သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၉)

0
3713
မင်းသမီးဒေသရောက် ကျောင်းသားတွေရဲ့ ပထမ ဆုံးခစန်းနေရာ မောင်တော်စခန်းအား ၁၉၈၉ နှောင်းပိုင်းက တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၈)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၉-

(၁) တခါက စခန်းကော်မီတီဥက္ကဌရဲ့ အမှားတော်ပုံများ

ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ဆယ်စုနှစ်တခုကျော် တိုက်ပွဲဝင်ခဲ့သူတဦးက အဲဒီတိုက်ပွဲ ကာလအတွင်း “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေများ လုပ်ခဲ့မိလေသလား” ဆိုပြီး ပြန်စဉ်းစားနေမိတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလား။ ဒါပေမယ့် စာရေးသူကျနော် အဲဒီလို စဉ်းစားခန်းဝင်နေမိတာ အမှန်ပဲဖြစ်ပါတယ်။

အသက် (၂၀) ဝန်းကျင် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ဘဝတွေဟာ ကြမ်းတမ်းလွန်းလှတဲ့အတွက် “တော်လှန်ရေးသာ အမိ၊ တော်လှန်ရေးသာ အဖ” ဆိုတာကို ဦးစားပေးလွန်းရာကနေ လူသားဆန်မှုတွေ၊ လူ့သဘာဝတွေကို မေ့လျော့ပြီး လူသားတွေကို စက်ရုပ်တွေအဖြစ် မြင်ခဲ့မိလေသလားလို့တောင် ကျနော်တွေးနေမိပါတယ်။

စိတ်ဓာတ်တက်ကြွလွန်းမှု၊ စေတနာ လွန်ကဲမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ “စေတနာအမှားတွေ” တွေထဲက သာဓက (၃)- ခုလောက်ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။

တပ်ရင်းအရာခံဗိုလ် ကိုဌေးလှိုင်အပါဝင် ၂၀၁ တပ်ရင်းက ရဲဘော်အချို့ကို ၁၉၉၂ ဝန်းကျင်က တပ်ရင်းရုံးရှေ့မှာ တွေ့ရစဉ်။

(၂) ဆံပင်ရှည်ထားတိုင်းလည်း လမ်းသရဲမထင်နဲ့

ပထမဆုံး တင်ပြလိုတဲ့ဖြစ်စဉ်ကတော့ ဆံပင်ရှည်ထားတဲ့ ရဲဘော်တဦးကို ဆံပင်ညှပ်ဖို့ ပျက်ကွက်မှုနဲ့ တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် အာနက်စတို ချေ ဂွေဗားရား (Ernesto “Che” Guevara) ကို အားကျနေတဲ့ ကျနော်တို့ တော်လှန်ရေးသမား ပေါက်စတွေဟာ ရဲဘော် ချေလို ဆံပင်ရှည်ထားတာ၊ မုတ်ဆိတ်မွေးထားကြတာတွေ တော်လှန်ရေး အစောပိုင်းကာလမှာ အတော်ခေတ်စားခဲ့ပေါ့။

အသက် (၂၀) ဝန်းကျင်သာရှိသေးတဲ့ ကျနော်တို့ထဲက ရဲဘော်တချို့မှာ နှုတ်ခမ်းမွေး ရေးရေးရှိပေမယ့် ကျနော်အပါဝင် တချို့ကတော့ နှုတ်ခမ်းမွေး မပေါက်သေးပါ။ ဒီတော့ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်တွေရှိမှ သူပုန်ပုံပေါက်မယ်ဆိုပြီး မုတ်ဆိတ်ရိတ်ဓားတွေနဲ့ အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်း နှုတ်ခမ်းမွေး ထွက်လာတဲ့အခါမှာတော့ ရဲဘော် ချေလို ခန့်ငြားစွာ ထွက်လာတာ မဟုတ်ပဲ အမွေးကျွတ်နေတဲ့ တံမြက်စည်းဟောင်းတခုလို အလယ်မှာမပေါက်ပဲ ဘေးတဖက်တချက်စီမှာသာ ထွက်လာတာနဲ့ ကြုံခဲ့ရလို့ အချင်းချင်း ဝိုင်းဟားကြတာကို အမှတ်ရနေပါတယ်။

