ရေဖြူရှိ ဇာဒီနှင့်ဖောင်းတောကျေးရွာအုပ်စုများကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေ

0
363
ပုံစာ - ဟိန္ဇဲ ရေယာဉ်စု ၊ မောရဝတီရေတပ်စခန်းဌာနချုပ်(ပုံအဟောင်း)

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်ရှိ ဇာဒီကျေးရွာအုပ်နှင့် ဖောင်းတောကျေးရွာ အုပ်စုများတွင် မောရဝတီရေတပ်က ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

“စစ်ကြောင်းထိုးတဲ့ ပုံစံတော့မဟုတ်ဘူး။ ဖောင်းတော မော်ကြီးဘက်ကနေ ဖားချောင်းအင်းရွာဘက်အထိ မောရဝတီက စစ်သားတွေ လာပြီး စစ်ဆေးမေးမြန်းနေတယ်” ဟု ဇာဒီ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖားချောင်းအင်းကမ်းခြေရှိ ဈေးဆိုင်များတွင် စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်ခြင်းရှိမရှိ မေးမြန်းခဲ့ကြောင်း ဖောင်းတောရွာသားတစ်ဦးကဆိုသည်။

ရွာစဉ်လျှောက်စစ်ဆေးမှုအပြင် ဧပြီလ ၁၉ ရက်တွင် ဇာဒီချောင်းဝရှိ စစ်သင်္ဘောက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်ခဲ့၍ ဇာဒီကျေးရွာအုပ်စု ထွက်ဝရွာနှင့် ဒိုက်တကော်ရွာတို့တွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ခဲ့သည်။

ဧပြီလ ၂၀ ရက် တွင်မူ ပစ်ခတ်မှုများမရှိတော့သော်လည်း ရွာများအတွင်း စစ်ကောင်စီတပ်သားများ ရှိနေခြင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြသည်။