပူနေသည်။

“အားလင့်”

မစ္စတာလုသမီးကို ဗေဒါက ခေါ်လိုက်သည်။

“သမီးတို့ အဲ့ဒီညက ကလပ်ကို သွားကြတဲ့ကိစ္စ….ဘယ်သူတွေသိသေးလဲ”

“အားရှောင် သိတယ်လေ… သူကိုလိုက်ခဲ့ဖို့ ဖုန်းဆက်ခေါ်သေးတယ်..ခုန သူ့သူငယ်ချင်း အဲ့ဒီညက အိမ်မှာ ညအိပ်မယ်ဆိုလို သူလိုက်မလာတာ”

“အော်…အင်း”

ဗေဒါက ဘာမှဆက်မပြောတော့ပဲ..မစ္စတာလုအား နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်၏။

ဗေဒါကားပေါ်သို့ အရောက်တွင် မစ္စတာလုက အနောက်မှလိုက်လာသည်။

“ဗေဒါ….မင်း စိတ်ထဲ ဘာ မသင်္ကာစရာများရှိလို့လဲ”

“ကျွန်တော့်စိတ်ထဲ မသေချာသေးလို့ပါ”

“ဘာလဲ..ဟိုအားရှောင်သူငယ်ချင်းအဆိုတော်ကောင်လေးလား”

ဗေဒါက ခေါင်းညိတ်ပြလိုက်၏။

“ညကျ မင်းဆီ လောရှည် ဆက်သွယ်လာလိမ့်မယ်…သေချာအောင်လုပ်လိုက်..သက်သေတော့ခိုင်မာပါစေ”

ဗေဒါက မစ္စတာလုကို နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

……………………………….

ဆူးလေရှိ ဒေါ်ရိပ်ကြီး လက်ဖက်သုပ်ဆိုင်တွင် ဗေဒါက ညစားကို ဖြစ်သလိုစားလိုက်၏။

ထိုအချိန်တွင် လောရှည် ဖုန်းဝင်လာသည်။

“ဗေဒါ..မင်းဘယ်မှာလဲ”

“ဆူးလေမှာ..ညစာစားနေတာ”

“ငါတို့လည်း ဆိပ်ကမ်းသာလမ်းမှာ ဘီယာသောက်နေတာ..မင်း လာခဲ့မလား”

ဗေဒါလည်း ပိုက်ဆံရှင်းပြီးနောက် လောရှည်တို့ ရှိနေမည့် ဘီယာဆိုင်သို့ ထွက်လာခဲ့လိုက်သည်။

ဘီယာဆိုင်အပေါ်ထပ်တွင် လောရှည်နှင့် သရဲကြီးတို့ ထိုင်နေကြ၏။

“မစ္စတာလုက ဖုန်းဆက်လာတယ်…ဟိုကောင်လေးကို မင်းက သင်္ကာမကင်းဖြစ်နေတယ်ဆို”

“ဟုတ်တယ်…ခင်ဗျားစဉ်းစားကြည့်..မစ္စတာလုသားသမီးတွေ ဘယ်သွားတယ်..ဘယ်လာတယ်ဆိုတဲ့ ကိစ္စ က ထောက်လှမ်းရေးက အသေးစိတ်သိနေတာ အံဩစရာမကောင်းဘူးလား…. ဒီသားသမီးလေးတွေနောက်ကိုတော့ တကောက်ကောက်နောက်ယောင်ခံခိုင်းလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး…ဖြစ်နိုင်တာက..မစ္စတာလုရဲ့ အိမ်ထဲ အထိရောက်မယ့် အနီးကပ်လူတစ်ယောက်ထည့်ထားပုံပဲ”

“အင်း..အဲ့ဒီကောင်လေးက အားရှောင်နားကို ရောက်တာမကြာသေးဘူး….အဆိုတော်ပေါက်စဆိုတော့ အားရှောင်ကလည်း ခင်တယ်..တပတ်ကို သုံးရက်လောက် အိမ်မှာ လာလာအိပ်တယ်ဆိုတော့….”