ဆံပင်ရှည်ထားတာကတော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးထားတာထက် ပိုလွယ်တဲ့သဘောရှိပါတယ်။ ဒါပေမယ့် သက်တမ်းနည်းနည်း ရင့်လာတာနဲ့အမျှ ကျောင်းသားကနေ စစ်သားအသွင်ကို တကယ်ဆောင်လာတဲ့အခါမှာတော့ အားလုံးတပြေးညီ “ပုံစံ” ဖြစ်ရမယ်ဆိုတဲ့ တပ်စည်းကမ်းတွေအရ ဆံပင်ပုံစံ တယောက်တမျိုး ထားခွင့်မပြုတော့ပါဘူး။

အားလုံး ပုံစံကေ “ရှေ့တလက်မ နောင်ပြောင်” မညှပ်ချင်ရင်တောင် ကြည့်ပျော်ရှုပျော် ဆံပင်ပုံစံ ထားကြရပါတယ်။

“တော်လှန်ရေးသမားဆိုတာ စစ်သားလို စည်းကမ်းရှိတဲ့အပြင် နိုင်ငံရေးသမားလို အမျှော်အမြင်လည်း ရှိရမယ်” ဆိုပြီး ကြွေးကြော်ထားတဲ့ ကျနော်တို့တပ်တွေကြား တပ်စည်းကမ်းနဲ့ပတ်သက်ပြီး အားပြိုင်မှု အကြီးဆုံးကာလကတော့ တပ်ရင်း (၃)- ခြမ်း ကွဲပီးကာစ အချင်းချင်း အကြိတ်အနယ် ပြိုင်ဆိုင်နေချိန်ပဲ ဖြစ်ပါတယ်။

အဲဒီလိုအားပြိုင်မှု အကြီးဆုံးကာလမှာမှ ဆံပင်ရှည်ထားမိတဲ့ ကံဆိုးသူမောင်ရှင်ကတော့ တပ်ရင်းအရာခံဗိုလ် ကိုဌေးလှိုင် ဖြစ်ပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ နေ့စဉ် မနက် (၇) နာရီထိုးတိုင်း ခွပ်ဒေါင်းအလံတိုင်ရှေ့ တန်းစီအလေးပြုချိန်မှာ ရှေ့ကနေ တပ်တခုလုံးကို အမိန့်ပေးရသူဖြစ်တဲ့အပြင် တပ်တခုလုံးရဲ့ စည်းကမ်း ထိန်းသိမ်းရေးကို ကိုင်တွယ်ရသူလည်း ဖြစ်ပါတယ်။

ဆိုတော့ တပ်တခုလုံးကို အမိန့်ပေးနေသူက ဆံပင်ရှည်နေမှတော့ ကျန်တဲ့တပ်သားတွေကို သူဘယ်လို ထိန်းတော့မှာလဲ။ နောက်တခါ အိမ်နီးချင်း ပြိုင်ဖက်တပ်ရင်းတွေကလည်း ကျနော်တို့တပ်ရင်း အရာခံဗိုလ် ဆံပင်ရှည်ထားတဲ့ကိစ္စကို တီးတိုး ဝေဖန်လာနေကြပါတယ်။

ဒီအတွက် ကိုဌေးလှိုင်ကို တပ်ရင်းရုံးမှာ သီးခြားခေါ်ယူပြီး ကျနော်ညှိနှိုင်းခဲ့ပါတယ်။

“ဥက္ကဋ္ဌကလည်းဗျာ။ ဆံပင်ရှည်ထားတာ ရာဇဝတ်မှုကျူးလွန်တာကျနေတာပဲ။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် ရဲဘော်ချေဆို ဒီထက်တောင် ရှည်သေးတာပဲ။ ၁၀၂-ရင်းမှူး ကိုဘစောထွန်းလည်း ဆံပင်ရှည် ထားတာပဲ။ ကျနော့်ဆံပင်ကျမှ ပြဿနာ ဖြစ်နေရတယ်လို့” ဆိုပြီး ကိုဌေးလှိုင်က ကျနော်ရဲ့သတိပေးချက်ကို တုန့်ပြန်ပါတယ်။

