အိမ်ပြန်ခွင့်ရရေး အစာငတ်ခံဆန္ဒပြနေရသည့် မြန်မာများ

0
2966

မြန်မာ ၇၀၀ ကျော် နေရပ်ပြန်ခွင့်ရရန်အတွက် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လဝကစခန်းထဲတွင် အစာအငတ်ခံ ဆန္ဒပြတောင်းဆိုမှု နှစ်ရက်မြောက်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ယင်းသို့ထိန်းသိမ်းခံရရာတွင် လူ ၅၀ ဝန်းကျင်ဆံ့သည့်အခန်းထဲ လူရာချီ ပြွတ်သိပ်ထိုးနေနေရပြီး အနေဆင်းရဲသလို အစားဆင်းရဲဒဏ်လည်း ခံနေကြရသည်။ ကျန်းမာရေးဒုက္ခများနှင့်လည်း ကြုံနေရသေးသည်။

ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အချိန်ရှစ်လခန့်အထိနေကြရပြီး ငွေပေးနိုင်မှ ပြန်ပို့ခံရမည့် အမည်စာရင်းတွင် ပါမည်ဖြစ်ရာ အိမ်ပြန်ခရီးအလှမ်းဝေးနေသည်။

ထို့ကြောင့် မြန်မာများ ဆန္ဒပြတောင်းဆိုမှုပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာဘက်က တာဝန်ရှိသူများကို ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

ယင်းသို့အခက်အခဲများကို မြန်မာနိုင်ငံသားများ မည်သည့်အကြောင်းအရင်းကြောင့် ခါးစည်းခံနေကြရသနည်း။

လဝက စခန်းထဲကဒုက္ခ

လဝကရုံး အပေါ်ဆုံးထပ်တွင်ရှိသည့် ထိန်းသိမ်းရေးစခန်းထဲတွင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကနေ ၈၀၀ ဝန်းကျင် အထိရှိနိုင်သည်ဟု ယင်းစခန်းတွင် ထိန်းသိမ်းခံထားရသူတို့က ပြောဆိုကြသည်။

လွတ်ရက်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်မပို့ခင် ယာယီထားသည့် ယင်းစခန်းတွင် အချိန် ၇ လ၊ ၈ လအထိ ဒုက္ခကြီးစွာဖြင့် နေထိုင်နေရသူများစွာလည်း ရှိနေသည်။

ယင်းထဲတွင် အသက် ၅၀ ကျော် ၆၀ နီးပါးအရွယ် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နောက်ထပ် အမျိုးသမီး များစွာရှိနေသလို ကျန်းမာရေးမကောင်းသူများလည်း ရှိနေကြောင်း ထိန်းသိမ်းခံထားရသူများက ဆိုသည်။

လူဦးရေ ၅၀ ခန့်သာ ဆံ့နိုင်သော အခန်းတစ်ခန်းတွင် မြန်မာနိုင်ငံသား ၁၄၀ ခန့် နေထိုင်ခဲ့ရကြောင်း ယင်းစခန်းတွင် ထိန်းသိမ်းခံထားရသည့် ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

လူများ၍ ပြွတ်သိပ်ထိုးနေသဖြင့် အိပ်လျှင်ပင် တစ်ဖွဲ့ထထိုင်မှ တစ်ဖွဲ့အိပ်ခွင့်ရပြီး အပုံပုံအထပ်ထပ် အိပ်ရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။

“အခန်းတွေမှာ လူများလို့ အိပ်လို့မရဘူး။ လှဲချလို့မရဘူး။ သူနိုးရင် ကိုယ်အိပ်။ ဒီလိုပဲသွားနေကြရတယ်” ဟု ၎င်းက အနေဆင်းရဲ ကြုံရမှုကို ရှင်းပြသည်။

