ကာလရှည်ငြိမ်နေသည့် ရွှေနှင့် ဘတ် ဈေးပြန်တက်

0
2882

ကာလကြာရှည်‌ ငြိမ်နေသည့် ရွှေနှင့် ဘတ်ဈေးမှာ ယခုရက်ပိုင်းမှစတင်ကာ အတက်ဘက်ပြန်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လနှင့်ချီငြိမ်နေသည့် ‌အခေါက်‌ရွှေသည် ပြီးခဲ့သည့် သုံးရက်ခန့်မှစကာ ပြန်တက်လာပြီး လက်ရှိတွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနစ်သိန်းနှစ်သောင်းခွဲ (၂,၇၂၅,၀၀၀ ကျပ်) ပေါက်ဈေးရှိနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဈေးမတက်မီက တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်း (၂,၆၆၀,၀၀၀ ကျပ်) ဖြင့် လနှင့်ချီကြာ ဈေးငြိမ်နေခဲ့သည်။

“ဈေးကတော့ တဖြေးဖြေး ဆက်တက်လာမယ်ထင်တယ်” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ကမ္ဘာ့ရွှေဈေး တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်နိုင်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ထားဝယ်မြို့ရှိ အခြားရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တစ်အောင်စလျှင် ၁၇၉၉ ဒေါ်လာရှိရာမှ လက်ရှိတွင် ၁၈၅၂ ဒေါ်လာ ပေါက်ဈေးရှိနေသည်။

၁၂ ရက်တာ ကာလအတွင်း တစ်အောင်စလျှင် ၅၃ ဒေါ်လာ တက်သွားခြင်းဖြစ်သည်။

“အရောင်းအဝယ်က ငြိမ်တော့ ငြိမ်နေတယ်။ အခုလောလောဆယ် ရက်ပိုင်းမှာတော့ လာဝယ်သူ နည်းနည်းရှိတယ်ပေါ့နော်။ အဓိကတော့ ကမ္ဘာ့ရွှေဈေးနဲ့ပဲ မူတည်လိမ့်မယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ရွှေဈေးနှင့်အတူ ငြိမ်နေသည့် ထိုင်းဘတ်ဈေးမှာလည်း တဖြည်းဖြည်း ပြန်တက်လာပြီး လက်ရှိတွင် ထိုင်းငွေ တစ်ဘတ်လျှင် ၈၂ ကျပ်ကျော် ရှိလာသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ၈၁ ကျပ် ဝန်းကျင်ရှိသည်။

လက်ရှိပေါက်ဈေးအရ ထိုင်းငွေ ၁၂၁၅ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။