ရေးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ပြတ်တောက်ဒဏ်ရာရ

0
2579

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးကလွဲရွာ ကြိုးတံတားချောင်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၀ နာရီခန့်က အသက် ၆၀ ဝန်းကျင်ရှိ နိုင်ကိုးမိုင်ဆိုသူက ကြိုးတံတားချောင်းအနီး ၎င်း၏ဥယျာဉ်ခြံတွင် ရေပိုက်လာပြင်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဖက်ခြေထောက် ပြတ်တောက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“နိုင်ကိုးမိုင်က သူ့ခြံမှာ ရေပိုက်လာပြင်ရင်းနဲ့ မိုင်းနင်းမိတာ။ ခြေထောက်ထိသွားလို့ ဆေးရုံတင်ထားရတယ်လို့ ပြောတယ်။ ဒီနယ်ဘက်မှာ မိုင်းနင်းမိတာတော့ မကြားဖူးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ကိုးမိုင်ကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံမှတစ်ဆင့် မော်လမြိုင်မြို့ ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေကြောင်း လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

မြေမြှုပ်မိုင်းနင်းမိသည့် နေရာအနီးရှိ ကြိုးတံတားချောင်းအနီးတွင် စစ်ကောင်စီတပ် စခန်းချထားပြီး တော်လှန်ရေးအဖွဲ့တို့က မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။