စစ်ကောင်စီက စျေးကျရန် ဖိအားပေးနေသော်လည်း ပြည်တွင်းရွှေဈေး ဆက်တက်မည်

0
2751
Photo - propakistani.pk

ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်လာမည်ဆိုသော သုံးသပ်ချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးမှာ လက်ရှိဈေးထက် ဆက်တက်လာမည်ဟု စျေးကွက်လေ့လာသူများကဆိုသည်။

စစ်ကောင်စီက ပြည်တွင်းရွှေစျေးတက်လာမှုကြောင့် စျေးပြန်ကျစေရန် ဖိအားပေးစေခိုင်းနေသော်လည်း ကမ္ဘာ့ရွှေစျေးတက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးလည်း မြင့်တက်လာမည်ဖြစ်သည်။

စစ်ကောင်စီက ဈေးကစားသူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူမည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်မေးခြင်းများရှိနေကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

စစ်ကောင်စီက ထိုကဲ့သို့လုပ်ဆောင်ပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်ခြောက်သောင်း ပြန်ကျသွားပြီး နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်နေကြသည်။

စစ်ကောင်စီက ယင်းကဲ့သို့လုပ်ဆောင်နေသော်လည်း ကမ္ဘာ့ရွှေဈေးတက်နေသည့် အနေအထားကြောင့် မြေပြင်ပေါက်ဈေးကို ရေရှည်ထိန်းညှိရန်မဖြစ်နိုင်ကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ဝင်ဖမ်းရင်တော့ ကမ္ဘာ့ပေါက်ဈေးထက် လျော့သွားတာတော့ အမှန်ပဲ။ အခိုက်အတန့်လောက်ပေါ့ရှင်။ ထိန်းဖို့ဆိုတာကတော့ ကမ္ဘာ့ရွှေဈေးကို သူတို့(စစ်ကောင်စီ) ထိန်းနိုင်တာမဟုတ်တော့လေ”ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် ရွှေတစ်အောင်စလျှင် ၁၉၁၅ ဒေါ်လာပေါက်ဈေးရှိနေရာမှ ဒေါ်လာ ၂၀၀၀ ကျော်အထိ တက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကမူ ကမ္ဘာ့ရွှေဈေးကွက်တွင် တစ်အောင်စလျှင် ၁၈၀၀ ဒေါ်လာခန့်သာ ဈေးပေါက်သည်။

လက်ရှိတွင် အမေရိကန်ဗဟိုဘဏ်နှင့် တရုတ်နိုင်ငံက ရွှေဝယ်လိုအားများနေသည့်အတွက် ကမ္ဘာ့ရွှေဈေးလည်း အတက်ဘက်သို့ တဖြည်းဖြည်းရောက်လာနေသည်။

ယင်းသို့ကမ္ဘာ့ရွှေဈေး တက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း တက်လာမည်ဖြစ်သည်။

ရွှေလုပ်ငန်းရှင်များအသင်းအချို့ကမူ လက်ရှိရွှေဈေးမှာ ဈေးကစားသူများ၊ ဈေးကွက် ကမောက်ကမဖြစ်စေရန် ကောလာဟလများထုတ်လွှင့်ပြီး ဈေးနှုန်းမတည်မငြိမ် လုပ်နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည့် ရွှေပေါက်ဈေးမှာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်းထက် တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်းခန့် လျော့နည်းနေသည်။

စစ်ကောင်စီကမူ ရွှေဈေးထိန်းညှိမည်ဟုဆိုကာ ယနေ့တွင်(ဇန်နဝါရီ ၁၈)တွင် ရန်ကုန်မြို့၌ အစည်းအဝေးလုပ်ရန် ရွှေလုပ်ငန်းရှင်များကို ဆင့်ခေါ်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့ရာတွင် တရုတ်နှစ်သစ်ကူးချိန်နီးလာခြင်းကြောင့် ရွှေဝယ်လိုအားနည်းနေသည့်အတွက် ကမ္ဘာ့ရွှေဈေးတက်နေသော်လည်း ပြည်တွင်းဈေးက ကြီးကြီးမားမား အပြောင်းအလဲမရှိသေးကြောင်း အဆိုပါ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အထက်ပါ အခင်းအကျင်းများကြောင့် ထားဝယ်ဈေးကွက်အတွင်း ရွှေအပိုင်းလိုက် ဝယ်ရောင်းလုပ်သည့် ဈေးကွက်ပျောက်သွားကြောင်း ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းဝန်းကျင်အထိ ‌ဈေးမြောက်ခဲ့ဖူးသည်။

ပြည်တွင်းရွှေဈေးတက်သည့်နည်းတူ အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း တက်လာပြီး လက်ရှိတွင် တစ်ဒေါ်လာလျှင် ၂၈၆၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိလာသည်။