“ကိုလောရှည်..ခင်ဗျား သူ့နောက်ကြောင်းလှန်ဗျာ..ကြာရင် အန္တရာယ်များလာနိုင်တယ်”

လောရှည်က နဘေးမှ သရဲကြီးအား ကြည့်လိုက်သည်။

“သရဲကြီး…မင်း…ကျောင်းသားတွေကတဆင့်..ဒီကောင်လေး နောက်ကြောင်း ရနိုင်မလား”

“ရပ်ပါလိုလိုဘာလိုလို လူငယ်တွေထဲမှာတော့ ဇိုးတွေနဲ့..မရမက လိုက်ပေါင်းပြီး ဇိုးရူးရူးနေတဲ့ သူဌေးသား တကောင်ရှိတယ်…ဒီကောင့်ကို ကျုပ်ကျောင်းသားတွေနဲ့ အသာအစ်အောက်လိုက်ရင်..ဟိုကောင့်နောက်ကြောင်းပေါ်လာနိုင်တယ်…သူ့နာမည်သာပြော”

“…………………..”

“အိုကေ..စိတ်သာချ…ကျုပ်လုပ်လိုက်မယ်”

……………………………….

နှစ်ရက်ခန့်အကြာ။

“ဗေဒါ..မင်း အထင်က မှန်သလောက်ပဲ….အဲ့ဒီ အဆိုတော်ကောင်က စစ်ထောက်က ကောင်တွေ ကို အလုပ်လုပ်ပေးနေတဲ့ ဆူးလေက ဆံရှည် ရဲ့ မီဒီယာရုံးမှာ အဝင်အထွက်ရှိတယ်..အဲ့ဒီက ဟိုဆံရှည်ဘိုးတော်နဲ့လည်း မကြာခဏတွေ့ကြတယ်တဲ့….ဒီကောင့်ကို ဆံရှည်ဘိုးတော်ကတဆင့် ထောက်က အင်ဖော်မာမွေးထားပုံပဲလို့.. သရဲကြီးလူတွေက ပြောကြတယ်”

ဆံရှည်ဘိုးတော်ဆိုသည်နှင့် ဗေဒါ နှစ်ခါမစဉ်းစားရတော့။ စစ်ထောက်လှမ်းရေးမှ သူတို့ ဝါဒဖြန့်ချီချင်သည့် သတင်းအချက်အလက်များကို မီဒီယာဂေါ့ဖားသားကြီးဆိုသည့် ထိုဆံရှည်ဘိုးတော်မှ တဆင့် ပါးပါးလေး အုပ်ကာ ဖြန့်ချီလေ့ရှိသည်။

ဗေဒါက မစ္စတာလုထံသို့ ဖုန်းဆက်လိုက်၏။

တိုက်တိုက်ဆိုင်ဆိုင် ထိုအဆိုတော်ကောင်လေးကလည်း ညက သူ့သား၏ အခန်းတွင်အိပ်ကြောင်း မစ္စတာလုက ဆိုသည်။

ဗေဒါ က လောရှည်ကိုပါ ဖုန်းဆက်ခေါ်ကာ အိမ်သို့ ကားဖြင့် မောင်းသွားကြ၏။

မစ္စတာလု၏ သားမှာ ခြံဝန်းအတွင်းမှ သူ့အတွက်သီးသန့်လုပ်ပေးထားသည့် ဘန်ဂလိုပုံစံအိမ်ကလေးတွင် နေထိုင်သည်။

ဗေဒါနှင့် လောရှည်က အားရှောင်၏ ကိုယ်ရံတော်အဖွဲ့အချို့ကိုပါ ခေါ်ပြီး တံခါးခေါက်လိုက်သည့်အခါ အား‌ရှောင်ထွက်လာ၏။

“မင်းသူငယ်ချင်းရော”

“အော်..ဉီးဗေဒါ..ဘာကိစ္စရှိလို့လဲ”

“မင်း..သူငယ်ချင်းရောလို့..အား‌ရှောင်”

“အထဲမှာလေ..သူပြန်ဖို့ လုပ်နေတာ”

“မင်း..ခဏဖယ်နေ..အားရှောင်”

ဗေဒါနှင့်လောရှည် အထဲသို့ ဝင်လိုက်သောအခါ အိမ်သာထဲမှာထွက်လာသည့် ကောင်လေးမှာ တအံ့တဩကြည့်နေ၏။

