ပုလောတွင် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

0
2297

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် တောကြီးမြွေဟောက်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ပုလောမြို့နယ်၊မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြား ပြည်ထောင်စုလမ်းပေါ်တွင် မတ်လ ၁၄ ရက် ည ၇ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောကြီးမြွေဟောက်အဖွဲ့(King Cobra Force)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ပုလောဘက်မှဆင်းလာသည့် စစ်ယာဥ်တန်းကား ၈ စီးကို ပဒေသာမိုင်း ၁၁ လုံးဖြင့် မိုင်းဆွဲခဲ့ပြီး မိနစ်အနည်းငယ် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုင်းဆွဲမှုကြောင့် ကား ၃ စီးပျက်စီးပြီး စစ်ကောင်စီတပ်သားအချို့လည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျှင်တပ်ကို မင်းထိန်ရွာနင့် ပဝတ်ကုန်းရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်မှု ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး အရေအတွက် မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲသံကြားပြီးနောက် ရွာသားများ ထွက်ပြေးကြကြောင်း မင်းထိန်ကျေးရွာဒေသခံ တစ်ဦးကပြောသည်။

” ထမင်းစားပြီး ထိုင်ချကာရှိသေးတယ်။ တစ်ရွာလုံးပြေးရပြန်ပြီ။ မနေ့ နေ့လယ်ကလည်း တောထဲဝင်ပြေးခဲ့ရသေးတယ်”ဟု မင်းထိန်ဒေသခံအမျိုးသားက မနေ့ညကပြောသည်။

မတ်လ ၁၂ ရက်နေ့ကလည်း ပုလောမြို့နယ်၊ကဗျာရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးကျဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖက်မှလည်း ရဲဘော် ၅ ဦး ကျဆုံးသွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။