စက်အချို့ ပျက်နေသဖြင့် ထားဝယ်တွင် မီးအလှည့်ကျပေးနေရသည်ဟု လျှပ်စစ်ကုမ္ပဏီထုတ်ပြန်

0
523
ဓာတ်ပုံ - Petrol & Trans

ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားပေးစက်အချို့ ချွတ်ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးနေရခြင်းဖြစ်ကြောင်း Petrol & Trans ကုမ္ပဏီက ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ယခင်က ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၉ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ် အင်ဂျင် ၂ လုံး၊ ၆၅၀ ကီလိုဝပ် ဒီဇယ်မီးစက် ၆ လုံးတို့ဖြင့် ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေချိန် နွေရာသီ ရာသီဥတုအလွန်ပူပြင်းသဖြင့် လျှပ်စစ်သုံးစွဲမှုများ အလွန်များလာကြောင်း ဆိုထားသည်။

ထိုသို့မီးသုံးများနေချိန် ၂ မဂ္ဂဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၃ လုံး၊ ၁ ဒသမ ၃ မဂ္ဂဝပ်အင်ဂျင် ၁ လုံး စုစုပေါင်း အင်ဂျင် ၄ လုံးမှာ ချွတ်ယွင်းလာသဖြင့် ပြုပြင်နေရသည်ဟု Petrol & Trans ကုမ္ပဏီက ထုတ်ပြန်သည်။

ထို့ကြောင့် အရေးပေါ်ဝန်အား လျှော့ချခြင်း၊ အပိုင်းလိုက်ဝန်အား လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးနေရသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ကြုံတွေ့နေရခြင်းဖြစ်‌ကြောင်း ရေသားထားသည်။

မည်သည့်အချိန် လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်ရမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Dawei Watch အနေဖြင့် လျှပ်စစ်မီးပြတ်တောက်ချိန် များလာကတည်းက Petro & Trans ကုမ္ပဏီတာဝန်ရှိသူများကို မေးမြန်းရန် ကုမ္ပဏီက ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့လည်းကောင်း၊ တိုင်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ထံလည်းကောင်း မေးမြန်းရန် အကြိမ်ကြိမ်ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိသဖြင့် မေးမြန်းခွင့်မရပေ။

ကုမ္ပဏီအနေဖြင့် နွေရာသီတွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်နေသော်လည်း မည်သည့် အကြောင်း အရင်းကြောင့် ပြတ်တောက်နေရသည်ကို ပြည်သူသို့ (ယခုတစ်ကြိမ် မတိုင်မီ) ထုတ်ပြန်အသိပေးခြင်း လုံးဝ မရှိခဲ့ပေ။

“မီးကပျက်သွားပြီးရင် တော်တော်နဲ့ ပြန်မလာတော့ဘူး။ တစ်နေ့လုံးလည်း ကြာချင်ကြာသွားတယ်။ ဘာဖြစ်နေတယ် ဆိုတာ လည်း သူတို့ (လျှပ်စစ်ကုမ္ပဏီ) ဘက်က ဘာတစ်ခုမှ မပြောဘူး။ လုပ်ချင်သလိုလုပ်နေတာ” ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ရာသီဥတုအလွန်ပူပြင်းနေချိန် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်နေသဖြင့် ပြည်သူများ ဝေဖန်မှုမြင့်တက်လာချိန်မှသာ ကုမ္ပဏီဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

“မီးအလှည့်ကျပေးတယ်ဆိုရင်လည်း ဘယ်အပိုင်းကို ဘယ်အချိန်ပေးမယ်ဆိုတာ အသိပေးထားသင့်တယ်။ အခုက ပျက်ချင်တဲ့အချိန် ပျက်သွားပြီး လာချင်တဲ့အချိန်မှာ လာတာ။ မီတာဖိုးပဲ တိုးကောက်တတ်တာလား မသိဘူး” ဟု လောင်းလုံးမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။

ထားဝယ်မြို့အပါအဝင် ထားဝယ်ခရိုင်ရှိ မြို့နယ်တိုင်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အရံဓာတ်အားစနစ် တပ်ဆင်ထားသည်။

ဒီဇယ်အင်ဂျင်သုံး ထိုလျှပ်စစ်ဓာတ်အားအရံစနစ်မှာ ပြည်သူများအတွက် မသုံးဘဲ စစ်ကောင်စီစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများ အတွက်သာ အများဆုံး အသုံးပြုနေကြောင်း လျှပ်စစ်ဌာနနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“ရဲစခန်းလိုဟာမျိုးတွေကို လျှပ်စစ်ဓာတ်အား မပြတ်အောင် ပေးထားရတယ်။ ဂတ်စ်အင်ဂျင်တွေ ပျက်ရင် ဒီဇယ်မီးစက်တွေ နှိုးပြီး အဲဒီကိုပေးနေရတာ” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားခမှာ အာဏာမသိမ်းခင် ‌၂၀၂၁ ခုနစ် ဇန်နဝါရီလအထိ တစ်ယူနစ် ၂၁၀ ကျပ်သာ ရှိသေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လာပြီး လက်ရှိအချိန်တွင် တစ်ယူနစ် ၄၁၈ ကျပ်ဖြင့် သုံးစွဲနေကြရသည်။

လျှပ်စစ်ဓာတ်အား မရောက်သောဒေသများတွင်မူ တစ်ယူကို ကျပ်သုံးထောင်ကျော်အထိ ပေးသုံးနေရသည့် ဒေသများလည်း ရှိသည်။