တံတားတွေပိတ်စစ်လို့ ဒုက္ခပိုကြီးလာတဲ့ ပြည်သူတွေ

0
3385

စစ်ကောင်စီတပ်က လုံခြုံရေးကြောင့်ဆိုကာ တံတားများရုတ်တရက်ပိတ်ကာ နာရီပေါင်းများစွာ ကြာအောင် စစ်ဆေးမှုများကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့လာရသည်။

ယခုနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ တံတားများ မကြာခဏပိတ်ဆို့ စစ်ဆေးမှုများရှိလာနေသည်။

ကျန်းမာရေးအတွက် အရေးပေါ်မြို့တက်ရမည့် လူနာများမှာ တံတားပိတ်သည်ကို ကြုံရပါက အသက်အန္တရာယ် ကျရောက်မည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်သည်။

ယင်းသို့ပင် တိုက်ပွဲဖြစ်ဒေသများတွင် အစစ်အဆေးတင်းကျပ်ထားခြင်း၊ ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခြင်းများလည်း ပိုမိုပြုလုပ်လာရာ ဒေသခံများမှာ အခက်အခဲအကျပ်အတည်း ပိုမိုကျရောက် လျက်ရှိနေသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“လူတစ်ယောက် ဆယ်ပြည်ဝင် တစ်အိတ်ပဲပေးသယ်တယ်”

ပုလောမြို့ဒေသခံ

DW ။ ပုလောမြို့ကို ဝင်မယ်ဆိုရင် ဘယ်နေရာတွေမှာ စစ်ဆေးနေလဲ ဘာတွေကို အဓိကစစ်ဆေးလဲ။

ဖြေ ။ ပုလောမြို့ကိုဝင်ရင် စစ်ဆေးရေးဂိတ်နှစ်ခုရှိတယ်။ တစ်ခုက မကျည်းကုန်းရွာမှာ နောက်တစ်ခုက ၂၈၅ အမြှောက်တပ်ရှေ့မှာပါ။

DW ။ မြို့ထဲဝင်ဖို့အတွက်ဆိုရင် ဘာတွေကို အဓိကစစ်ဆေးလဲ။ အထောက်အထား ဘာတွေပြရသလဲ။

ဖြေ ။ အဓိကစစ်ဆေးတာကတော့ ကိုယ်ယူဆောင်သွားတဲ့ အထုတ်တွေကိုစစ်တယ်။ လက်နက်ပါမပါစစ်တာပေါ့။ ဘယ်ရွာကလာလဲ။ ဘယ်ကိစ္စသွားမလဲမေးတယ်။ နောက်ပြီးတော့ မှတ်ပုံတင်ပြရတယ်။

DW ။ အရင်ကရော မှတ်ပုံတင်ပြရသလား။ ဘယ်လိုပုံစံမျိုးနဲ့ ဝင်ထွက်ခွင့်ပြုသလဲ။

ဖြေ ။ မှတ်ပုံတင်ပြရတာက တစ်ပတ်ကျော်ကျော်လောက်ပဲရှိသေးတယ်။ အရင်ကအုပ်ချုပ်ရေးမှူး။ ဒါမှမဟုတ် ပုလောထွေအုပ်ရုံးက လုပ်ပေးတဲ့ ထောက်ခံစာနဲ့ အဝင်အထွက်လုပ်လို့ရတယ်။ နောက်ပိုင်း ထောက်ခံစာပြလို့ မရတော့ဘူး။ ကျွန်တော်တို့ရွာမှာက အုပ်ချုပ်ရေးမှူးလည်း နားလိုက်ပြီဆိုတော့။ထောက်ခံပေးမယ့်လူမရှိတော့ မှတ်ပုံတင်ကိုပြနေရတာပေါ့။

DW ။ တခြားရွာကလူတွေက ဘယ်လိုလုပ်သွားနေကြတယ်လို့ သိရလဲ။

ဖြေ ။ တခြားရွာကလူတွေတော့ မှတ်ပုံတင်ဒါမှမဟုတ် ထောက်ခံစာတွေနဲ့ သွားလာနေကြတယ် လို့သိရတယ်။