နောက်ထပ် ထိန်းသိမ်းခံ မြန်မာအမျိုးသမီးတစ်ဦးကလည်း “အခန်းထဲမှာဆိုရင် ကျပ်နေတာပေါ့။ လူတွေ ပြွတ်သိပ် နေတာ။ ငါတို့အိပ်ဖို့ နေဖို့စားဖို့က လုံးဝအဆင်မပြေဘူး။ ဒါလူ့အခွင့်အရေးချိုးဖောက်တာ” ဟု ပြောသည်။

အနေဆင်းရဲသည့်အပြင် အစားကလည်း ဆင်းရဲပြန်သေးသည်။

“ကြက်သားဖက်က လက်တစ်ဆစ်လောက်ပဲရှိတယ်။ ထမင်းကလည်း အထုပ်သေးသေးလေးပဲ။ သူတို့အိမ်မှာ မွေးထားတဲ့ ခွေးသာသာပဲရှိတယ်” ဟု ထိန်းသိမ်းရေးစခန်းထဲက နောက်ထပ် မြန်မာအမျိုးသားတစ်ဦးက ပြောသည်။

ကျွေးမွေးသည့် အစားအသောက်မှာ ကျန်းမာသန်စွမ်းသူများအတွက်ပင် အဆင်မပြေရာ အသက်ကြီးပိုင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကျန်းမာရေးမကောင်းသူများအတွက်ဆိုလျှင် ပို၍ အစားဆင်းရဲကြီးလှသည်။

“သူတို့ ထားထားတဲ့ပုံနဲ့ ကျွေးထားတဲ့ပုံနဲ့ ကျွန်မတို့ မခံစားနိုင်ဘူးလေ။ မြန်မာတွေကလည်း သူတို့ကျွေးတဲ့ဟာတွေ စားတာ စားလို့လည်းမရဘူးလေ။ ဒီမှာအသက်ကြီးပိုင်းတွေရှိတယ်။ ဗိုက်ကြီးသည်တွေရှိတယ်” ဟု အထက်တွင် ဖော်ပြခဲ့သည့် အမျိုးသမီးက ပြောဆိုသည်။

ယင်းအပြင် ကျန်းမာရေးမကောင်းသူများမှာလည်း ဆေးကုခွင့် မရကြပေ။

လေဖြတ်ထားသည့် လူနာများပင်လျှင် ဆေးကုသခွင့်မရဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြသလို လူအများ စုပြုံနေသဖြင့် အရေပြားရောဂါ ဝဲစွဲနာများကြောင့် အပုပ်နံ့ထွက်နေသူများစွာလည်း ရှိနေသည်ဟုဆိုသည်။

အမျိုးသမီးများဆိုလျှင် လစဉ်သုံးပစ္စည်းများ မရရှိကြသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ချိုးရေကိုပင် ပုံမှန်မရကြကြောင်း ပြောဆိုကြသည်။

ယင်းသို့ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေကြရသော်လည်း မြန်မာနိုင်ငံသို့ ပြန်ခွင့်မရကြပေ။

“ကျွန်တော်တို့က ထောင်ကျပြီးသား။ အပြစ်ဒဏ်ခံယူပြီးသားတွေလေ။ တရားရုံးလည်းတက်ပြီးလို့ ပြန်လည်း လွှတ်ပေးလိုက်ပြီ။ နေရပ်ပြန်ဖို့ ရနောင်းအချုပ်ကို ရောက်တယ်။ ရက်ပြည့်တာနဲ့ လွှတ်ရဖို့။ အခုက ရက်ပြည့်လည်း မလွှတ်ဘူး” ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံက ဆိုသည်။

ထိုင်းကြောင့်လော၊ မြန်မာကြောင့်လော

ထိန်းသိမ်းရေးစခန်းထဲက မြန်မာများကို ထိုင်းနိုင်ငံဘက်က ပြန်ပို့ပေးနိုင်သော်လည်း မြန်မာနိုင်ငံဘက်က လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံနေသဖြင့် စခန်းထဲတွင် မြန်မာများ စုပြုံနေခြင်းဖြစ်သည်ဟု ထောက်ပြမှုများရှိသည်။