ဗေဒါက ထိုကောင်လေးကို အင်္ကျီကုပ်မှ ကိုင်ကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

“မင်း..ကို ဘယ်သူလွှတ်လိုက်တာလဲ”

“ဗျာ..ကျွန်တော်..ကျွန်တော့်ကိုလား”

“ငါမေးတုန်း ကောင်းကောင်းဖြေကွာ”

“ဘယ်သူက ကျွန်တော့်ကို လွှတ်ရမှာလဲဗျ..ခင်ဗျားတို့က ဘာ..”

စကားပင်မဆုံးလိုက်..ဗေဒါက လည်မြိုကို ညှစ်ထားလိုက်သည်။

လောရှည်က ကောင်လေး၏ ခန္ဓာကိုယ်အနှံ့ကို စမ်းသပ်ရှာဖွေလိုက်၏။

အော်တာရှပ်အင်္ကျီအိတ်ကပ်တွင် ချိတ်ထားသော ဘောပင်ကို လောရှည်က ယူကြည့်လိုက်သည်။

ဘောပင်ထိပ်တွင် မှန်ဘီလူးအသေးလေး။

“ဒါစပိုင်ကင်မရာပဲ”

ဗေဒါက နဘေးရှိ အိတ်စတန်းရှင်းကြိုးခွေကို ယူလိုက်ပြီး..ကောင်လေး၏ လည်ပင်းကို ပတ်ကာ ညှစ်လိုက်သည်။

“‌‌ဟေ့ကောင်..ပြောစမ်း……မင်း ဝန်ခံစမ်း”

လောရှည်က ဂျင်းဘောင်းဘီအိတ်အတွင်းမှ အသံဖမ်းစက်အသေးစားလေးကို ရှာတွေ့သွားပြီ။

အား‌ရှောင်က သူ့ဘော်ဒါ ကို တအံတဩကြည့်နေသည်။

ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို လောရှည်က ထပ်ဖွင့်ကြည့်လိုက်သည်။

“ကကလှမ်း”မှ ဗိုလ်မှူးသန်းဝင်း လက်မှတ်ထိုးထားသည့် “အင်ဖော်မာကဒ်ပြား”။

“ကဲ..ဒီလောက်ဆို မင်းကို ငါ ဒီခြံဝန်းထဲမှာတင် သတ်ပြီး အလောင်းဖျောက်ပစ်လို့ရပြီ”

ဗေဒါက ကြိုးကို ဆွဲတင်းလိုက်သည်။

“ဟီး..ဟီး.မလုပ်ပါနဲ့ဗျာ…ကျွန်တော့်ကို မသတ်ပါနဲ့..ကျွန်တော်မှားပါတယ်”

ငတိကလေး ငိုပြီ။

ထိုအခါမှ မစ္စတာလု သား က ဒေါသတကြီးဖြင့်..တုတ်ကို ဆွဲကာ ရိုက်သတ်မည်တကဲကဲ။

“ကိုလောရှည်..ဒီကောင့်ကို ဆိပ်ကမ်းက ကွန်တိန်နာတွေထဲက အက်ဆစ်တိုင်ကီထဲ သွားပစ်ထည့်လိုက်ရင်..မြန်မယ်ထင်တယ်”

“မလိုဘူး..ဗေဒါ..ဒီခြံထဲတွင် အပိုင်းပိုင်းခုတ်ပြီး ခွေးတွေ၊သိန်းငှက်တွေအစာကျွေးပစ်လိုက်မယ်”

သတင်းပေးငတိလေးမှာ အသားများပင် တဆတ်ဆတ်တုန်နေ၏။

“အီး..ဟီး..ဟီး..မသတ်ပါနဲ့ဗျာ..မသတ်ပါနဲ့”

“မင်းက…လူငယ်ချင်း ခင်မင်မှုကို အခွင့်ကောင်းယူပြီး..သူများအိမ်ထဲအထိလိုက်ဝင်..သတင်းပေးတာလေ… မင်း ဝင်ပြီး သတင်းယူနေတာ..ဘယ်သူ့အိမ်လဲ မင်းသိရဲ့မဟုတ်လား…အဲ့ဒါ မင်း မကြောက်တတ်လို့ပေါ့ကွ..အခုမှ လာကြောက်ပြမနေနဲ့..ဟေ့ကောင်”