DW ။ မြို့ထဲဝင်ခွင့်မပေးတဲ့ ရွာတွေများရှိသေးလား။ ဘယ်ရွာတွေ ဖြစ်နိုင်မလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ဝင်ထွက်ဖို့ အလွယ်တကူခွင့်မပြုတဲ့ ရွာသားတွေက တို၊ကဒဲ၊ သင်္ကန်းတောရွာတွေပေါ့။ စစ်တပ်ကအဲဒီရွာတွေကို PDF တွေခိုနေလို့ဆိုပြီး စာရင်းသွင်းထားတယ်လို့ ကြားရတယ်။ အဲဒီရွာတွေမှာလည်း တိုက်ပွဲ မကြာမကြာဖြစ်တော့ လူတွေမနေကြတော့ဘူး။ နောက်ထပ်ကြားရတာက လက္ကူး၊ မဒေါင်(မြဒေါင်) ရွာတွေကလူတွေလည်း ပေးမသွားဘူး။ သွားရင်လည်း တအားစစ်ဆေးတယ်လို့ ကြားရတယ်။

DW ။ ဆန်၊ဆီ ရိက္ခာတွေရော သွားရောက်ဝယ်ယူခွင့်ရရဲ့လား။ဘယ်လိုအနေအထားရှိလဲ။

ဖြေ ။ ဆန်ကတော့ အရင်ကတည်းက အများကြီးသယ်ခွင့်မပေးဘူး။ တစ်အိမ်ထောင် တစ်အိတ်ပဲ။ ဟိုတစ်နေ့ကဆို လူတစ်ယောက် ဆယ်ပြည်ဝင် တစ်အိတ်ပဲပေးသယ်တယ်လို့ ကြားရတယ်။ တိတိကျကျတော့ မသိရသေးဘူး။ သူတို့နဲ့အဆင်ပြေတဲ့ လူတွေကတော့ ဒီထက်ပိုသယ်လို့ရတယ် ကြားရတယ်။

DW ။ လက်ရှိပုလောဖက်မှာ တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေတယ်လို့သိရလဲ။

ဖြေ ။ တိုရွာဖက်မှာ ပစ်ခတ်မှုကတော့ နေ့တိုင်းလိုလိုကြားရတယ်။ တိုက်ပွဲပုံစံမျိုးတော့မဟုတ်ဘူး။ တစ်ခါတစ်ခါ လက်နက်ကြီး ပစ်တာတွေလည်း ကြားနေရတယ်။ စစ်တပ်ဖက်ကလည်း အရင်ကထက် အင်အားပိုပြီး ဖြည့်ထားတာတွေ့ရတယ်။ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲမသိရဘူး။ တိုက်ပွဲဖြစ်ရင် ရွာထဲလက်နက်ကြီးနဲ့ မပစ်ပါနဲ့လို့ပဲ တောင်းဆိုချင်တယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အရေးပေါ်လူနာဆိုရင် ဒီအတိုင်း အသေခံရမလိုဖြစ်နေတယ်”

လောင်းလုံးမြို့နယ်က ကားသမားတစ်ဦး

DW ။ ကမြောကင်းတံတားပိတ်လိုက်လို့ ကြုံတွေရတဲ့ အခက်အခဲ အတွေ့အကြုံလေး ပြန်ပြောပြပေးပါ။

ဖြေ ။ အဲဒီနေ့က( ဇန်နဝါရီလ ၂၁ ရက်က) ကျွန်တော်လူနာသွားပို့တဲ့နေ့ပေါ့။ ကံဆိုးချင်တော့ ကျွန်တော်ရောက်သွားတဲ့အချိန်မှာပဲ တံတား ပိတ်လိုက်တာနဲ့ သွားတိုးတာပေါ့။ တံတားပိတ်လိုက်တော့ ဖြတ်လို့လည်းမရတော့ဘူးလေ။ ကိုယ့်ရှေ့မှာတစ်ခြားကားတွေလည်း ပိတ်နေသေးတာကိုး။ အဲမှာ သုံးနာရီလောက် စောင့်လိုက်ရတာပေါ့။ သူတို့ကဗျာ။ မြို့ထဲဝင်တဲ့သူတွေကိုပဲ စစ်နေတာတွေ့တယ်ဗျ။ ကျွန်တော်တို့ကလည်း မြို့ထဲဝင်မယ့်သူတွေလေ။ အဲမှာပိုကြာသွားတာပေါ့။