သူထောက်ပြတာတွေ အားလုံးအမှန်တွေ ဖြစ်နေပေမယ့် ကျနော်က လက်မခံနိုင်။ တပ်ရင်းတွေအချင်းချင်း အားပြိုင်နေချိန်မှာ သူများထောက်ပြစရာ မရှိအောင် စံပြလုပ်ထားဖို့လိုတယ်ဆိုပြီး ကျနော်က နားချပေမယ့် ကိုဌေးလှိုင်ကတော့ လက်မခံခဲ့ပါ။

သူရဲ့တဦးချင်း လွတ်လပ်ပိုင်ခွင့်ကို ချုပ်ချယ်တဲ့သဘော ဖြစ်နေတယ်လို့ ပြောပါတယ်။ အဲဒီကာလက အခုခေတ်လို လူ့အခွင့်အရေးဆိုတဲ့ စကားလုံး သိပ်ခေတ်မစားသေးတဲ့အတွက် ကျနော်ကို လူ့အခွင့်အရေး ချိုးဖောက်သူဆိုပြီး သူကမပြောသေးတာ ဖြစ်ပုံရပါတယ်။

သူပြောမယ်ဆိုလည်း ပြောစရာပါပဲ။ သူ့မှာ အားနည်းချက်ဆိုလို့ အဲဒီ ဆံပင်ကိစ္စတခုသာရှိပြီး တခြားဘာမှမရှိ။ သူဟာ ဆေးလိပ်လည်း မသောက်၊ အရက်လည်း မသောက်တဲ့အပြင် ၁၉၈၈ ကနေ ၁၉၉၂ အထိ ကျနော်တို့နဲ့ အရင်းနှီးဆုံး ပေါင်းသင်းလာသူ။ အပြန်အလှန် နားလည်မှုရှိပြီးသား တပ်မှူးတဦးဖြစ်တဲ့အတွက် ကျနော်လည်း သူကို ဘယ်လိုမှ မထုတ်ချင်ပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အတွက် စခန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ သူ့ကို ရင်းအရာခံဗိုလ် အဖြစ်ကရော၊ တပ်ဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပစ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူဟာ အထုတ်အပိုးဆွဲပြီး တပ်ရင်းကနေ သူမိဘတွေရှိရာ နတ်အိမ်တောင်စခန်းနဲ့ ဘားလိုင်ရွာဆီ ထွက်သွားတာကို ကျနော် မျက်စိထဲ အခုအထိ မြင်ယောင်နေဆဲ ဖြစ်ပါတယ်။

အသားဖြူဖြူ၊ အရပ် ထောင်ထောင်မောင်းမောင်းနဲ့ အဲဒီကာလက အသက် ၁၉-၂၀ ဝန်းကျင်အရွယ်သာရှိသေးတဲ့ ကိုဌေးလှိုင်ဟာ ကျနော်တို့ အားထားရဆုံး တပ်မှူးတွေထဲက တဦးဖြစ်ပါတယ်။ သူအဖေ ဦးဖိုးအို (အခု သြစီ) ဟာ NLD ပါတီဝင် တဦးဖြစ်ပြီး အဲဒီကာလအထိ နတ်အိမ်တောင်ရွာမှာ နေထိုင်ဆဲ။ ပြီးတော့ သူတို့အိမ်ဟာ ကျနော်တို့ ကျောင်းသားအားလုံးရဲ့ စားအိမ်သောက်အိမ် ဖြစ်နေပါတယ်။

ဒီလို ထုတ်လိုက်တဲ့အတွက် သူ့မိသားစုကို ကျနော် အတာ်မျက်နှာ နာရပေမယ့် ဦးဖိုးအိုကတော့ ကျနော်တို့အပေါ် နားလည်မှုအပြည့်ရှိပြီး ဘာမှမပြစ်မပြောပါ။ နောက်တခါ ကိုဌေးလှိုင် ကိုယ်တိုင်ကလည်း သူအထုတ်ခံရတဲ့အပေါ် မတရားဘူးလို့ အမြင်ရှိပေမယ့် ကျနော်တို့အပေါ် စိတ်ကွက်မှုထားပုံမရ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော် နတ်အိမ်တောင်ဘက်ရောက်စဉ် သူ့ကို ထုံပါဖုံမြို့က မြန်မာရပ်ကွက်မှာ တွေ့ခဲ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း ပြောဖြစ်ခဲ့ပေမယ့် သူကတော့ ဒီကိစ္စကို ဘာမှ အမှတ်အတေး ထားပုံမရပါ။

ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ တခါက ဥက္ကဋ္ဌဆိုသူရဲ့ အမှားတော်ပုံအတွက် စိတ်ထဲကနေ တောင်းပန်နေမိပါတယ်။

——————–

မင်းသမီးစခန်းမှာ ၁၉၉၀ ဝန်းကျင်က တွေ့ရတဲ့ စစ်သင်တန်းတက်နေဆဲ ရဲဘော်-ရဲမေများ။

(၃) အတွဲ (၃) တွဲကို တခါတည်း မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား

လူတဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ မိသားစုတန်ဖိုးအကြောင်း နကန်းတလုံးမှ နားမလည်ပဲနဲ့ စခန်းကော်မီတီဥက္ကဋ္ဌဖြစ်နေတဲ့ကျနော် နောက်ထပ်ကျူးလွန်မိတဲ့ အမှားတော်ပုံတခုကတော့ စရိတ်ကျဉ်းအောင်ဆိုပြီး စုံတွဲ (၃) တွဲကို တကြိမ်တည်းနဲ့ မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား ဖြစ်ပါတယ်။

၁၉၉၂ ဝန်းကျင်ကဖြစ်ခဲ့တဲ့ အဲဒီမင်္ဂလာပွဲ ကာလအတွင်း၊ အတွေ့အကြုံရှိတဲ့ ရဲဘော်တချို့ကနေ “ဥက္ကဋ္ဌ၊ အဲလို မလုပ်ရဘူးနော်။ (၃) တွဲဆောင်ရင် ကွဲတတ်တယ်” ဆိုပြီး အကြံပေးခဲ့ပေမယ့် ကျနော်က အဲဒါတွေကို အလေးထားရကောင်းမှန်း မသိခဲ့ပါ။

နောက်တခါ တိုက်ဆိုင်မှုဖြစ်ချင်တော့ စခန်းမှာလုပ်တဲ့ မင်္ဂလာပွဲတိုင်းလိုလိုမှာ သြဝါဒပေးနေကျ ဆရာဦးဟန်လင်းကလည်း အဲဒီ (၃) -တွဲ မင်္ဂလာဆောင်ကျတော့မှ “အိုအောင် မင်းအောင် ပေါင်းရပါစေ” လို့ ပြောရမယ့်နေရာမှာ ဘယ်ကနေဘယ်လို စကားတွေ မှားသွားမှန်းမသိ။ “ကောင်းရာ သုကတိ လားပါစေ” ဆိုပြီး ပြောမိလို့ ရဲဘော်တွေ ဝိုင်းဟားတော့မှ ဆရာဦးဟန်လင်း သြဝါဒစကား ပြန်ပြင်ပြောခဲ့ရတာကို ကျနော်အမှတ်ရနေပါတယ်။

အခု ဒီဆောင်းပါးရေးဖို့ အချက်အလက် ပြန်စုတဲ့အချိန်မှာတော့ ရဲဘော်တွေ သတိပေးခဲ့တဲ့အတိုင်းပါပဲ။ အဲဒီ (၃) တွဲစလုံး တကယ်ကွဲသွားတာကို တိုက်ဆိုင်စွာ တွေ့လိုက်ရပါတယ်။

ပထမ တတွဲက ကံပေါက်ဘက်ကဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်ချိန်မှာ အမျိုးသားကို နအဖ-ဘက်က ဖမ်းမိ၊ အမျိုးသမီးက ဘယ်ရောက်သွားမှန်း မသိတော့ပါ။

ဒုတိယ-တတွဲက ပုလောဘက်ကဖြစ်ပြီး ကျနော်တို့တပ်ရင်း မင်းသမီးစခန်းအကျ၊ ထိုင်းဖက်ပြန်အဆုတ် ကာလမှာ နယ်စပ်ရှိ ထိုင်းရွာတခုမှာ အခြေစိုက်၊ ဝါးခုတ်ရောင်းပြီး အသက်မွေးနေရင်းနဲ့ ကွဲသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးတတွဲကတော့  ထားဝယ်ဘက်ကပါ။ ကျနော်တို့တပ်တွေ မင်းသမီးစခန်းကနေ ထိုင်းဘက်ပြန်အဆုတ်မှာ သူ့အမျိုးသားကို ထိုင်းရဲကဖမ်းမိပြီး ထောင်ချထားစဉ် အမျိုးသမီးက စိတ်ဓာတ်ကျပြီး သူ့သမီးလေးနဲ့အတူ မြန်မာနိုင်ငံဆီ ပြန်ဝင်သွားပါတယ်။