“ကျွန်တော်ရှိခိုးပါတယ်..ဗျာ…မသတ်ကြပါနဲ့..သူတို့ခိုင်းလို့လုပ်ရတာပါ..အီးဟီးဟီး”

“ခဏနေဉီး..ငါတို့ သူ့အဖေဆီ ဖုန်းဆက်လိုက်ဉီးမယ်….မင်းဆုတောင်းထားပေါ့ကွာ”

ဗေဒါက အခန်းပြင်သို့ ခဏထွက်လာကာ မစ္စတာလု ထံ ဖုန်းခေါ်လိုက်၏။ မစ္စတာလု မှာ သူ့ခြံဝန်းအတွင်းဖြစ်ပျက်နေသည်များကို မသိ။

မနက်စောစောစီးစီး..ဂေါက်ကွင်းသို့ရောက်နေသည်။

“ကလေးတွေဆိုတော့…ငါ့သားလည်း စိတ်မကောင်းဖြစ်သွားပါ့မယ်… နောက်ကို ငါ့အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ဘယ်နေရာမှာမှ ဒီကောင့်ကိုမတွေ့ချင်ဘူး.. တွေ့ရင်လည်း… အရှင်မထားဘူးလို့ ပြောလိုက်..ပြီးရင်တော့….နည်းနည်းပါးပါးမှတ်လောက်အောင်ဆုံးမပြီး.ကောင်းကောင်းမွန်မွန်လေးပြန်ပို့ပေးလိုက်ပါကွာ..သဘောပေါက်လား”

“ဟုတ်ကဲ့”

ဗေဒါက ကောင်လေးနားသို့ ပြန်လျှောက်လာခဲ့လိုက်သည်။

ထို့နောက် အပြင်တွင် စောင့်နေကြသော အား‌ရှောင်၏ ကိုယ်ရံတော်များအား လှမ်းပြောလိုက်၏။

“လူထည့်လို့ရမယ့် အိတ်ကြီးကြီးတလုံးလောက် သွားရှာပေးကြပါလား”

ကကလှမ်း၏ အထူးအေးဂျင့်စပိုင်ငတိမှာ မျက်လုံးကြီးပြူးလျက်…ဗေဒါကိုကြည့်နေတော့သည်။

……………………………….

ညကိုးနာရီ။

ပြည်လမ်း၊ ခြံအမှတ်(၁) ရှေ့တွင် ဗင်ကားတစ်စီးလာရပ်သည်။

ကားပေါ်မှ အထုတ်တစ်ထုတ်ကို လမ်းမပေါ်သို့ ဘုတ်ခနဲ ပစ်ချသွား၏။

အထုတ်ကြီးသည် လှုပ်ရှားနေသည်။

ကားပြန်ထွက်သွားပြီးသည့်နောက် မီးပွိုင့်တွင် တာဝန်ကျပြီး ဆိုင်ကယ်ရှိရာသို့ ပြန်လာသော ယာဉ်ထိန်းရဲသည် ထိုအထုတ်ကြီးကို သတိထားမိသွား၏။

ခြံအမှတ်(၁)ကို ဘဲလ်သွားတီးကြည့်သည်။ မည်သူမျှ ထွက်မလာ။

ယာဉ်ထိန်းရဲက သူ့စကားပြောစက်ကို ထုတ်ကာ သတင်းပို့လိုက်၏။

ခဏအကြာ ရဲကားတစ်စီးရောက်လာသည်။

ရဲများက အထုတ်ကြီးနားသို့ သတိဖြင့်ကပ်သွားသည်။ အထဲမှ ညည်းသံလိုလိုလည်း ကြားရ၏။

ရဲသားတစ်ဉီးက အထုတ်တွင် ချည်ထားသော ကြိုးကို ဖြည်လိုက်၏။

အထုတ်ထဲတွင် မျက်နှာတစ်ခုလုံး ခြောက်ကပ်နေသော သွေးစေးများဖြင့် လူငယ်တစ်ယောက်။ မျက်လုံးများက ယခုမှ သေတွင်းမှ လွတ်လာသူလိုကြောင်စီစီဖြင့်။