DW ။ လူနာနဲ့ ဆေးရုံသွားမယ့်အကြောင်း ပြောရင် ဦးစားပေးအနေနဲ့ ပေးဖြတ်မယ်လို့ထင်လား။

ဖြေ ။ ကျွန်တော်တော့အဲလိုမထင်ဘူး။ သိတဲ့အတိုင်းပဲလေး ကားပိတ်နေရင် ကျော်တက်လို့မှမရဘဲကိုး။ ကိုယ့်အလှည့်ရောက်အောင် စောင့်ဖို့ပဲရှိတာပေါ့။

DW ။ လူနာက အရေးပေါ်လူနာလား။

ဖြေ ။ ကင်ဆာလူနာပါ။ ကင်ဆာဆေးသွင်းဖို့ ချိန်းထားလို့ တက်လာတာလို့ပြောတယ်။ ကျွန်တော်တို့က အဲမှာတင် (ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာတင်) သုံးနာရီလောက်ကြာသွားတော့ လူနာလည်းဆေးသွင်းဖို့ သုံးနာရီလောက် နောက်ကျသွားတာ‌ပေါ့။

DW ။ ဒါဆိုကားထဲမှာပဲ သုံးနာရီလောက် လူနာက ဒီအတိုင်း စောင့်နေလိုက်ရတာပေါ့။

ဖြေ ။ ဟုတ်ပါတယ်။ ကားထဲမှာပဲစောင့်နေရတယ်။ အပြင်မှာနေကလည်းပူတော့ အပြင်ကိုမထွက်ခိုင်းဘူး။ သူကဗျာ( လူနာက) ဆေးရုံပဲမြန်မြန်သွားချင်နေတယ်။ ဆေးသွင်းတဲ့အချိန်နောက်ကျသွားရင် သူ့ရောဂါ ပိုဆိုးသွားမယ် အဲလိုမျိုးပြောနေတာ။ မိန်းကလေးကလည်းဖြစ်တော့ ငိုလည်းငိုတာပေါ့ဗျာ။ ကျွန်တော်ကို အကူညီတောင်းတယ် သွားပြောပေးပါလားပေါ့နော်။ ကျွန်တော်လည်းအမှန်တိုင်းပြောရရင် ဘယ်သွားပြောရဲမှာလဲ။ စဉ်းစားကြည့်ပေါ့။ သူ့ကိုကြည့်ပြီး ကျွန်တော်တော်တော်လေးကို စိတ်ဆင်းရဲရတယ်။ ကားထဲမှာအေးဆေးနေပေါ့နော်။ သုံးနာရီလုံးဗျာ အဲယားကွန်းဖွင့်ပေးပြီးထားထားတယ်။ သူ့ကိုကြည့်ပြီး တော်တော်ကိုသနားနေလို့လေ။

DW ။ ရုတ်တရက်ကြီး တံတားဖြတ်သန်းခွင့် ပိတ်လိုက်တော့ ပိတ်နေတဲ့နေရာမှာ တခြားဘာတွေ ကြုံခဲ့ရသေးလဲ။

