ကံပေါက်တွင် ‌နေအိမ်နှင့် ဈေးဆိုင်အချို့ရှာဖွေခံရပြီး ဇနီးမောင်နှံနှစ်ဦး အဖမ်းခံရ

0
331
ပုံစာ - ကံပေါက်ကျောက်တိုင်လမ်းဆုံ၊ ဗိုလ်ချုပ်ရပ်ကွက်

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် ဧပြီလ ၁၉ ရက် ညနေပိုင်းက စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် နေအိမ်အချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေပြီး စတိုးဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။

ကံပေါက်ရွာထိပ်ရှိ ဂန့်ဂေါ်တောင်‌စစ်ဆေးရေးဂိတ်တွင် စားသောက်ကုန် ကုန်ခြောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ သယ်ဆောင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးထံမှ ပစ္စည်းများသိမ်းဆည်းခံရပြီးနောက် ညပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေခံရကြောင်း ၎င်းတို့ကဆိုသည်။

ဗိုလ်ချုပ်ရပ်ကွက်ရှိ နန္ဒာစတိုးဆိုင်ပိုင်ရှင် ကိုနွေဦးနှင့် မအေးနန္ဒာဆွေတို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက်ညနေပိုင်းတွင် ခေါ်ဆောင်သွားပြီး ဧပြီ ၂၀ ရက်ညပိုင်းအထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်းတို့၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

ဧပြီ ၂၀ ရက် ညပိုင်းတွင်လည်း လှည်းကုန်းရပ်ကွက်ရှိ နဒီလှိုင်းစားသောက်ဆိုင်နှင့် မြသီတာရပ်ကွက် ရွာသစ်ကုန်းအပိုင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ထပ်မံ ဝင်ရောက်စစ်ဆေးခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

“နဒီလှိုင်းဆိုင်မှာ ဝင်ရှာတာ အခန်းတွေအကုန်ဝင်ရှာတယ်။ မျက်နှာကျက်တွေရောပဲ။ အိမ်နောက်ဖေးခြံစပ်အထိ ရှာသွား တယ်။ သူတို့ (စစ်ကောင်စီ) မှာ ဓာတ်ပုံတစ်ပုံနဲ့ ယောက်ျားကြီးတစ်ယောက်ကို လိုက်ရှာနေတယ်” ဟု လှည်းကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီ ၁၉ ရက်နောက်ပိုင်းတွင် ဂန့်ဂေါ်တောင်စစ်ဆေးရေးဂိတ်တွင် ဘေးတွဲဆိုင်ကယ်များအားလုံးကို ဆင်းတွန်းစေပြီး စစ်ဆေးခံနေရကြောင်း ဘေးတွဲယာဉ်မောင်းများက ဆိုသည်။

ကံပေါက်ဒေသသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်ထားသဖြင့် ဘေးတွဲဆိုင်ကယ်များကို သွားလာရေးအတွက် အသုံးပြုနေရသည်။

ကံပေါက်ရွာတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း CDM ပညာရေးဝန်ထမ်း လေးဦး နှင့် ဇောတိက-ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းက ကားသမားသုံးဦးလည်း ဖမ်းဆီးခံထားရသည်။