သူ့ပါးစပ်ကိုလည်း အဝတ်စတစ်ခုဖြင့် စို့ထား၏။

ပါးစပ်မှ အဝတ်စကို ထုတ်ပေးလိုက်သောအခါ ပါးစပ်အတွင်းမှ ကျိုးကြေနေသော သွားများ၊သွေးများနှင့်အတူ တွန့်ကြေနေသော ကဒ်ပြားတစ်ခု ထွက်လာသည်။

နယ်ထိန်းခေါင်းဆောင်ရဲက နီယွန်မီးရောင်အောက်တွင် ကဒ်ပြားကို သေချာထောင်ကြည့်လိုက်သည်။

စစ်ထောက်လှမ်းရေးအဖွဲ့၏ သတင်းပေးဖြစ်ကြောင်း အသိအမှတ်ပြုကဒ်ပြား။ ဗိုလ်မှူးသန်းဝင်းလက်မှတ်နှင့်။

……………………………….

ထောက်လှမ်းရေးနှင့် လောမိသားစုကြားမှ အသံမထွက်သော စစ်ပွဲသည် တဖြည်းဖြည်းကြီးထွားလာမည်ဟု ဗေဒါက ယူဆသော်လည်း ထိုသို့မဟုတ်။

သမီးချင်းအလဲအလှယ်လုပ်သည့်ကိစ္စ၊ အိမ်တွင်းသူလျှိုဖမ်းမိသည့်ကိစ္စများတွင် နှစ်ဖက်လုံးမှ သတိကြီးကြီးဖြင့် ငြိမ်သွားကြ၏။

နောက်ခြေလှမ်းများအတွက် တစ်ဖက်နှင့်တစ်ဖက် သတိထားစောင့်ကြည့်နေကြခြင်းလည်းဖြစ်မည်။

ထိုအတောအတွင်း လောမိသားစု၏ လက်အောက်ခံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး ကုမ္ပဏီကိုပါ ဖျက်သိမ်းပစ်ခြင်းမျိုး လုပ်လာသည်။

တဖက်တွင်တော့ လောမိသားစုသည် နအဖအစိုးရအတွင်း စစ်ထောက်လှမ်းရေးအုပ်စုနှင့် အစေးမကပ်သော ဝန်ကြီးအဖွဲ့များ၊ တိုင်းမှူးများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကိုထူထောင်လာသည်။

အထူးသဖြင့် မကြာသေးမီက စစ်ထောက်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာသည့် လောမိသားစု၏ အထူးမိတ်ဆွေ ရမခစစ်တိုင်းမှူး ရှစ်လုံးကြီး နှင့် စီးပွားရေးအရပတ်သက်မှုများ ပိုများလာ၏။ ဗေဒါ၏ မိတ်ဆွေဟောင်း ဝန်ကြီးကလည်း စစ်ထောက်လှမ်းရေးနှင့်ပတ်သက်လာလျှင် လောမိသားစုဘက်မှ အခိုင်အမာရပ်တည်ထားသည်။

အပါကြီးကလည်း စစ်ထောက်လှမ်းရေးနှင့်ပတ်သက်ခဲ့ဖူးသည့် ဒေတာများ၊ လာဘ်ပေးလာဘ်ယူမှုများကို စနစ်တကျ စုဆောင်းပြီး သိုသိုသိပ်သိပ်ပြန်နေကြရန် အမိန့်ပေးထား၏။

စစ်ထောက်လှမ်းရေး၊ဌာနကြီးမှူးသမီးကို ပြန်ပေးဆွဲသည့်ကိစ္စဖြင့် ထိပ်တိုက်တွေ့ထားသည့် ဗေဒါကိုလည်း ရန်ကုန်တွင် မထားတော့ပဲ..ခြေရာဖျောက်သည့်သဘောဖြင့်.သစ်လုပ်ငန်းများရှိရာ နယ်များသို့ စေလွှတ်ရန် မစ္စတာလုက စီစဉ်ထားပြီးဖြစ်သည်။

စစ်ထောက်လှမ်းရေးနှင့် လောမိသားစုအကြား ငြိမ်သက်နေပုံက စားကျက်လုနေသော ကျားနှစ်ကောင်၊ တစ်ကောင်နှင့်တစ်ကောင် အပြီး ဇီဝိန်မချွေကြမီ..ဟာကွက်ကို ချောင်းနေကြသည့်အလား။

……………………………….

