စစ်ကောင်စီက စစ်ဆေးနေ၍ မြိတ်-ထားဝယ်အတက်အဆင်းကားများ သရက်ချောင်းတွင် ပိတ်မိ

0
422
ပုံစာ - မြိတ်-ထားဝယ်ကားလမ်းပေါ် လမ်းပိတ်ထားစဉ်။ (ပုံဟောင်း)

မြိတ်-ထားဝယ် အတက်အဆင်းကားများ သရက်ချောင်းမြို့လမ်းပိုင်းတွင် ပိတ်မိနေကြောင်း ဒေသခံများနှင့် အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောသည်။

သရက်ချောင်းမြို့ ပန်းတောရပ်ကွက် မြို့မအားကစားကွင်းတွင် ရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်က ခရီးသည်များနှင့်ယာဉ်များကို ဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးနေသည်ဟု ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက်အစောပိုင်းကတည်းက စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြန်မဖွင့်ပေးသေးဟု မြို့ပေါ်ရပ်ကွက် နေသူအချို့နှင့် အနီးဝန်းကျင်က ဒေသခံများက ပြောသည်။

“စကစတပ်တွေ ပန်းတောကိုရောက်နေတယ်လို့ သတင်းရတယ်၊ အဲ့မှာ ထားဝယ်ကနေ လိုင်းကားနဲ့ဆင်းလာတဲ့ ကျွန်တော့်အကိုစီးလာတဲ့ကားကို ပေးမသွားလို့ အဲ့ဒီမှာပဲနေနေရတယ်လို့ နေ့လယ်က ဖုန်းဆက်လာတယ်၊ ကားတွေကိုလည်းစစ်ဆေးနေတယ်လို့ပြောတယ်” ဟု သရက်ချောင်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

မနက် ၉ နာရီတည်းက မြိတ်ဘက်ကို ဆင်းသွားသည့်ကားမှာ သရက်ချောင်းမြို့ ပန်းတောရပ်ကွက်တွင် ပိတ်မိနေသည်ဟုသာ ကြားသိရပြီး နောက်ဆက်တွဲ အခြေအနေကို မသိကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

“မနက်စောစောကတော့ လက်နက်ကြီးပစ်သံ နှစ်ချက်လောက်ကြားရတယ်၊ လက်နက်ငယ်ပစ်သံလည်း ကြားရတယ်၊ တိုက်ပွဲဖြစ်တာတော့မရှိသေးဘူး” ဟုသရက်ချောင်းမြို့မ ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ပန်းတောရပ်ကွက်နှင့် ဆင်ကူးရွာကြားကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည်မျိုးတော့ရှိသည်ဟု ဖက်ဒရယ်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က မွန်းလွဲ ၂ နာရီခန့်က ပြောဆိုထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်လာမည်စိုးရိမ်၍ ပန်းတောရပ်ကွက်နှင့် ကပ်လျက်ရှိ ဆင်ကူး၊ ဘုတ်ကိုင်းကျေးရွာက ဒေသခံများ ရွာလုံးကျွတ်နီးပါး မနက်ကတည်းက ပြောင်းရွေ့နေကြသည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်လာနိုင်လို့ဆိုပြီး ပြောင်းရွေ့ခိုင်းတယ်လို့ပြောတယ်၊ ဘယ်ဘက်က ပြောင်းရွေ့ခိုင်းတာလဲတော့ မသိဘူး၊ ကားတွေနဲ့ ပြောင်းနေရွေ့နေကြတယ်” ဟု ၎င်းက ပြောသည်။

ဆင်ကူးမှ ဝင်းဝစခန်း၊ စုံစင်ဖျားကျေးရွာအထိ ဒေသခံများမှာလည်း စစ်ရေးသတင်းကို စောင့်ကြည့်နားစွင့်ကာ စစ်ရေးသတိဖြင့် နေနေကြသည်ဟု ဒေသခံအချို့က ဆိုသည်။

ပန်းတောရပ်ကွက်မှ ကျောင်းထိုင်ဘုန်းကြီးနှင့် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကိုလည်း အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ဧပြီလ ၇ ရက်တွင် ဖမ်းဆီးသွားသည်။