ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2528

ယခုအပတ် ရွှေဈေးမှာ တဖြည်းဖြည်းကျရိပ်ပြနေပြီး ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ဓာတ်ဆီဈေးမှာမူ အလှုပ်အခတ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိနေသည်၊

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ကျရိပ်ပြ ရွှေဈေး

ပြီးခဲသည့်တစ်ပတ်လုံးလုံး ငြိမ်နေသည့် အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း ကျရိပ်ပြလာသည်။

မတ်လ ၆ ရက် (တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင်ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက်ပိုင်း ဈေးကျလာခဲ့သည်။

သောကြာနေ့တွင်မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ် ဈေးပေါက်ခဲ့သည်။

ထိုကြောင့် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲ ဈေးကျလာသည်။

အလှုပ်နည်းသည့် ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင်မူ ပြားစွန်းသာ အပြောင်းအလဲရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၁၆ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်လီတာလျှင် ၇၀ ကျပ် အထိ ဈေးလှုပ်ခဲ့သည်။

ယခုအပတ်တွင် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၁၅ ကျပ် မှ ၂၂၈၅ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၅ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ကျရိပ်ပြနေသည့်ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်မည်ဟု ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာဖြင့် တက်ရိပ်နေသော်လည်း ပြည်တွင်းဈေးကွက်ဝယ်လိုအား နည်းနေသည့်အတွက် အကျဈေးဖြင့် ဆက်ရှိနေနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့ကလည်း ခန့်မှန်းထားသည်။

ပြီးခဲ့သည့် အပတ်က ရွှေတစ်အောင်စလျှင် ၁၈၅၅ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

ထိုကြောင့် လာမည့်အပတ်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈၂၀၀၀၀ ကျပ်ဈေးတန်းတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း ယခုအပတ်အတိုင်းပင် အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည်ဖြစ်သည်။

ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်း ပေါက်ဈေးရှိသည့် ငွေလဲနှုန်းသည် လာမည့်အပတ်တွင်လည်း ယင်းနှုန်းထားနှင့် မတိမ်းမယိမ်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ဓာတ်ဆီပေါက်ဈေးမှာ ငြိမ်သလောက်ဖြစ်နေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ် နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၅ ကျပ် ဈေးပေါက်နေပြီး အကျဘက်ရောက်နေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိဈေးအတိုင်း တစ်လီတာလျှင် ၂၂၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။