တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2743

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ

တိုက်ပွဲကြိမ်ရေ ရှစ်ထောင်ကျော်လာ၊ အာဏာမသိမ်းခင် ၁၀နှစ်တာထက် နှစ်ဆများလာ

အာဏာသိမ်းကာလ ၂နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်ကျော်ရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။

အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂ဝရက်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၁၀၀ ကျော်ရှိလာကြောင်း ဖော်ပြသည်။

ယင်းပမာဏသည် အာဏာမသိမ်းမီ ၁၀နှစ်တာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်ထက် နှစ်ဆနီးပါးရှိလာ သည်ဟု ဆိုသည်။ အာဏာမသိမ်းမီ ၁၀နှစ်တာကာလအတွင်း တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်သာ ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၀ မှ ၂၀၂ဝအထိ အစိုးရနှစ်ရပ်အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင် ဖြေရှင်းရေးမှာ ပျက်သုဉ်းသွားပြီဟု ဆိုသည်။ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လက်နက်ကိုင်တော်လှန်မှုမှ လွဲ၍ အခြားရွေးစရာမရှိသည့် အခြေအနေသို့ ရောက်သွားသည်ဟုလည်း ISP က ဆိုသည်။

………………………………..

အာဏာသိမ်းကာလ သက်တမ်းခြောက်လထပ်တိုး

သာမန်မဟုတ်သည့်အခြေအနေတွင်ရှိနေဆဲဟုဆိုကာ အာဏာသိမ်းကာလကို နောက်ထပ်ခြောက်လ သက်တမ်းတိုးပြီး စစ်ကောင်စီကို တာဝန်ဆက်ပေးလိုက်သည်။

နိုင်ငံတော်သမ္မတဦဝင်းမြင့်ကို ဖမ်းဆီးထောင်ချပြီး ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မအဖြစ် စစ်တပ်က တင်မြှောက် ကာ အာဏာရယူထားပြီး သမ္မတသာ ခေါ်ခွင့်ရှိသည့် ကာလုံဟုခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတက ခေါ်ယူကျင်းပနေသည်။

ယင်းကာလုံမှာ တရားမဝင်ဟုလည်း ဝေဖန်မှုများစွာရှိခဲ့သည်။

အာဏာသိမ်းမှု ၂နှစ်ပြည့် ဇန်နဝါရီလ ၃၁ ရက်တွင် ကာလုံအစည်းအဝေးခေါ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒုသမ္မတ နောက်တစ်ဦးဖြစ်သည့် ဦးဟန်နရီဗန်ထီးယူ မတော်တဆ ချော်ကျထိခိုက်ပြီး ဆေးရုံတက်ရသဖြင့် ခွင့်ယူခဲ့သည်။

သမ္မတ ထောင်ချခံထားရပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းမရှိ၊ ဒုသမ္မတတစ်ဦးလည်း မရှိဘဲ ၁၁ ဦးပါ ကာလုံကို ၉ ဦးတည်းဖြင့် ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များကြောင့် နိုင်ငံသည် သာမန်မဟုတ်သည့် အခြေအနေတွင် ရှိနေသည်ဟု ကာလုံတွင် ဆုံးဖြတ်သည်။ ထို့ကြောင့် စစ်ကောင်စီခေါင်းဆောင် တောင်းဆိုချက်အရ အရေးပေါ်ကာလကာလကို ခြောက်လ သက်တမ်း တိုးပေးခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ တွင် အရေးပေါ်ကာလကို တစ်နှစ်ဟု သတ်မှတ်ပြီး ခြောက်လအထိ နှစ်ကြိမ် သက်တမ်းတိုးခွင့်ပေးထားရာ စုစုပေါင်း ၂နှစ်ဖြစ်သည်။ ယင်းနောက် အရေးပေါ်အမိန့်ကို ပြန်လည်ပယ်ဖျက်ပြီး စစ်ကောင်စီကို ဖျက်သိမ်းရမည့် အချိန်ဖြစ်သည်။

