တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
469

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ

စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဉ်းတစ်ရာကျော်ပဲပါ၊ ဒေါက်တာခလမ်ဆမ်ဆွန် ညတွင်းချင်းပြန်အဖမ်းခံရ

ပုံစာ – ဧပြီလ ၁၇ ရက်က လွတ်မြောက်လာမယ့်သူတွေကို အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေ။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားသုံးထောင့်သုံးရာကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ပဲ ပါဝင်ပါတယ်။

ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၄ ရာခိုင်နှုန်းပဲပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ  နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးနေတာကတော့  စစ်မြေပြင် တွေမှာ  စစ်ကောင်စီ ရှုံးနိမ့်နေတာ၊ နိုင်ငံတကာမှာ ဝင်မဆံ့တာတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ တာဝန်ခံ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ NLD အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်ပြည်နယ်က ဝန်ကြီးနှစ်ဦး၊ နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်၊ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌတို့ ပါဝင်ပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ လွတ်မြောက်လာတဲ့ ညမှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်ထားတာလို့ စစ်ကောင်စီ ဘက်ကပြောပေမယ့် အကျယ်ချုပ်ချထားသလို ဖြစ်နေတယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ြပပါတယ်။

……………………………………..

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်

ပုံစာ – တိုက်ပွဲကြောင့် ဧပြီလ ၂၀ ရက်က ထိုင်းဘက်ခြမ်းသို့ထွက်ပြေးကြသည့် မြဝတီဒေသခံတွေ။

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီရဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကနေ စခန်းစွန့်ပြီး အမှတ် ၂ တံတားအနီးမှာ ခိုအောင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကနေ တိုက်ပွဲပြင်းထန်လာတာပါ။

ပူးပေါင်းတပ်တွေက ဧပြီလ ၁၉ရက် ညပိုင်းမှာ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက လက်နက်မချတာကြောင့် နောက်တစ်ရက် ဧပြီလ ၂၀ ရက် နံနက်မှာ ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်လာတာကြောင့် တံတားအနီးနေတဲ့ ပြည်သူ ရာနဲ့ချီ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပါတယ်။ ထိုင်းဘက်ကလည်း လုံခြုံရေးတိုးမြှင့်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။

ခလရ ၂၇၅ တပ်ရင်းကို လက်နက်ချဖို့ ညှိနှိုင်းမှုမအောင်မြင်တာကြောင့် ဧပြီလ ၉ရက်နေ့မှ‌ေ KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် ဧပြီလ ၁၁ ရက်မှာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ကာ ထွက်ပြေးသွားတာပါ။

မြဝတီကို ပြန်ရဖို့ စစ်ကောင်စီက ‘အောင်ဇေယျ’ အမည်နဲ့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးကိုဖော်ဆောင်နေပြီး ထိုးစစ်ဆင်လာ တဲ့ စစ်ကောင်စီစစ်ကြောင်းကို ရှေ့မတိုးနိုင်အောင် အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်ထားတယ်လို့ KNU က ဆိုပါတယ်။

……………………………………..

ရခိုင်မှာ စစ်ရှိန်မြင့်နေချိန် လူမျိုးရေးပဋိပက္ခ အန္တရာယ်လည်းရှိလာ

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးမှုတွေရှိနေတာကြောင့် စိုးရိမ်စရာ အခြေအနေလို့ ထောက်ပြမှုတွေ ရှိပါတယ်။

အခု ဧပြီလ တတိယပတ်ထဲမှာ ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းတာ၊ မီးရှို့တာတွေ ရှိနေပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်ကောင်စီက နေအိမ်နှစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မပျက်စီးတဲ့ အိမ်တွေကိုလည်း ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။ ဒါဟာ မွတ်ဆလင် တွေနဲ့ တခြားဘာသာဝင်တွေကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလို့ ဆိုပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကလည်း ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွကို ဖောက်ထွင်းတာ၊ မီးရှို့တာတွေ လုပ်တဲ့အခါ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူငယ်တွေကိုပါ ခေါ်ဆောင်သွားတာဟာ အမြင်လွဲစရာ၊ နားလည်မှုလွဲစရာတွေဖြစ်ပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတာလို့ RFA သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

မီးရှိုခံရတဲ့အထဲမှာ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ရုံးနဲ့ ဆေးထားသိုသည့်နေရာတွေလည်း ပါဝင်သွားလို့ ဆေး ပစ္စည်း တွေနဲ့ ရုံးသုံးပစ္စည်း အားလုံးပျက်စီးခဲ့ပါသေးတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဧပြီလ ၁၂ ရက်နေ့ကနေ စတင်ပြီး ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ MSF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်တော့ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ လုပ်တယ်ဆိုတဲ့အပေါ် ငြင်းဆိုထား ပါတယ်။ မောင်တော၊ ဘူးသီးတောင်ဒေသမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် AA ကပဲ လုပ်နေတာလို့ တုံ့ပြန်ထားပါတယ်။

……………………………………..

