မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ဖျက်သိမ်း

0
2917
ပုံစာ - မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်နေရာ။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာအနီး ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ခလွန်ချောင်းကူး ရထားလမ်းသံတံတားသည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခန့်က မိုင်းဖောက်ခွဲခံရပြီး တံတားနံရံ အက်ကွဲတာ၊ ရထားသံလမ်းကွေးကောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာကြား ရထားလမ်းတံတားကြံ့ခိုင်မှု အခြေအနေကြောင့် ရထားဖြတ်သန်း၍ မရသဖြင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ဇန်နဝါရီ ၂၇ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ပြီးစီးသည်နှင့် ရထားပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဟုလည်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

“တံတား ပြင်ပြီးတာနဲ့ ရထားပြန်လည်ပြေးဆွဲသွားမှာပါ။ အခုတော့ ခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားတယ်။ ပြန်ပြေးဆွဲမယ့်ရက်ကို ပြန်ပြီးကြေညာပေးသွားမှာပါ။ လက်မှတ်ဝယ်ထားတာကိုလည်း လက်မှတ်ခ ပြန်ပေးနေပါတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးစဉ် ယာယီဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများအတွက် လက်မှတ်ခ ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအရနှင့် လမ်းခရီးတွင် စစ်ဆေးမှုများလာခြင်းတို့ကြောင့် ကားလမ်းခရီးထက် ရထားလမ်းခရီးကို ပိုမိုအသုံးပြုလာသည်။

“ကားနဲ့က မသွားချင်ဘူး။ လေယာဉ်ကလည်း ဈေးကြီးတော့ ရထားနဲ့ပဲ သွားဖြစ်နေတာ။ အခု ရထားက မပြေးပြန်ဘူးဆိုတော့ ခရီးသွားရမယ်ဆိုရင် အခက်အခဲရှိတာပေါ့” ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်ကလည်း ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြား ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသေးသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးနောက် မော်လမြိုင်-ရန်ကုန် လူစီးညရထားခရီးစဉ်ကို မြန်မာ့မီးရထားက ဖျက်သိမ်းလိုက်ပြီး နေ့ခရီးစဉ်များသာ ပြေးဆွဲနေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်၊ ရထားလမ်းမိုင်းခွဲခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။