သို့သော် ၂ နှစ်ပြည့်ချိန်တွင်မူ ရွေးကောက်ပွဲလည်း မကျင်းပပေးနိုင်၊ အာဏာလည်း ပြန်မလွှဲဘဲ အာဏာသိမ်းကာလကိုသာ ဆက်တိုးခဲ့ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြှောက်အောင် မဆောင်ရွက်နိုင်လျှင် သာမန်အားဖြင့် ခြောက်လ သက်တမ်း နှစ်ကြိမ်တိုးပေးနိုင်သည်ဆိုသည့် ပုဒ်မ ၄၂၅ အရဟုဆိုကာ ကာလုံက သက်တမ်းတိုးပေးလာခြင်း ဖြစ်သည်။

သတ်မှတ်ကာလအတွင်း တာဝန်ကို ပြီးပြတ်အောင် လုပ်ဆောင်နိုင်စွမ်းမရှိသည့်သဘော တစ်နည်းအားဖြင့် ၂နှစ်အတွင်း မထိန်းချုပ်နိုင်၊ အာဏာသိမ်းမှု မအောင်မြင်သေးသည့် သဘောဖြစ်သည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ကမူ အရေးပေါ်အခြေအနေမှာ စစ်တပ်အာဏာသိမ်းမှု မရှိတော့ချိန်မှ ပြီးဆုံးမည်ဟု ပြောဆိုကြောင်း Myanmar Now သတင်းတွင် ဖော်ပြသည်။

သက်တမ်းတိုးပြီးနောက် စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့သလို စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း ဒုဝန်ကြီးချုပ် ငါးဦးအထိ ခန့်အပ်ခြင်း အပါအဝင် အပြောင်းအလဲအချို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

စစ်ကောင်စီဝင်အဖြစ် ပါဝင်လာသည့် အမတ်ဟောင်းလည်းဖြစ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်ကမူ ၎င်း သဘောမတူဘဲ အဖွဲ့ဝင်အဖြစ်ထည့်သွင်းထားခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

………………………………..

၂နှစ်တာအတွင်း အရပ်သားသေဆုံးထိခိုက်ပျက်စီးမှုအခြေအနေ

အာဏာသိမ်းကာလ ၂နှစ်တာအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူထိခိုက်မှုအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

အရပ်သားပြည်သူ သုံးထောင်နီးပါး (၂၈၉၄ဦး) သေဆုံးပြီး ယင်းအနက် ကလေးငယ် ၂၇၉ ဦးပါဝင်ပြီး အမျိုးသမီး ၄၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၇၀ ပါဝင်ကြောင်း ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှု ၆၅၄ ကြိမ်ရှိပြီး ပြည်သူ ၂၈၈ ဦး သေဆုံးကာ ၃၇၇ ဦး ဒဏ်ရာရကြောင်း ပါရှိသည်။

ပြည်သူ တစ်သန်းခွဲကျော် စစ်ဘေးရှောင်ဘဝရောက်ရှိကာ နေအိမ် ခြောက်သောင်းနှစ်ထောင် (၆၂၃၉၉လုံး) ကျော်နှင့် ဘာသာရေးအဆောက်အအုံ ၁၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိခိုက်နစ်နာခဲ့ရသူများ အားလုံးအတွက် ကျူးလွန်သူများကို ဥပဒေရှေ့မှောက်ပို့ဆောင်ပြီး တရားမျှတမှုရရှိစေရန် ကြိုးပမ်းသွားမည်ဟုလည်း NUG က ဆိုသည်။

………………………………..

၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

Photo – AFP

တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြင်းအထန်တိုက်ခိုက်နေရသည့် မြို့နယ်များထဲက မြို့နယ် ၃၇ ခုကို ဖေဖော်ဝါရီလ ၂ရက်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။

စစ်ကောင်စီသက်တမ်း ခြောက်လတိုးပြီးနောက် ပထမဆုံးလုပ်ဆောင်ချက်လည်းဖြစ်သည်။

စစ်ကိုင်းက ၁၁ မြို့နယ်၊ ချင်းက ၇မြို့နယ်၊ မကွေးနှင့် ပဲခူးတို့က ၅မြို့နယ်စီ၊ ကယားက ၄မြို့နယ်၊ တနင်္သာရီနှင့် ကရင်တို့က ၂မြို့နယ်စီ၊ မွန်က ၁မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်။