ဖြေ ။ မျိုးစုံပဲပေါ့ဗျာ။ သူ့ဒုက္ခနဲ့သူဖြစ်နေကြတာပေါ့။ လူတိုင်းကတော့ ကြောက်နေကြတယ်။ သူတို့က ဘာကိုစစ်လို့စစ်နေမှန်းလည်း မသိဘူးလေ။ ဒီအတိုင်းကြောက်ကြောက်နဲ့ပဲ တန်းစီပြီးစောင့်နေကြရတာပေါ့။ ပြန်လှည့်လို့လည်း မရဘူးလေ။ ရရင်လည်းလှည့်ပြန်လို့မဖြစ်ဘူး။ ပြန်လှည့်ပြေးပါတယ်ဆိုပြီး ပစ်သွင်းလိုက်ရင် သေပြီပေါ့။ ကျွန်တော်လည်း အဲဒါပဲစိုးရိမ်တာဗျ။ ရုတ်တရက်ကြီး ပစ်တာခတ်တွေဖြစ်လာရင်ဒုက္ခပဲပေါ့။ ကိုယ့်ကားက အလယ်မှာလေ။ ရှေ့တိုးလည်းမရဘူး။ နောက်ဆုတ်လည်းမရဘူး။ ဘေးမှာကလည်း ‌ချောင်း( ထားဝယ်မြစ်) ချောင်းထဲပဲခုန်ဆင်းရမယ့် ကိန်းဆိုက်နေတယ်။ ချောင်းထဲ( ထားဝယ်မြစ်ထဲ တံတားအောက်ဘက်) မှာလည်း ‌စပိဘုတ်တစ်စီး ရပ်ထားတာတွေ့တယ်။ သူတို့တစ်ခုခုကိုသတင်းရလို့ ပိတ်ပြီးရှာနေတာပဲဖြစ်မယ်ဗျ။

DW ။ တံတားမှာ ပိတ်မိနေတဲ့အချိန် စိတ်ထဲကခံစားချက်ကို ပြန်ပြောပြပေးပါလား။

ဖြေ ။ ခံစားချက်ကတော့ဗျာ ဒေါသဖြစ်တာပေါ့။ နေကလည်းတဖြည်းဖြည်း ပူလာတယ်ဗျာ။ ဘယ်အချိန်အထိ ပိတ်ထားမယ်မှန်းလည်းမသိဘူး။ သူတို့ကလည်း ဘာအကျိုးအကြောင်းမှမပြောပြဘူး။ ဒီအတိုင်း ကျွဲတွေ၊ နွားတွေကို နေပူထဲလှမ်းထားသလိုဖြစ်နေတာ။ ကျွန်တော်တို့က ကားနဲ့မို့လို့တော်သေးတယ်။ ဆိုင်ကယ်နဲ့သူတွေဆိုရင် ချွေးဒီးဒီးကျတဲ့သူကကျ။ ဗိုက်ဆာတဲ့သူကဆာ။ ကလေးတွေလည်းပါတယ်ဗျာ။ မျိုးစုံပဲမြင်ရတာကတော့။ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။

DW ။ တံတားကိုရုတ်တရက်ဖြတ်သန်းခွင့်ပိတ်လိုက်ပြီး စစ်ဆေးတဲ့အပေါ် အစ်ကိုယ့်ရဲအမြင်လေးသိချင်ပါတယ်။

ဖြေ ။ သူတို့လည်းသူတို့တာဝန်အရ စစ်ဆေးတာဆိုတော့ ဘယ်ပြောလို့ရမလဲ။ ဒါပေမဲ့ လူနာတွေဆိုရင်တော့ အရေးကြီးရင် အရေးကြီးသိလို သွားခွင့်ပေးစေချင်တယ်။ ကျွန်တော်တို့သာမန်လူတောင် ကားပေါ်မှာ သုံးလေးနာရီ‌မနေနိုင်ဘူးလေ။ လူနာဆိုရင် ပိုဆိုးမှာပေါ့။ သူတို့က တာဝန်အရ စစ်တယ်ဆိုပေမယ့် ကားပေါ်ပါလာတဲ့လူနာက အရေးပေါ်လူနာဆိုရင် ဒီအတိုင်း အသေခံရမလိုဖြစ်နေတယ်။ သူတို့ကျတော့ ဘယ်လိုစဉ်းစားလည်းတော့ မသိဘူးပေါ့နော်။ တစ်ခါတလေ တွေးမိတယ်။ သေချင်သေပါစေ အဲလိုမျိူးပဲ စဉ်းစားလားပေါ့နော်။ စစ်နေတဲ့အချိန်ဆိုရင်လေ။ ကျန်တဲ့အချိန်ဆိုရင်အဆင်ပြေတယ်ဗျ။ ကျွန်တော်က ဆေးရုံကိုခဏခဏ ပို့နေရတဲ့သူဆိုတော့ သိတယ်။ ပုံမှန်ဆို လူနာပါရင် ကားပေါ်ကလူတွေ လမ်းဆင်းလျှောက်စရာတောင်မလိုဘူး။ သွားသွားဆိုပြီး လွှတ်ပေးတာ။ အဲဒီလို ရုတ်တရက်ပိတ်ပြီး စစ်ပြီဆိုရင်တော့ လူနာတွေဘာတွေလည်း မရှိတော့ဘူးဗျ။ အဲဒီတစ်ချက်တော့ တော်တော်ဆိုးတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ မရှိတော့ပါဘူး။

