မြဝတီ-မဲဆောက် အမှတ် ၁ တံတားကို မြန်မာဘက်က ယာယီပိတ်

0
375

မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်လိုက်သဖြင့် တံတားဖြတ်သန်းကူးမည့် ပြည်သူများ ရာနှင့်ချီ ပိတ်မိနေကြကြောင်း တံတားအနီးနေ ပြည်သူများထံမှ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်း ထိုင်း – မြန်မာ ကုန်သွယ်ရေး အမှတ် ၂ တံတားအနီးတွင် ယနေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်များနှင့် KNLA/PDF ပူးပေါင်းတပ်များ ၂ ရက် ဆက် တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူများထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၈ နာရီတွင် အမှတ် ၁ တံတားကို မြန်မာဘက်ခြမ်းက ဖြတ်သန်းခွင့် ယာယီပိတ်ထားလိုက် သဖြင့် မဲဆောက်သို့ တံတားပေါ်က ဖြတ်သန်းပြီး စစ်ရှောင်မည့် ပြည်သူအများစု တံတားတွင် ပိတ်မိနေကြကြောင်း အမှတ် ၁ တံတားနေ ပြည်သူများထံမှ သိရသည်။

“ထိုင်းဘက်က အထွက်ရပြီး မြန်မာဘက်က အထွက်မရဘူးဖြစ်နေကြတယ်။ မနက်က သွားတဲ့သူတွေတော့ တံတားရှေ့မှာ ပိတ်မိနေကြတယ်။ အဓိက Border Pass စာအုပ်တွေကို ပိတ်တာထင်တယ်” ဟု တံတားအနီးနေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများကြောင့် မြိုခံပြည်သူအများစု သောင်ရင်းမြစ်ကို ဖြတ်၍ မဲဆောက်ဘက်ခြမ်းသို့ ယမန်နေ့ နံနက်ပိုင်းမှစ၍ ညဘက်အချိန်များအထိပါ တိမ်းရှောင်လာနေကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်ဘက် ရှောင်ပြေးလာကြသော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ မဲဆောက် ဘက်ခြမ်းက ယာယီခိုလှုံရေးစခန်းများတွင် နေရာချထားပေးပြီး ယနေ့ နံနက်ပိုင်းအထိ အရေအတွက် ၃၀၀၀ ခန့် ရှိလာနေကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

မြဝတီဘက်ခြမ်းတွင် စစ်ကောင်စီက ယမန်နေ့မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်မှု များကြောင့် စစ်ရှောင်အရေအတွက် များလာနေပြီး ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း တံတားအနီးနေ ပြည်သူများထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ပစ်ခတ်မှုများ မရှိတော့ဘဲ ငြိမ်သက်နေကြောင်း ဘီဘီစီမြန်မာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြဝတီတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်ခြမ်းက တိုက်လေယာဉ်များဖြင့် ကင်းလှည့်မှုများ ဆက်တိုက်ပြုလုပ်နေပြီး လုံခြုံရေးတိုးမြင့်ချထားကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ထိုင်းတော်ဝင်လေတပ် F-16 တိုက်လေယာဉ်နှစ်စီး ထိုင်းလေပိုင်နက်တွင် ကင်းလှည့်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

Ref/Photo: Khaosod English, The Reporter