မစ္စတာလု အစီအစဉ်အတိုင်း ဗေဒါက နယ်သို့ နှစ်ရှည်ခရီးထွက်ရန် ပစ္စည်းများ စုဆောင်းနေရ၏။

ဂျာနူးကလည်း ဗေဒါလိုအပ်သည်များကို လိုက်လံရှာဖွေပေးသည်။

သိမ်ကြီးဈေးအတွင်း ငှက်ဖျားဆေးများ လိုအပ်သည်များကို လိုက်ရှာဝယ်ပြီး ပြန်အထွက် လူတစ်ယောက်ကို ဗေဒါ မထင်မှတ်ပဲ တွေ့လိုက်ရ၏။

ဂျာနူးလက်ထဲတွင် အထုတ်များကို ထည့်ခဲ့ကာ ထိုသူနောက်သို့ ဗေဒါပြေးလိုက်သွားသည်။

“ဟေ့ကောင်….ဧရာ”

အထုတ်ကြီးများကို တွန်းလှည်းဖြင့် တွန်းနေသော ဧရာက ဗေဒါ့ကို လှည့်ကြည့်လိုက်၏။

“မင်း..ခွေးသူတောင်းစား”

ဗေဒါက ဧရာ၏ မျက်နှာကို ဖြောင်းခနဲ ဖြတ်ရိုက်ချလိုက်၏။

‌လူကောင်ကြီးသော ဧရာ က အနည်းငယ်ယိုင်သွားပြီးနောက် လက်ဖြင့် ကာလိုက်သည်။

လူအများက သူတို့ကို ဝိုင်းကြည့်နေကြ၏။

“မင်း..လာခဲ့..လူယုတ်မာကောင်”

ဧရာက ဗေဒါ၏ ရင်ဘတ်ကို သူ့လက်ဖြင့် ဆတ်ခနဲ တွန်းထားလိုက်သည်။

“ခင်ဗျား..ဘာဖြစ်နေတာလဲ..ကိုဗေဒါ..ကျွန်တော် ဘာလုပ်လို့လဲ”

“မင်း…မေယုကြေးမုံကို..ဘာလုပ်လိုက်လဲ..ဟေ့ကောင်..မင်း..ခွပ်”

ဗေဒါက ဧရာကို နောက်တချက်ထိုးလိုက်၏။

“ဟေ့လူ..ခင်ဗျား တော်ပြီနော်”

“မင်း..ငါနဲ့လိုက်ခဲ့..လာ..မင်းနဲ့ငါ.ဒီနေ့.သူသေကိုယ်သေပဲ”

ထိုအချိန်တွင် ဗေဒါ၏ လက်ကို တစုံတယောက်က ဆွဲလိုက်၏။ ဂျာနူး။

“အကို..သတိထားပါဉီး..လူတွေအများကြီးကြားမှာ….ပြဿနာကို အဲ့ဒီလိုရှင်းလို့မရဘူး”

……………………………….

ဗေဒါက ကားတံခါးကို ဂျိုင်းခနဲနေအောင် ဆွဲပိတ်လိုက်၏။

ထို့နောက် ကားဒတ်ချ်ဘုတ်ထဲမှ ပစ္စတိုသေနတ်ကို မောင်းတင်လိုက်သည်။

အနောက်ခန်းတွင် ထိုင်နေသော ဧရာဘက်သို့ လှည့်ကာ နဖူးကို ချိန်လိုက်၏။

“မင်း.ပြော..မေယုကြေးမုံကို မင်းဘာလို့ ယုတ်မာတာလဲ”

“ကျွန်တော် ဘာယုတ်မာလို့လဲ..ကိုဗေဒါ”