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို သက်ဆိုင်ရာစစ်တိုင်းမှူးများနှင့် ဒေသကွပ်ကဲရေးမှူးတို့ထံ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေး စစ်တိုင်းမှူးများနှင့် ဒေသကွက်ကဲရေးမှူးတို့၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။

ယင်းအပြင် တရားစီရင်မှုကို စစ်ခုံရုံးဖြင့်သာ စီရင်လာနိုင်ပြီး သေဒဏ်အပါအဝင် အမြင့်ဆုံးပြစ်ဒဏ်များကို ချခွင့်ပြုထားသလို အယူခံခွင့်ကိုလည်း ပိတ်ပင်ထားသည်။ စစ်အုပ်ရေးကြေညာပြီး နောက်တစ်ရက်တွင်ပင် ညပိုင်း သွားလာခွင့်၊ နေ့ပိုင်း လူငါးဦးထက် ပိုစုခွင့်တို့ကို ပိတ်ပင်တားမြစ်လာသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ တစ်နည်းအားဖြင့် စစ်ကောင်စီက ထိန်းချုပ်၍ မရနိုင်တော့သည့် နေရာများကို အသိပေးလိုက်ခြင်းဖြစ်သည်ဟု ထောက်ပြမှုများရှိသလို စစ်ရေးပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးကမူ စစ်အုပ်ချုပ်ရေးကြေညာသည့်နေရာများမှာ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရောက်နေသည့်နေရာများပြီး စစ်ကောင်စီတပ်က တပ်စခန်းထဲက အပြင်မထွက်ရဲသည့် နေရာများဖြစ်သူဟု ပြောဆိုထားသည်။

………………………………..

၂နှစ်ပြည့် သပိတ်တိုက်ပွဲ

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ရက်တွင် ပြည်တွင်းနှင့် ပြည်ပတို့၌ သပိတ်တိုက်ပွဲများဆင်နွှဲခဲ့ကြသည်။

ပြည်တွင်းတွင် နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြရာ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့များတွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်ခဲ့သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းဖြစ်သလို စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။

အသံတိတ်သပိတ်ကာလကျော်လွန်ချိန်တွင် ပြည်သူလူထုက လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်များနှင့် ပူးပေါင်း ဆန္ဒပြမှုများလည်း ရှိခဲ့ကြသည်။

ပြည်ပရောက် မြန်မာများကလည်း မြန်မာသံရုံများ၊ ကုလသမဂ္ဂရုံးများတွင် အလားတူ ဆန္ဒပြခဲ့ကြသည်။

အသံတိတ်ဆင်နွှဲနေစဉ် လမ်းတွင် လူသူကင်းမဲ့နေသည်ကို မှတ်တမ်းတင်သူ၊ သပိတ်အကြောင်း ရေးသားသူ စသည်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကို ထောက်ခံပွဲများလည်း တန်ပြန်လုပ်ဆောင်မှုများ ရှိခဲ့သည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဦးဆောင်ပြီး ဈေးရောင်းခြင်း၊ ကလေးများကို ကာကွယ်ဆေးထိုးခြင်း၊ ဖမ်းဆီးထားသည့် ကား၊ ဆိုင်ကယ်များကိုများ အသံတိတ်သပိတ်ဆင်နွှဲနေချိန် လာရွေးခိုင်းခြင်း စသဖြင့် လမ်းပေါ်သို့ လူထွက်လောအောင်လည်း လုပ်ဆောင်မှုများလည်း ရှိခဲ့သည်။ 

………………………………..