“လူငယ်အမျိုးသားလူနာတွေဆို တစ်ကိုယ်လုံးချွတ်ပြီး စစ်ဆေးတာမျိုးတွေအထိရှိတယ်”

ထားဝယ်အရှေ့တောဘက်က လူမှုကူညီရေးအသင်းတစ်သင်း

DW ။ အကျပ်တည်းကာလမှာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရတာ အခက်ခဲရှိလား။

ဖြေ ။ အရင်ကထက်စာရင်တော့ ခက်ခဲတာပေါ့ အခုဆိုရင် ကျွန်တော်တို့ ခေါ်တာနဲ့ထသွားလို့မရဘူး လမ်းခရီးအသံ နားထောင်ရတယ်။ တိုက်ပွဲတွေအသံနားထောင်ရတယ်။ အရင်က ထားဝယ်ကို တိုက်ရိုက်ပို့နိုင်ပေမဲ့ အခုတော့မပို့နိုင်တာတွေရှိတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကလည်းစစ်တယ်။ pdf ကလည်းစစ်တယ် အသက် ၁၉ နှစ် ၂၀ အရွယ်တွေဆိုရင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ကတင်းတင်းကျပ်ကျပ်စစ်တယ်။ အခုကအခြေနေတွေ ရှုပ်ထွေးလာတော့ ကျွန်တော်တို့လည်း ခဏနားနေပါတယ်။

DW ။ စစ်ဆေးရေးဂိတ်တွေမှာရော ဖြတ်သန်းသွားလာရတာလွယ်ကူရဲ့လား။

ဖြေ ။ အခက်အခဲတော့မရှိဘူးလို့ ပြောလို့ရပါတယ်။ အရင်ကထက်စာရင်တော့ ပိုပြီးစစ်ဆေးမေးမြန်းတာခံရတယ်။ လူငယ်အမျိုးသားလူနာတွေဆို တစ်ကိုယ်လုံးချွတ်ပြီး စစ်ဆေးတာမျိုးတွေအထိရှိတယ်။ ဥပမာ သေနတ်ဒဏ်ရာလား၊ မိုင်းထိထားလား ဆိုတာမျိုးတွေပေါ့။ အမျိုးသမီးလူနာတွေကျတော့ မေးမြန်းစစ်ဆေးတာမျိုးလောက်ပါပဲ။

DW ။ ဒီလိုမျိုးကြန့်ကြာမှုတွေကြောင့် အချိန်မီဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးသွားတဲ့ လူနာတွေ ရှိလား။

ဖြေ ။ မ‌ရှိပါဘူး။ ဒီဘက်မှာလည်း ကျွန်တော်တို့ဘက်က ဖျားနာတာလောက်ဆို အရေးပေါ် ကုသပေးတာတွေရှိတယ်။ ပြီးတော့ ဆာဒိုးဝါးဆေး ဆေးခန်းကို တင်ပို့‌ပေးတယ်။ အဲဒီကမှတစ်ဆင့် အရေးပေါ် လူနာတွေကို ထားဝယ်ကို ပို့ပေးရတယ်။

“တစ်ခါတစ်လေ လေးငါးနာရီအထိ စောင့်ရတာမျိုးရှိဖူးတယ်”

မြိတ်-ကော့သောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦး

DW ။ ခရီးလမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ်တွေရှိမှာပေါ့။ ဘယ်လို စစ်ဆေးရေးဂိတ်တွေနဲ့ ကြုံရလေ့ရှိပါသလဲ။