ထိုင်းနိုင်ငံဘက်က လွှဲပြောင်းသူများကို မြန်မာဘက်က တစ်လလျှင် နှစ်ကြိမ်နှုန်း တစ်ကြိမ်လျှင် တစ်ရာကျော်ဖြင့် လက်ခံနေသည်။

သို့သော် ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာများ ဖမ်းဆီးခံရမှု နေတိုင်း ဆယ်ချီ၊ ရာချီရှိနေသလို တရားမဝင် နေထိုင်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူလည်းများနေသည်။ ၎င်းတို့မှာ ပြစ်ဒဏ်ကျခံပြီးလျှင် လဝက ထိန်းသိမ်းရေးစခန်းထဲ ရောက်လာသည်။

ထို့အချိန်တွင် မြန်မာဘက်က လက်ခံသည့်ပမာဏမှာ နည်းနေခြင်းဖြစ်သည်။

မြန်မာဘက်က အကန့်အသတ်ဖြင့် လက်ခံနေသဖြင့် ယခုကဲ့သို့ပြဿနာများ ကြုံနေရခြင်းဖြစ်ကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) မှ တာဝန်ရှိသူ ကိုသားကျော်က ထောက်ပြသည်။

SAFWA သည် ရနောင်းမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေကာ ပြစ်ဒဏ်ကျခံ ပြီးနောက် မြန်မာနိုင်ငံသားကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရေးတွင် ပါဝင်ကူညီပေးသည့်အဖွဲ့လည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်ဝန်းကျင်ကဆိုလျှင် လဝက စခန်းတွင် ထားရန်နေရာမရှိတော့သဖြင့် ရဲစခန်းမှာပင်ထားခဲ့ရရာ ယင်းအချိန်က တစ်ရက်ကို လူတစ်ထောင်အထိ မြန်မာဘက်က လက်ခံခဲ့သော်လည်း လက်ရှိတွင် လက်မခံခြင်းကို ၎င်းက မေးခွန်းထုတ် သည်။

“ကော့သောင်းဘက်က လက်မခံလို့ အခုလို ဖြစ်နေတာ။ မြန်မာဘက်က လက်ခံပေးရုံပဲ။ Q (ကွာရင်တင်း) ဝင်ဖို့လည်း ကိုယ့်စရိတ်နဲ့ပဲ၊ စားတာလည်း ကိုယ့်စရိတ်နဲ့ပဲ စားမယ်လို့တောင်းဆိုတာပဲ။ ကိုယ့်နိုင်ငံသားတွေကို တမင်သက်သက် ဒုက္ခဖြစ်အောင်ထားထားသလို ဖြစ်နေတာ” ဟု ကိုသားကျော်က ပြောဆိုသည်။

ထိုင်းအာဏာပိုင်များကို မေးမြန်းရာတွင်လည်း မြန်မာဘက်က လက်မခံသဖြင့် ပြန်မပို့ပေးနိုင်သည်ဟု ပြောဆိုရာ မြန်မာဘက်တွင်သာ အဓိက တာဝန်ရှိကြောင်း ထိန်းသိမ်းခံမြန်မာများက ဝေဖန်ကြသည်။

“ဘာလို့မြန်မာနိုင်ငံဘက်က မခေါ်နိုင်တာလဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံသား မဟုတ်ဘူးလား။ နိုင်ငံခြားသားလည်း မဟုတ်ဘူး။ မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေ။ ခေါ်ဖို့အဆင်မပြေလို့လား။ ကျွန်တော်တို့က မြန်မာပြည် ပြန်မယ်လေ။ ထိုင်းဘက်က လာထုတ်ပေးရင်ရပြီ။ ကျွန်တော်တို့ပိုက်ဆံနဲ့ ကျွန်တော်တို့ ပြန်မယ်လေ” ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းအခြေအနေတွင် ပြန်ခွင့်ရလိုသူများမှာ ငွေကြေးပေးဆောင်နေရသည်။

