လောင်းလုံး တောကျဲရွာအနီးပေါက်ကွဲမှုဖြစ်၊ မြို့ပေါ်တွင် စစ်ဆေးတင်းကြပ်

0
2754

လောင်းလုံးမြို့နယ် တောကျဲကျေးရွာနှင့် သပြေရှောင်ကျေးရွာအုပ်စု ရဘဲအင်းကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

နံနက် ၈ နာရီကျော်တွင် လက်နက်ကြီးပစ်ခတ်သံ သို့မဟုတ် မိုင်းပေါက်ကွဲသံဟု ယူဆရသည့် ပေါက်ကွဲသံ သုံးချက် ကြားရကြောင်း ၎င်းတို့က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးပေ။

ဒေသခံအချို့ကမူ သပြေရှောင်ကျေးရွာအထိ ရေကြောင်းကနေလာပြီး ယင်းမှတစ်ဆင့် တောကျဲရွာကို ကုန်းကြောင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။

“ပေါက်ကွဲမှုဖြစ်တာတော့ သေချာတယ်။ နောက်ဆက်တွဲတော့ ဘာမှမကြားရသေးဘူး။ ရွာထဲမှာ အဖမ်းခံရတာလည်း မရှိဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ဘာဖြစ်တယ်ဆိုတာကိုလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ပေါက်ကွဲမှုဖြစ်ပေါ်နေချိန် လောင်းလုံးမြို့ ရဲစခန်းအရှေ့တွင်မူ ခရီးသည်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“စစ်တာကတော့ တော်တော်စစ်တယ်။ ဆိုင်ကယ်၊ ကား အကုန်စစ်တယ်။ ဒီနေ့မှ ထစစ်တာ။ အရင်နေ့တွေက မစစ်ဘူး။ မနက်ဖြန် အသံတိတ်သပိတ်ရှိလို့ စစ်နေတာလားတော့ မပြောတတ်ဘူး” ဟု ကိုယ်တိုင်အစစ်ခံရသည့် ခရီးသည်တစ်ဦးက ပြောဆိုသည်။

အာဏာသိမ်း ၂ နှစ် တင်းတင်းပြည့်သည့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် အသံတိတ်သပိတ်ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများဘက်က နှိုးဆော်ထားသည်။

ယင်းနေ့ မတိုင်ခင် တနင်္သာရီတိုင်းရှိ မြို့အချို့တွင် ပုံမှန်မဟုတ်သည့် လုံခြုံရေးချထားပြီး စစ်ဆေးတင်းကျပ်နေသည်။