တောထဲမှာ နေစဉ်တုန်းကတော့ ဒီဖြစ်စဉ်တွေဟာ “တော်လှန်ရေးမှာ ဒီလိုပဲဖြစ်တတ်တာပဲလေ” လို့ ခံယူခဲ့ပေမယ့် အခု နော်ဝေနိုင်ငံကိုရောက်ပြီး လူ့အခွင့်ရေးအကြောင်း၊ လူသားဆန်မှုတွေအကြောင်း အတော်အတန် နားလည်လာတဲ့ အခါမှာတော့ “ငါတော့ မှားခဲ့ပြီနဲ့တူတယ်” ဆိုပြီး မကြာခဏ ကျနော်စဉ်းစားနေမိပါတယ်။

မင်းသမီး စခန်းရောက်တဲ့အထိ ဆန္ဒပြနေဆဲ ရဲဘော်-ရဲမေများကို ၁၉၈၉ ခုနှစ်က တွေ့ရစဉ်။

တောထဲမှာတုန်းက ကျနော်တို့ ထုတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် အတွဲတတွဲ မင်္ဂလာဆောင်ရင် ဆန်တအိတ်နဲ့ ဘတ်ငွေ (၅၀၀) ပေးပါတယ်။ အိမ်ဆောက်ဖို့အတွက် သွပ်ပြား (၁၀) ပြားရမယ်။ ဒါဟာ တပ်ရင်းအတွက် အလှူရှင်တွေဆီကနေ ပုံမှန်အလှူငွေ ရနေတဲ့အခြေအနေမှာပါ။

ဘတ်ဂျက်မရှိတဲ့ လတွေဆိုရင် ဘာမှမပေးနိုင်။ မင်္ဂလာဆောင်ပြီးစ ကာလတွေ၊ ကလေးမွေးပြီးစ ကာလတွေကိုလည်း မစဉ်းစားအား။ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အဲဒီအမျိုးသားကို ခေါ်ပြီး ရှေ့တန်း ထွက်ခိုင်းတာမျိုးတွေလည်း ကျနော်တို့ လုပ်ခဲ့ဖူးပါတယ်။

အခုကျနော် နော်ဝေမှာ (၁၀) နှစ်လောက် နေပြီးတဲ့အခါကျမှ သိလာရတာက ဒီနိုင်ငံမှာ လက်ထပ်ရင် လက်ထပ်ခွင့်ရသလို ကလေးမွေးရင်လည်း ကလေးမွေးခွင့်တွေ ပေးရပါတယ်။ ကလေးမွေးရင် မီးဖွားခွင့် (၈) လကို အမျိုးသမီးက လစာအပြည့်ရပြီး အမျိုးသားကလည်း လစာအပြည့်နဲ့ နောက်ထပ် (၂) လ ခွင့်ရတယ်လို့ဆိုပါတယ်။

အဲဒီကာလတွေအတွင်း ဒီလူတွေကို ဘာတာဝန်မှ သွားပေးလို့မရ။ သွားပေးရင် အဲဒါ လူ့အခွင့်အရေး ချိုးဖေါက်တာပါပဲ။ နောက်တခါ မွေးကင်းစ ကလေးငယ်ကိုလည်း မွေးတဲ့နေ့ကနေ (၁၈) နှစ် ပြည့်တဲ့အထိ အစိုးရက ထောက်ပံ့ကြေး ပေးထားတာ တွေ့ရတယ်။

ဒီလို အချက်လက်တွေကို ပိုသိလာလေ၊ တောတွင်းကာလတုန်းက ဖြစ်သလို လုပ်ခဲ့ရတဲ့ ဘ၀ အခြေနေအပေါ် ဝမ်းနည်းရလေ ဖြစ်နေမိပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၀) >>>>>

ထက်အောင်ကျော်