ငွေပေးနိုင်မှ အိမ်ပြန်ရမည်

မြန်မာနိုင်ငံသို့ ပြန်ပို့မည့် အမည်စာရင်းတွင်ပါနိုင်ရန်အတွက် ဘတ် တစ်သောင်းဝန်းကျင်အထိ ပေးနေရသည်ဟု ဆိုသည်။

မြန်မာပွဲစားထံမှ ထိုင်းရဲတပ်ဖွဲ့၊ လဝကတို့သို့ ပေးဆောင်ခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ ငွေကြေးပေးမှသာလျှင် ဦးစားပေး ပို့ပေးခံရကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။

“ကျွန်မတို့မှာက ပိုက်ဆံမတတ်နိုင်တဲ့အတွက် ငုတ်တုတ်မေ့နေရတယ်” ဟု ထိန်းသိမ်းခံမြန်မာတစ်ဦးက ပြောဆိုသည်။

ကော့သောင်းမြို့နယ် လဝက ရုံးက တာဝန်ရှိသူတစ်ဦးကလည်း “(ထိုင်း) သူတို့ဆီက ပုလိပ်ကို ထွက်ချင်တဲ့သူတွေက ပွဲစားနဲ့ ချိတ်ကြတယ်။ ပွဲစားကို သူတောင်းတဲ့ ဈေးပေးရတယ်။ ပွဲစားကနေမှ ဒီလူက ထွက်ချင်တယ်။ ဘယ်လောက် ပေးမယ်ဆိုပြီး ပုလိပ်ကို ပြောတော့ သူတို့ကထုတ်ပေးလိုက်ရော” ဟုပြောသည်

သို့သော် ပြန်လည်လွတ်မြောက်ရန်အတွက် မြန်မာလဝကကိုမူ ငွေကြေးရခြင်းမျိုးမရှိသည်ဟု ၎င်းက ဆိုသည်။

ယင်းသို့အခြေအနေတွင် ထိန်းသိမ်းခံမြန်မာများမှာ ဆန္ဒပြတောင်းဆိုသည့် လမ်းကြောင်းကို ရွေးလိုက်ကြသည်။

ဇန်နဝါရီလ ၂၈ ရက်တွင် စတင်ဆန္ဒပြကြပြီး ယနေ့တွင်လည်း ဆက်လက်ပြနေကြသလို တောင်းဆိုချက် ဆက်လက်လည်း ပြကြဦးမည်ဟု ဆိုသည်။

အစာငတ်ခံပြကြပြီ

ထိန်းသိမ်းရေးစခန်း ဝင်ပေါက် တံခါးမကြီးကို မြန်မာများက အတွင်းကနေ ပိတ်ထားကြသည်။ တံခါးမပိတ်လျှင် ဆန္ဒပြမှုကို ဖြိုခွဲခံရမည်စိုးရိမ်သောကြောင့် ဖြစ်သည်။ ယင်းသို့ ပိတ်ထားသဖြင့် အစားအသောက်များ ပို့၍ မရတော့ရာ အစာငတ်နေကြခြင်းဖြစ်သည်။

“သူတို့ပေးတဲ့ထမင်းကို ယူမယ်ဆိုရင် တံခါးဖွင့်ပေးရမယ်။ သူတို့အကွက်ထဲ ဝင်သွားလိမ့်မယ်။ အောက်မှာ စစ်သားတွေ ၅၀ လောက်ရှိနေတယ်။ ဖွင့်လိုက်တာနဲ့ စစ်သားတွေက မီးခိုးဗုံးပစ်ပြီး ဝင်ဖို့ အဆင်သင့်အောက်မှာ စောင့်နေကြတယ်။ ယုံကြည်ရတဲ့အဖွဲ့အစည်းတွေလာမှ ထမင်းယူမယ်။ ဆွေးနွေးမယ်။ ၇ ရက်အထက်ဆို ဘယ်သူမှ (အစာငတ်) ခံနိုင်မှာမဟုတ်ဘူး။ သေကုန်လိမ့်မယ်” ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံက အခြေအနေကို ရှင်းပြသည်။

