ကျွန်းစုတွင်တိုက်ပွဲ ဖြစ်ပွားထား၍ ပြည်သူများ ဂရုပြုသွားလာရန် ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
2352

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာတွင် မတ်လ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပျူစောထီးပူးပေါင်းပါဝင်သည့် စစ်ကောင်စီ(ရေတပ်)တို့ တိုက်ပွဲဖြစ်ပွားထား၍ ဒေသခံများဂရုပြုသွားလာကြရန်  ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရှိရသည်။

စစ်ကောင်စီတပ်က မတ်လ ၉ ရက်မွန်းလွဲ ၁၂ နာရီတွင် စစ်သင်္ဘောငယ် ၂ စီးနှင့် သားပေါက်လှေငယ်(သစ်သားလှေ) ၁ စီးဖြင့် ဘန္ဒနဲကျေးရွာအုပ်စု၊ သော်တောင်ငယ်ရွာနှင့် သံပြာရွာချောင်းရိုးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မှ ကြိုတင်စောင့်ဆိုင်းကာ စတင်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီပူးပေါင်းတပ်များအား တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတက်ဘက်မှ အထိအခိုက်ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ဘန္ဒနဲကျေးရွာအုပ်စု၊မြိုင်သာရွာနေ ခင်ချို ဆိုသူကိုလည်း ရှင်းလင်းခဲ့ကြောင်း ရေးသားထားသည်။

ခင်ချိုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သွားလာလှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်းများအား စစ်ကောင်စီသို့ပေးပို့ခြင်း၊ ဖုန်းဖြင့်သတင်းပေးခြင်း၊ ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ခြင်း စသည်များကို ပြုလုပ်နေကြောင်း၊ ယင်းသို့မလုပ်ရန် အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် မတ်လ ၅ ရက်နေ့ညတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရေးသားထားသည်။

ယင်းညက ခင်ချိုနှင့်အတူ အမျိုးသား ၂ ဦးလည်း အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ခန့်သာ အများဆုံးဖြစ်ပွားခဲ့ဖူးပြီး ယင်းဒေသအတွင်း တစ်ရွာနှင့်တစ်ရွာသွားလာရာတွင် ရေလမ်းကြောင်းကိုသာ အဓိကထား သွားလာကြရသည်။