ဖြေ ။ မြိတ်ကနေ ကော့သောင်းအထိ ဆယ်ဂိတ်ကျော်လောက်ရှိတာ။ ဂိတ်အားလုံးက စစ်တပ်ကစစ်တဲ့ ဂိတ်တွေချည်းပဲ PDF နဲ့ KNU ကစစ်တာ တစ်ခါတစ်လေ ကြုံရတယ်။ သူတို့က ဂိတ်သပ်သပ်နဲ့ စစ်တာမဟုတ်ဘူး ဖြတ်သွားရင်း လမ်းကြုံသဘောလိုမျိုးစစ်တာ၊ စစ်တာကလည်း သေချာသွား၊ ညဘက်ဆို မီးဖွင့်ပြီးမောင်း၊ ဒါမျိုးတွေပဲမှာလိုက်တာ၊ အခြားထွေထွေထူးထူး စစ်ဆေးမေးမြန်းတာ မရှိဘူး။

DW ။ ဂိတ်အားလုံးက တပ်ဂိတ်ချည်းဆိုတော့ သူတို့ကရော ဘယ်လိုပုံစံနဲ့ စစ်ဆေးတာလဲ။

ဖြေ ။ မြိတ်ကနေဆိုရင် ကြေးနန်းတိုင်၊ တုံးဗျော၊ ဇဝဲ၊ မော်တုံး၊ အော်ကြီးလမ်းဆုံပြီးတော့ တနင်္သာရီဂိတ်‌ပေါ့ ဒီဘက်မှာကျတော့ ဒီလောက်မဟုတ်ဘူး။ နည်းနည်းရစ်တာလောက်ပဲ ဘယ်သွားတာလဲ။ ဘာညာမေး စစ်ဆေးတာ၊ ဘုတ်ပြင်းဘက်တွေက ဂိတ်ဆိုရင် မြိတ်၊ ထားဝယ်၊ ကျွန်းစု မှတ်ပုံတင်ကို စစ်တာ ကော့သောင်းမှတ်ပုံတင် မဟုတ်ဘူးဆိုရင် နည်းနည်းရစ်ပြီး ခရီးသည်စီက ကြေးပြား(ပိုက်ဆံ) နည်းနည်းပါးပါး တောင်းတာမျိုးတော့ ရှိတယ်။

DW ။ ဖြတ်သန်းရတဲ့ ဂိတ်တွေများတော့ စစ်ဆေးမေးမြန်းချိန်ကြာမှာပေါ့။ ဂိတ်မှာ အချိန်ကြာနေတာမျိုးရော ရှိပါသလား။

ဖြေ ။ ဂိတ်များတော့ ခရီးနှောက်နေးတာပေါ့။ ဒီထက်ဆိုးတာက တိုက်ပွဲဖြစ်ရင် ပိုကြာတယ်။ ဘုတ်ပြင်းဘက်မှာ တိုက်ပွဲခဏဏဖြစ်တာ၊ တိုက်ပွဲဖြစ်ရင် တပ်ဂိတ်တွေ ပိတ်ချလိုက်တာပဲ မိနစ်သုံးဆယ် တစ်နာရီအထိ စောင့်ရတာ။ တစ်ခါတစ်လေ လေးငါးနာရီအထိ စောင့်ရတာမျိုးရှိဖူးတယ်။ အခုနောက်ပိုင်း ပိုပြီးကြုံနေရတယ်။

DW ။ ဒီလိုအခြေအနေမှာရော ခရီးသွားတွေ ရှိနေကြသေးရဲ့လား။

ဖြေ ။ တိုက်ပွဲတွေဘာတွေ မဖြစ်ခင်အချိန်ကထက်တော့ ခရီးသွားတွေ နည်းသွားတယ်။ ခါတိုင်းဆို နေ့တိုင်းနီးပါး ကားဆွဲရတယ်။ အခုကျတော့ သုံးရက်မှာ တစ်ခေါက်ပဲ ဆွဲရတာ။ အချို့ကျတော့ ဘော်လုံး(ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်)တွေတင်တာမျိုးရှိတယ်။

DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။