ကမ္ဘာ့စံချိန်လုပ်ခလစာပေးပြီး ခေါ်ယူထားသည့် စီရော်နယ်ဒို ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အချို့ လွဲမည်

0
2986
Photo - The Mirror

ဆော်ဒီအာရေဗျ အယ်လ်နတ်စ်ဆာအသင်း၏အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အတွက် အသင်း၏ပွဲစဉ်တချို့ကို ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဘဲ လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

အယ်နတ်စ်ဆာသည် စီရော်နယ်ဒိုကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြစ်သည့် တစ်နှစ်လုပ်ခ ပေါင်သန်း ၁၇၀ ပေး၍ခေါ်ယူထားခြင်းဖြစ်ပြီး အကယ်၍ စီရော်နယ်ဒိုကို ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားပေးရမည်ဆိုပါက စီရော်နယ်ဒို၏ပုံရိပ်မှတစ်ဆင့် ရှာဖွေရရှိနိုင်မည့် ငွေကြေးပမာဏ အချို့အဝက်ကို အယ်လ်နတ်စ်ဆာက ဆုံးရှုံးရတော့မည်ဖြစ်သည်။

စီရော်နယ်ဒိုသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကြီး ပွဲစဉ်နှစ်ခု ပါဝင်ကစားပေးခဲ့ပြီးဖြစ်ကာ ယင်းပွဲစဉ် နှစ်ပွဲတွင် စီရော်နယ်ဒိုက ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာ ရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရလျက်ရှိသည်။

စီရော်နယ်ဒိုသည် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်း၏အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပီအက်စ်ဂျီက ငါးဂိုး လေးဂိုးဖြင့် အနိုင်ရသွားခဲ့သော ယင်းပွဲစဉ်တွင် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းအတွက် စီရော်နယ်ဒိုက ဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့သည်။

လတ်တလော ဆေးစစ်ချက်အဖြေများအရ စီရော်နယ်ဒိုသည် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်းကိုသာ အဖြေထုတ်နိုင်ဆဲဖြစ်ပြီး ပွဲစဉ် မည်မျှ လွဲချော်ဖွယ်ရှိသည်၊ မည်မျှ အနားယူရန် လိုအပ်လိမ့်မည်ဆိုခြင်းကိုမူ ဆက်လက်အဖြေရှာနေဆဲဖြစ်ကြောင်း သတင်းကြားသိရသည်။