သင်္ကြန်မဏ္ဍပ်မှာ ဗုံးကွဲလို့ လူ ၁၀ကျော်ဒဏ်ရာရ၊ စစ်ခေါင်းဆောင်တွေ သင်္ကြန်ဖွင့်ပွဲမတက်

ပုံစာ – မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးက ဆိုင်ကယ်အပ်နှံတဲ့နေရာမှာ ဧပြီလ ၁၄ ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီ ဦီးဆောင်ကျင်းပတဲ့ မန္တလေးနဲ့ တောင်ငူက သင်္ကြန်မဏ္ဍပ်တွေအနီးမှာ ဗုံးပေါက်ကွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးက ဆိုင်ကယ်အပ်နှံတဲ့နေရာမှာ ဧပြီလ ၁၄ ရက်က ဗုံးနှစ်လုံးပေါက်ကွဲတာကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ဧပြီလ ၁၆ ရက်နေ့မှာလည်း တောင်ငူဗဟိုမဏ္ဍပ်အနီးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်တွေရှိတဲ့နေရာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံလာရပြီးနောက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်တို့ ၂၀၂၄ သင်္ကြန်ဖွင့်ပွဲအခမ်းအနားတွေ တက်ရောက်တာမျိုး မတွေ့ရပါဘူး။

၂၀၂၄ သင်္ကြန်ပွဲတော်မှာ ရေပက်ကစားသူတွေ ပိုများလာတာတွေ့ရပြီး စစ်ကောင်စီထိန်းချုပ်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး သင်္ကြန်ပွဲတော် ကျင်းပခဲ့ပါတယ်။

……………………………………..

ပြင်ဦးလွင်နဲ့ မန္တလေး၊ မြစ်ကြီးနား လေတပ်စခန်းတွေ တိုက်ခိုက်ခံရ

ပြင်ဦးလွင်မြို့၊ မန္တလေး တံတားဦးလေတပ်စခန်း၊ မြစ်ကြီးနား လေတပ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပါတယ်။

ဧပြီလ ၁၄ ရက်နေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA ဝင်းနဲ့ အနီးတဝိုက် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီ ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ မန္တလေးPDF က ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် DSA ဝင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ပြည်သူ့ဆေးရုံ အရိုးကုသဆောင်နဲ့ လူနေရပ်ကွက်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဟန်း နှစ်ပါးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းရှိခဲ့သလို DSA ဝင်းထဲက ဗိုလ်လောင်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ဧပြီလ ၁၇ရက်မှာတော့ မန္တလေးတံတားဦးလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လေယာဉ်ဂိုဒေါင်ကို ထိမှန်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့အဖွဲ့တွေက ဆိုပါတယ်။

ဧပြီလ ၁၉ရက်နေ့မှာလည်း မြစ်ကြီးနားမြို့က နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ တံတားဦးနဲ့ နမ့်ပေါင် လေတပ်စခန်းတွေဟာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စခန်းတွေဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထား ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာလည်း နေပြည်တော် အေလာလေဆိပ် နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

……………………………………..

မြစ်ကြီးနားထောင်ပစ်ခတ်မှု နိုင်ကျဉ်းတစ်ဦးအပါအဝင် လေးဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ လွတ်ငြိမ်းခွင့်ကို တရားမျှတအောင်လုပ်ပေးဖို့ တောင်းဆိုတာကို ကျည်အစစ်တွေ ပစ်ခတ်ဖြိုခွဲတာကြောင့် အကျဉ်းသား လေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြစ်ဒဏ် ခြောက်ပုံတစ်ပုံလျှော့ပေးရာမှာ အကျုံးဝင်လို့ လွတ်မြောက်ရမယ့်အထဲ ပါပေမယ့် မလွတ်မြောက်တာကြောင့် အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။ အဲဒီလိုတောင်းဆိုတာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

အချက်ရေ တစ်ရာထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် အကျဉ်းသား လေးဦး ထက် မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် အကျဉ်းသားငါးဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရပြီး ၁၀ ဦး ကျော်ဟာလည်း ဆေးကုသဖို့ လိုနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆေးရုံကို မပို့ဘဲ စစ်တပ်ဝင်းထဲ ခေါ်သွားတယ်လို့ ဆိုပါတယ်။

ကျည်အစစ်နဲ့ ပစ်တာကို အရေးယူပေးဖို့၊ အကျဉ်းသားအခွင့်အရေးတွေ ရဖို့ အကျဉ်းသားတွေ ဆက်လက်တောင်းဆိုနေကြပါတယ်။

……………………………………..