ဖောင်းတောရွာတွင် အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးခံရ

0
307

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ယနေ့ ဧပြီလ ၂ဝ ရက် နံနက်ပိုင်းတွင် အသက် ၄၅ နှစ်ရွယ်အရှိ အမျိုးသားတစ်ဦး ထပ်မံ ဖမ်းဆီးခံလိုက်ရကြောင်း ရွာသားများထံက သိရသည်။

အဖမ်းခံရသူသည် နဘုလယ်ဒေသခံဖြစ်ပြီး ဖောင်းတောတွင် ပြောင်းရွှေ့နေထိုင်နေသူ ဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဖောင်းတောရွာ ဘောလုံးကွင်းအနီးရှိ နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

“မနက်က စစ်ကားတွေ ရွာထဲပြန်ဝင်လာတော့ အရင်ရက်က ဖမ်းထားတဲ့ သားအဖကို ပြန်လာလွှတ်ပေးတယ်ထင်နေတာ။ နောက်တစ်ယောက်ထပ်ခေါ်ပြီး နေ့လယ်လောက်ပြန်သွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

ဧပြီလ ၁၈ ရက် ညပိုင်းက စစ်ကောင်စီတပ်သည် ဖောင်းတောရွာသား ဦးဝင်းဘိုနှင့် သားဖြစ်သူတို့ကို ဖမ်းဆီးသွားသေးသည်။ အဆိုပါသားအဖမှာ မောရဝတီရေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိနေပြီး မိသားစုက အဆက်သွယ်ရရှိရန် ကြိုးစားနေကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလတတိယပတ်အတွင်း ဖောင်းတောရွာသားခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းအနက် တစ်ဦးသာ ပြန်လွတ်လာခဲ့သေးသည်။