မဲဆောက်တွင် ပီတိအိမ်က မြန်မာကလေးငယ်၊ လူငယ်များအတွက် အခမဲ့‌သင်တန်းများဖွင့်လှစ်

0
3284

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း ကလေးငယ်များနှင့် လူငယ်များ အခမဲ့တက်ရောက် နိုင်သော သင်တန်းများကို ဇန်နဝါရီလ အစောပိုင်းတွင် စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း Joy House (ပီတိအိမ်) ထံမှ သိရသည်။

ထိုင်းနိုင်ငံသားများနှင့်အတူ ယခင်က ရှိခဲ့ပြီးသား မြန်မာလူငယ်များ၊ အသစ်ထပ်ရောက်လာသော မြန်မာလူငယ်များ ကြား ယဉ်ကျေးမှုအချင်း ဖလှယ်ရန်နှင့် နိုင်ငံရေးအပါအဝင် ကြုံတွေ့ခဲ့ရသော နာကျင်ခံစားရမှုများကို မိမိဝါသနာ ပါသော ပညာရပ်များ သင်ကြားခြင်းဖြင့် ကုသပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပီတိအိမ်ထံမှ သိရသည်။

လက်ရှိအချိန်တွင် လက်လှည့်ဆပ်ကပ်ပညာ (juggling) နှင့် ပန်းချီသင်တန်းများကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စနေ၊ တနင်္ဂနွေနေ့တိုင်း ညနေ ၄ နာရီမှ ၆ နာရီအထိ မည်သူမဆို အသက်အရွယ်မရွေး တက်ရောက်နိုင်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ကဗျာလွတ် အခြေခံပထမအဆင့်၊ ဂီတအခြေခံအဆင့်၊ ပန်းချီသင်တန်းများ၊ Handy Craft လက်မှုပညာ၊ Eco Printing သဘာဝအခြေခံပုံနှိပ်သင်တန်းများကို ယခုဇန်နဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားပြီး သင်တန်းသား အရေအတွက်ပေါ်မူတည်၍ ဖွင့်လှစ်မည့်နေ့ရက်များကို ကြေညာသွားမည်ဟု ဆိုသည်။

“သင်တန်းသားကိုတော့ စလက်ခံနေပြီ။ သင်တန်းသားအပေါ်မူတည်ပြီးတော့ စနိုင်တဲ့ ပမာဏရောက်ရင် စဖွင့်ပါမယ်။ ရှေ့အပတ်မှာ စဖွင့်ဖို့ စီစဉ်ထားပေမယ့် လျှောက်လွှာတွေမစုံသေးရင် ထပ်စောင့်သွားဖို့ စီစဉ်ထားတယ်” ဟု Joy House ၏ တာဝန်ရှိသူ မနေခြည်ဝင်းက ပြောသည်။

Recorder ဟုခေါ်သည့် ပလွေအတတ်ပညာကိုလည်း တစ်ပတ်တွင် တစ်ရက် ထိုင်းဆရာကိုယ်တိုင်လာရောက် သင်ကြားပေးနိုင်ရန် စီစဉ်ထားရှိပြီး အသေးစိတ်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်တန်းကို မြန်မာကလေးများ၊ လူငယ်များ၊ လူကြီးများသာမက ထိုင်းလူမျိုးများပါ မိမိစိတ်ဝင်စားသော သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကိုလည်း Joy House Facebook Page တွင် ဖော်ပြထားသော Google Form မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

ယခုသင်တန်းသည် Joy House (ပီတိအိမ်) အနေဖြင့် ပထမဆုံး စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး Music (ဂီတ) နှင့် Art (အနုပညာ) သင်တန်းများကို စုစည်းဖွင့်လှစ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် Sport (အားကစား) သင်တန်းများပါ တိုးချဲ့ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပီတိအိမ်ကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုင်းဌာနဆိုင်များနှင့် ချိတ်ဆက်ထားကာ နောက်ပိုင်းတွင် မဲဆောက်ရှိ ထိုင်းတက္ကသိုလ်၊ ချင်းမိုင်တက္ကသိုလ်ရှိ ကျောင်းသား၊ ဆရာများနှင့် ချိတ်ဆက်၍ ပြပွဲများ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းလည်း အဖွဲ့ထံမှ သိရသည်။