ထိုင်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲပြီး တစ်ဦးသေ၊ မြန်မာသုံးဦးဒဏ်ရာရကာ ခြောက်ဦးပျောက်ဆုံး

0
2935

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ထဲရှိ လောင်စာဆီတင် သင်္ဘောတစ်စီးပေါ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။

မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန်အတွက် ရပ်နားထားသော သင်္ဘောပေါ်၌ ယနေ့ နံနက် ၉ နာရီခန့်တွင် ဝရိမ်ဆော်နေချိန် မီးလောင်ပေါက်ကွဲခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သင်္ဘောပေါ်တွင် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀ ဦးခန့်နှင့် သင်္ဘောကျင်းတွင် အလုပ်သမား ၃၀ ခန့် လုပ်ကိုင်လျက်ရှိနေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းတွင် ပြောဆိုထားသည်။

ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးသည်ဟု သတင်းတွင်ဖော်ပြပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ ဖော်ပြထားခြင်း မရှိသေးသဖြင့် မြန်မာဟုတ်မဟုတ်လည်း မသိရသေးပေ။

မြန်မာအလုပ်သမား သုံးဦးနှင် ထိုင်းအလုပ်သမား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြန်မာအလုပ်သမား ခြောက်ဦးနှင့် ထိုင်းအလုပ်သမား တစ်ဦးတို့ ပျောက်ဆုံးလျက်ရှိကြောင်း ရေးသားထားသည်။

သေဆုံးသူ၏ ခြေထောက်တစ်ဖက်သည် သင်္ဘောနှင့် ၅၀၀ မီတာအထိ လွင့်စင်နေကြောင်း သတင်းတွင် ဖော်ပြသည်။

ပေါက်ကွဲမှုကို ၇ ကီလိုမီတာအကွာအထိ ခံစားခဲ့ရပြီး အိမ်များရှိ မှန်များပါ ကွဲအက်ခဲ့ကြောင်း ဖော်ပြသည်။

မီးလောင်ပေါက်ကွဲမှုဖြစ်ချိန်တွင် သင်္ဘောပေါ်၌ လောင်စာဆီ ၂၅၀၀၀ လီတာနှင့် ဒီဇယ် ၂၀၀၀၀ လီတာ ရှိနေခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

မွန်းလွဲ ၁ နာရီနောက်ပိုင်းတွင် မီးကို ထိန်းနိုင်ခဲ့ပြီး အလုပ်သမား ရှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း ရေကြောင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးလောင်မှု ဖြစ်ပွားရခြင်း၏ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။