“သူနဲ့ငါ စင်္ကာပူမှာတွေ့ခဲ့ပြီးပြီ…မင်းသူ့ကို ဘာလုပ်လိုက်တာလဲ..ပြောစမ်း..ဟေ့ကောင်”

ဧရာ ခေါင်းငိုက်စိုက်ကြသွားသည်။

“ဟုတ်တယ်..ကိုဗေဒါ..ကျွန်တော်သူ့ကို ရည်းစားစကားပြောလိုက်မိတယ်”

“ဟေ့ကောင်..မင်းသူ့ကို ဘာလုပ်လိုက်လဲလို့မေးနေတာ..ငါက”

ဧရာက ရုတ်တရတ် ဗေဒါ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး သေနတ်ပြောင်းနှင့် သူ့နဖူးကို တေ့လိုက်သည်။

“ဟေ့လူ..ကျုပ်က ဘာလုပ်ရမှာလဲဗျ..သူနဲ့ ကျုပ်…မောင်နှမ မတော်ဘူးဆိုတာ ကျုပ်အစောကြီးကတည်းက သိတယ်..ကျုပ်က ဉီးကြေးမုံနဲ့ အမေမြိုင်ရဲ့ မွေးစားသားပဲ..သူနဲ့ဘာမှမတော်ဘူး..ခင်ဗျားဘာသာ သူ့ကိုခေါ်လာ..အတင်းလာပတ်သက်တော့..ကျုပ် ကြိုက်မိတာဆန်းလား..ကျုပ်သူ့ကို ချစ်မိတာ ဆန်းလား… သွေးမတော်သားမစပ်တဲ့နှစ်ယောက်လေဗျာ..ပြီးတော့ ကျုပ်အပေါ် ဒီလောက်ကောင်းတဲ့ ကောင်မလေးမျိုး၊ ဒီလောက် ချစ်စရာကောင်းတဲ့ကောင်မလေးကို ကျုပ်ချစ်မိတာ..ဘာဖြစ်လဲ…ကျုပ်သူ့ကို ချစ်တယ်..ချစ်တဲ့ အကြောင်းပြောတယ်..သူလက်မခံဘူး..ငိုပြီး ပြေးဆင်းသွားတယ်..ဒီလောက်ပဲ…ကျုပ်က သူ့ကို ဘာလုပ်ရမှာလဲ..ခင်ဗျား ဒါမှ မကျေနပ်လည်း ပစ်လိုက်..အခုပစ်သတ်လိုက်”

ဧရာ၏ အသံက တုန်တုန်ရင်ရင်ဖြင့် ငိုသံပင်ပေါက်လာသည်။ လူမိုက်တစ်ယောက်အား ငိုသံစွက်သည်အထိ လွှမ်းမိုးနိုင်သည့်ခံစားမှု။

“အကို..သေနတ်ကြီး အောက်ချထားလိုက်ပါတော့”

ဂျာနူးက ဗေဒါ၏ လက်ထဲမှ သေနတ်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်းပြောလိုက်သည်။

“ကျွန်တော်သူ့ကို ချစ်တယ်…ကိုဗေဒါ…အဲ့ဒါကို သူသိအောင် ပြောမိလို့လည်း နောင်တရတယ်…အခုလည်း သူဖြစ်ချင်တဲ့အတိုင်း ကျွန်တော် ကောင်းရောင်းကောင်းဝယ်နဲ့ အသက်မွေးနေတာပါ…. ကျွန်တော် သူ့ကို လက်ဖျားနဲ့တောင်မတို့ခဲ့ပါဘူး…ချစ်ရုံလေးပဲ ချစ်ခဲ့တာပါဗျာ..အဲ့ဒီအကြောင်းလေးကိုလည်း ဝန်ခံမိရုံပါပဲ….အဲ့ဒါတောင် မရဘူးလား..အဲ့ဒီလောက်တောင် ကျွန်တော်က ပြောခွင့်..မရှိဘူးလား”

သူ့ရှေ့တွင် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျနေသော ဧရာကို ဗေဒါ တအံတဩကြည့်လိုက်မိတော့သည်။

ခက်ဇော်

အခန်း ၂၅ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>