ထို့ကြောင့် မြန်မာသံရုံး၊ သံအရာရှိများ၊ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် သတင်းဌာနများအနေဖြင့် အတတ်နိုင်ဆုံး အမြန်ဆုံး လာရောက်ကူညီပေးကြရန် ၎င်းက တောင်းဆိုသည်။

“အမြန်ဆုံးလာရောက်ပေးကြပါ။ အစာရေစာ ပြတ်နေလို့ပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရနောင်းအခြေစို မြန်မာအလုပ်သမား သံအရာရှိကို ယခုကိစ္စနှင့်ပတ်သက် ဇန်နဝါရီလ ၂၈ရက်တွင် Dawei Watch က ဆက်သွယ်မေးမြန်းရာ အောက်ပါတိုင်း ဖြေကြားသည်။

“အဲဒီကိစ္စတွေက ကျွန်တော်က မီဒီယာကို မချပြချင်သေးဘူး။ လိုအပ်လို့ရှိရင်တော့ ကျွန်တော်တို့သံရုံး Page ကနေပဲ ဒီသတင်းတွေကို ပြောမယ်လေနော်။ အခုလောလောဆယ် ဘာတွေဆောင်ရွက်နေတယ်တော့ ပြောဖို့တော့ ဆန္ဒမရှိသေးဘူးဗျ” ဟု ဖြေကြားသည်။

သို့သော် ယနေ့ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းအထိ သံရုံးဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။

သံရုံးဘက်က ဆက်သွယ်ခြင်းမျိုး မရှိသေးဟုလည်း ထိန်းသိမ်းခံမြန်မာများက ဆိုသည်။

ယခုဆန္ဒပြတောင်းဆိုမှုမှာ မြန်မာနိုင်ငံက တာဝန်ရှိသူများကို အဓိက ဦးတည်ပြနေခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံ မြန်မာများက ပြောသည်။

“မြန်မာဘက်က လာကယ်ဖို့လိုတယ်။ ဆန္ဒပြရတဲ့အကြောင်းအရင်းကလည်း ထိုင်းကိုပြတယ်ဆိုတာထက် မြန်မာသံရုံးကိုပြတာ။ အဓိက Main ပဲ” ဟု ထိန်းသိမ်းခံမြန်မာတစ်ဦးက ပြောသည်။

ရနောင်းထိန်းသိမ်းရေးစခန်းတွင် နေရပ်ပြန်ခွင့်ရရန် မြန်မာဆန္ဒပြမှုမှာ ယခင် ကိုဗစ်ကပ်ဘေးကာလတွင်လည်း ရှိခဲ့သလို ယခုဖြစ်ရပ်မှာလည်း နောက်ဆုံးဖြစ်ရန် မသေချာလှသေးပေ။

အာဏာသိမ်းပြီးနောက်တွင် အထွေထွေအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံများသို့ မြန်မာများစွာ သွားရောက် လုပ်ကိုင်နေကြသည်။ ယင်းသို့ သွားကြရာတွင် ထိုင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရမှု နေ့စဉ်ရှိနေခြင်းကြောင့် ဖြစ်သည်။

လက်ရှိ ရနောင်းထိန်းသိမ်းရေးစခန်းထဲက မြန်မာများကမူ အစာအငတ်ခံနိုင်သည်အထိ မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရေး တောင်းဆိုချက် မရမချင်း ဆန္ဒပြမည်ဟု ဆိုသည်။

“ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်။ ရေရှိနေရင် ၇ ရက်လုံးပြမယ်။ သေချင်သေပါစေ။ အသေခံ လိုက်မယ်။ သူတို့နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်ဘူး။ နည်းနည်းလေးကျွေး မသေအောင်ထားတာကို မခံစားနိုင်ဘူး။ ကျွန်တော်တို့က လူ။ လူ့အခွင့်အရေးဆိုတာရှိတယ်”