ချင်းမိုင်က ၁၃ နှစ်အရွယ်မိန်းကလေးအဓမ္မပြုကျင့်ခံရမှုတွင် မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံရ

0
3108

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ချင်းမိုင်ခရိုင် ချန်းဖုအ်ရဲစခန်းက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။

ချင်းမိုင်ခရိုင် ဖန်းဒေသခံ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အဓမ္မပြုကျင့်ခံရသည်ဟု ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂ ရက်က လာရောက်တိုင်ချက်ဖွင့်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက် ည ၇ နာရီခန့်တွင် အမည်မသိလူနှစ်ဦးက ၎င်းကို ကားပေါ်သို့ အတင်းဆွဲခေါ်ခဲ့ပြီး ချင်းမိုင်မြို့ ပါတန်းရပ်ကွက်ရှိ မိုတယ်တစ်ခုသို့ ခေါ်သွားခဲ့ကာ အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်တန်းကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါမိန်းကလေးသည် စတိုးဆိုင်မှပြန်လာစဉ်တွင် အမည်မသိသော်လည်း ယခင်ကတွေ့ဖူးသည် ဦးလေးအရွယ် အမျိုးသားတစ်ဦးက ခေါ်ခဲ့သဖြင့် လူငါးဦး သောက်စားနေသောနေရာတွင် ၁၀ မိနစ်ခန့် စကားထိုင်ပြောခဲ့ကြောင်း Nation TV သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ယင်းနောက် နေထိုင်ရာအဆောင်သို့ ပြန်လာစဉ် အထက်ပါ ငါးဦးအနက် နှစ်ဦးမှာ နောက်က လိုက်ပါလာခဲ့ပြီး ဲ ကားထဲသို့ အတင်းဆွဲခေါ်ခံခဲ့ရကာ ခုခံသော်လည်းမရကြောင်း ရေးသားထားသည်။

ယင်းနောက် မိုတယ်တစ်ခုသို့ ခေါ်ဆောင်ခံရကာ နှစ်ကြိမ် အဓမ္မပြုကျင့်ခံရကြောင်း သတင်းတွင် ဖော်ပြသည်။

ထို့နောက် နေထိုင်ရာအဆောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ဘတ် ၁၀၀၀ ပေးခဲ့ပြီးနောက် ပြန်ထွက်သွားခဲ့ကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

မိန်းကလေးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် တိုင်ကြားသည့်နေ့ ညနေပိုင်းတွင် အသက် ၂၇နှစ်အရွယ် ကိုလမင်းအောင်နှင့် အသက် ၂၈နှစ်အရွယ် ကိုချိုင်းဝမ်းဆိုသူတို့ကို လုပ်ငန်းခွင်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဆက်လက်ရေးသားထားသည်။

၎င်းတို့နှင့်အတူ အမှုတွင် သက်သေဖြစ်သည့် ပစ်ကပ်ကားတစ်စီးနှင့် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို မှတ်တမ်း တင်ထားသော ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဗီဒီယိုဖိုင်ကိုမူ မဖြန့်ဝေရသေးကြောင်း သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားသော နေ့ရက်နှင့် အချိန်များအရ မြန်မာအလုပ်သမားများသည် အရက်မူးနေသည်ကိုတွေ့ရပြီး ရည်ရွယ်ချက်မရှိဘဲ ကျူးလွန်ခဲ့မိသည်ဟု ဝန်ခံထွက်ဆိုခဲ့ပြီးနောက် မိန်းကလေးငယ်ကို တောင်းပန်ခဲ့ကြောင်း ရဲစခန်းက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသက် ၁၅ နှစ်အောက် မိန်းကလေးကို အဓမ္မခေါ်ဆောင်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စသည်တို့ဖြင့် မြန်မာအလုပ်သမားနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။