နိုဘယ်ဆုစကာတင်စာရင်းတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်လာ

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု စကာတင်စာရင်းတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ပါဝင်လာသည်။

နော်ဝေနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Peace Research Institute Oslo (PRIO) က ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဖေဖော်ဝါရီလ ၁ရက် ထုတ်ပြန်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ငါးခု စကာတင်စာရင်းတွင် ယင်းသို့ ပါဝင်လာခြင်း ဖြစ်သည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် လက်သုံးချောင်းထောင် အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပြီး NUG အစိုးရကို ကိုယ်စားပြုခဲ့သည်။

ယင်းကြောင့် စစ်ကောင်စီက ရာထူးက ထုတ်ပယ်ခဲ့သော်လည်း ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့် ရထားဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် NUCC သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေသည့် ကောင်စီဖြစ်ပြီး CRPH ၊ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ ပါတီများ စသည်တို့ ပါဝင်သည်။

စကာတင်စာရင်းတွင် လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ တို့ ပါဝင်ပြီး ဆုရသူကို နိုဝင်ဘာလတွင် ကြေညာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ငြိမ်းချမ်းရေးနိုဘယ်ဆု စကာတင်စာရင်းတွင် မြန်မာနိုင်ငံက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့သည်။

………………………………..

စစ်ကောင်စီနှင့် ဆက်နွှယ်သူများကို ပိတ်ဆို့ဒဏ်ခတ်မှုအသစ်များ ထပ်ချ

စစ်ကောင်စီကို သက်တမ်းခြောက်လမတိုးမီ ဇန်နဝါရီလ ၃၁ ရက်က အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်သည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့ပူးပေါင်းကာ အရေးယူခဲ့ကြသည်။

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ဝန်ကြီးဌာနနှင့် မြန်မာ့လေတပ်တို့မှာ အကြီးတန်း ခေါင်းဆောင် များ၊ လက်နက်ကုန်သည်တစ်ဦးနှင့် ယခင်အရေးယူထားပြီးဖြစ်သည့် စစ်တပ်နှင့် စီးပွားဆက်စပ်လျက်ရှိသူတစ်ဦး၏ မိသားစုဝင်တစ်ဦးတို့အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနှင့် အဖွဲ့အစည်းသုံးခုကို အရေးယူခြင်းဖြစ်သည်။

အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းများ ဖော်ဆောင်ရန်နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် အားထုတ် ကြိုးပမ်းမှုများနှင့် ဆက်နွှယ်သဖြင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူသွားမည်ဟု ဖော်ပြသည်။

ဩစတြေးလျကလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်တပ်နှင့်ဆက်နွှယ်သူ ၁၆ ဦးနှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

EU ဥရောပသမဂ္ဂကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှု မလုပ်ရန် အပါအဝင် ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်ရန်၊ ပြည်သူများကို အ‌ရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန် အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ကနေဒါ၊ ဩစတြေးလျအပါအဝင် နိုင်ငံ ၂၂ နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်တို့ စုပေါင်းလက်မှတ်ရေးထိုးကာ နိုင်ငံတကာအသိုင်းဝိုင်းသို့ တောင်းဆိုထားသေးသည်။

………………………………..

မြန်မာဒုက္ခသည်များ အိန္ဒိယတွင် ဖမ်းဆီးခံရ

မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်က ကျေးရွာအချို့သို့ ထွက်ပြေးခိုလုံနေသည့် မြန်မာဒုက္ခသည် ၁၃၀ ကျော်ကို မဏိပူရ် ကွန်မဒိုများနှင့် ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၇ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးခဲ့ကြောင်း The Time of India သတင်းဌာနက ဖော်ပြသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့က ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များဖြစ်ကြသည်ဟု ဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်တွင် ၈၀ ကျော် ဖမ်းဆီးခံရပြီး ဇန်နဝါရီလ ၃၀ ရက်တွင် နောက်ထပ် ၅၀ ကျော် ထပ်မံဖမ်းဆီး ခံခဲ့ရသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၁၈နှစ်မပြည့်သေးသည့် ကလေးများ ပါဝင်သလို သက်ကြီးရွယ်အိုအချို့လည်း ပါဝင်သည်ဟု ဆိုသည်။ အဖမ်းဆီးများကြောင့် တိမ်းရှောင်နေရသူများလည်း ရှိကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

စစ်ဘေးကြောင့် တိမ်းရှောင်လာကြသူများကို အရေးယူမှုများ မလုပ်ကြဘဲ လွှတ်ပေးကြရန် တောင်းဆိုမှုများလည်း ရှိနေသည်။

………………………………..