ဘန်ကောက်တွင် လုပ်ငန်းခွင်အတွင်း သေဆုံးသော မြန်မာလုပ်သားကို နေအိမ်တွင်သေဆုံးဟုလိမ်လည်

0
313

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဓါတ်လိုက်သေဆုံးခဲ့သော မြန်မာအလုပ်သမားကို အခန်းတွင် ဓါတ်လိုက်သေဆုံးဟု ထိုင်းအလုပ်ရှင်က လိမ်လည်ထွက်ဆိုကြောင်း မြန်မာအလုပ်သမားအတွက် ကူညီ ဆောင်ရွက်ပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့ထံမှ သိရသည်။

ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ ၁၉ ရက်နေ့က SSS & P. Design and Build Construction Co.,LTD ကုမ္ပဏီ၏ ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် သမံတလင်းကို ပွတ်တိုက် အချောကိုင်သည့် စက်ကိုကိုင်၍ အလုပ်လုပ်နေရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း WAG ထံမှ သိရသည်။

ကိုအောင်လွင်ဦးကို ဘန်ကောက်ရှိ ချူလာလောင်ကွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဓါတ်လိုက်ပြီး တစ်နာရီခန့်အကြာတွင် ဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးချိန်တွင် ကိုအောင်လွင်ဦးသည် အသက် ၂၀ အရွယ်သာ ရှိနေသေးကြောင်း WAG ထံမှ သိရသည်။

သေဆုံးသူအတွက် နစ်နာကြေးရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံသို့ ဆွေမျိုးများက အကူအညီ တောင်းခံခဲ့သဖြင့် အလုပ်ရှင်နှင့် သွားရောက်ဖြေရှင်းခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

ကိုအောင်လွင်ဦးတွင် အထောက်အထား မရှိသဖြင့် အလုပ်သမားခေါင်းဆောင်က လုပ်ငန်းခွင် သေဆုံးသည်ဟု မထွက်ဆိုဘဲ အခန်းတွင် ဓါတ်လိုက်သေဆုံးဟု ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နစ်နာကြေးမပေးချင်လို့ လုပ်တာပေါ့ဗျာ။ အထောက်အထားမဲ့ဆိုတော့ သူတို့ တာဝန်မယူချင်ဘူး။ ဒီလို လုပ်လို့ရလို့ လုပ်တာမျိုး ဖြစ်နေတယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

သေမှုသေခင်းစာရွက်တွင်လည်း အခန်းတွင် ဓါတ်လိုက်သေဆုံးဟု ရေးသားထားပြီး အလောင်းကိုလည်း သူဌေးက ထုတ်ယူသွားခဲ့သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာအလုပ်သမားသည် အထောက်အထားမဲ့ဖြစ်နေသဖြင့် သင်္ဂြိုဟ်ပြီး အလောင်းဖျောက်ရန် အလုပ်ရှင်ဘက်က ကြိုးစားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကိုမုန်တိုင်းက မှတ်ချက်ပြုသည်။

အလုပ်သမား သေဆုံးမှုအတွက် ဘတ် ၃၀၀၀၀ နှင့် ကျေအေးပေးရန် မိသားစုဝင်များကို အကြောင်းကြားခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်ဆွေမျိုးများက လက်မခံနိုင်သဖြင့် WAGအဖွဲ့ကို လာရောက်ကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

WAG က သွားရောက်ဖြေရှင်းပေးချိန်တွင် နစ်နာကြေးကို ဘတ် သိန်းဂဏန်းအထိ တိုးပေးခဲ့သော်လည်း မိသားစုဝင်များက လက်မခံသေးဘဲ မနက်ဖြန် ဧပြီလ ၂၃ရက် နံနက် ၁၀နာရီတွင် ထပ်မံညှိနှိုင်းရန်ချိန်းထားသေးကြောင်း အဖွဲ့က ဆိုသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားတွင် အထောက်အထားမရှိသော်လည်း လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သဖြင့် ဥပဒေနှင့်အညီ လျော်ကြေး ရရှိရမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

အထောက်အထားမရှိသော မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့မှုအပေါ် အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်က တာဝန်ယူမှုမရှိခဲ့သဖြင့် လျော်ကြေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ဆိုသည်။

လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားများအတွက် ဥပဒေနှင့်အညီ နစ်နာကြေး ရရှိရန်အတွက် ကျန်ရစ်ခဲ့သော မိသားစုဝင်များက နီးစပ်ရာ မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အဆုံးထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာအလုပ်သမားအဖွဲ့အစည်းများက ထောက်ပြထားသည်။