ကွမ်းသီးဈေးကျနေ၍ သီးစားဝယ်သူများ အရှုံးပေါ်

0
2509

ကွမ်းသီးဈေးကျနေသည့်အတွက် သီးစားဝယ်သူများ အရှုံးပေါ်နေကြောင်း သီးစားဝယ်ယူသူအချို့နှင့် ကွမ်းသီးခြံရှင်အချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ကွမ်းသီးရာသီကုန်သည့် မတ်လဆန်းခန့်တွင် တစ်ပိဿာ ၆၂၀၀ ကျပ်ခန့်ရှိပေါက်ခဲ့သည်ဟု ကွမ်းသီးရောင်းသူနှင့် ကွမ်းသီးဝယ်သည့် ပွဲရုံအချို့က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးဈေးကောင်းရသဖြင့် ယခုနှစ်တွင်လည်း အနည်းဆုံးဈေး တစ်ပိဿာ ၅၀၀၀ ကျော် ၆၀၀၀ ဝန်းကျင်ခန့်ရမည်ဟု ခန့်မှန်းကာ သီးစားဝယ်ခဲ့သော်လည်း ယခုနှစ် ကွမ်းသီးဈေးမှာ တစ်ပိဿာကို ၄၃၀၀ ဝန်းကျင်ခန့်သာရသဖြင့် အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးရွာမှ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အမြတ်မကျန်တာမဟုတ်ဘူး၊ အလုပ်သမားခလည်းရှုံးတယ်၊ အမြတ်လည်းမရှိအောင်ကိုရှုံးတယ်၊ မနှစ်က ကုန်ဈေးနှုန်းထက်ပဲ အခုကုန်ဈေးနှုန်းတွေက ကြီးနေတာဆိုတော့ ကွမ်းသီးဈေးလည်း မနှစ်ကထက် များလိမ့်မယ်ဆိုထင်ပြီးဝယ်လိုက်တာ၊ အခုက မနှစ်ကထက် ထက်ဝက်ကွမ်းသီးဈေးက လျော့ကျသွားတယ်” ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ယခုနှစ်တွင် ၁၀ ဧကကျော်ရှိသည့် ကွမ်းသီးခြံကို သိန်း ၁၂၀ ဖြင့် သီးစားရောင်းလိုက်သော်လည်း သီးစားဝယ်သူက ကွမ်းသီးဈေးမရှိလို့ အရှုံးပေါ်သည်ဟု ဆိုသဖြင့် ငွေကျပ် ၁၈ သိန်းပြန်လျှော့ပေးရသည်ဟု တောင်ပျောက်တိုက်နယ် အလယ်ကုန်းရွာမှ ကွမ်းသီးခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝယ်စား(သီးစား)သမားတွေက အနည်းနဲ့အများက ရှုံးကြတယ်။ ဒါတောင် ကွမ်းသီးက အသီးများတယ်။ ထွက်နှုန်းက ကောင်းတယ်။ ကွမ်းသီးဈေးမရှိလို့၊ အလုပ်သမားစရိတ်ကလည်း ကြီးဆိုတော့” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ကွမ်းသီးတစ်လုံးအတွက် ကွမ်းသီးဆွတ်ခ၊ ခွဲခ၊ လှမ်းခ ထုတ်လုပ်စရိတ်မှာ ၄၅ ကျပ်ခန့်သာ ကုန်ကျစရိတ်ရှိသော်လည်း ယခုနှစ်တွင် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာနေသဖြင့် အလုပ်သမားခများပါ မြင့်တက်လာတာကြောင့် ထုတ်လုပ်စရိတ်မှာ ၆၀ ကျပ်ခန့်ရှိသည်ဟု ဆင်ကူးရွာက ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးက ပြောသည်။

ကွမ်းသီးခြောက်မှာ အရောင်းအဝယ်အေးနေပြီး နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားကို Export တင်ပို့ရန် ခက်ခဲနေသဖြင့် ဈေးကျလာခြင်းဖြစ်သည်ဟု ထားဝယ်မြို့မှ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။

“ရောင်းဈေးကွက်နည်းလို့၊ ကွမ်းသီးလည်း သီးများတယ်၊ Export မရှိဘူး၊ Export မရှိတာက ပေါ်လစီတွေနဲ့ပဲ ဆိုင်တယ်” ဟု ထားဝယ်မြို့မှ ကွမ်းသီးပွဲရုံလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးဈေးကောင်းရခဲ့ခြင်းမှာ ဈေးကွက်ရှိခြင်းနှင့် ကွမ်းသီးနည်း၍ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသအချို့မှ စစ်ဘေးရှောင်နေရသည့် ဒေသခံအချို့နှင့် နယ်မြေမအေးချမ်း မတည်ငြိမ်မှုကြောင့် ဥယာဉ်ခြံထဲ ကိုယ်တိုင်မသွားရဲသည့် ဒေသခံများမှာ ကွမ်းသီးခြံကို (တနှစ်စား)သီးစားရောင်းချမှု ပိုများလာသည်။

ကွမ်းသီး သီးစားဝယ်ယူမှုကို အရစ်ကျဖြင့် နှစ်ခါပေးချေရသည်လည်းရှိသလို သုံးခါခွဲ၍ ပေးချေရသည်လည်းရှိသည်။

ကွမ်းသီးဈေးမရှိသဖြင့် အမြတ်မကျန်သူများရှိသလို ထုတ်လုပ်မှုစရိတ်နှင့် အလုပ်သမားခရှုံးသည့် သူများလည်းရှိသည်ဟု ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံအချို့က ပြောသည်။