ပုလော ပြည်ထောင်စုလမ်းပေါ် ကျေးရွာများ လူမရှိတော့

0
3156

မြိတ်ခရိုင်၊ ပုလော၊ ပလ ပြည်ထောင်စုလမ်းပေါ်တွင် ရှိသည့်ကျေးရွာများ လက်ရှိအချိန်တွင် နေထိုင်သူ မရှိတော့ကြောင်း ဒေသခံများနှင့် ခရီးသည်များ ထံမှသိရသည်။

ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲ၊စက်တော်ရာ၊တပို၊ ဇရပ်ဆိပ်၊မိန်းမမြို့၊ မင်းပြင်၊တို၊ သင်္ကန်းတော၊တန်းရှင်း စသည့်ကျေးရွာ ဆယ်ရွာခန့်တွင် နေအိမ်များပိတ်ထားကြပြီး နေထိုင်ကြသူ မရှိတော့ကြောင်း ပုလောမြို့နယ်၊မင်းထိန်ရွာ ဒေသခံကပြောသည်။

“မြိတ်ဘက်ကလာရင် ကြဲကနေပြီးတော့ တစ်လျှောက်လုံးရွာတွေမှာ လူမရှိတော့ဘူး။ ရွာတိုင်းရွာတိုင်း အိမ်အပိတ်ခဲ(ချည်း)ဖြစ်ကုန်ပြီ။ မင်းထိန်ရွာရောက်မှပဲ လူပြန်တွေ့တယ်။ လမ်းသွားလာသူတွေလည်း တစ်ဦးစနှစ်ဦးစကလွဲပြီး မရှိတော့သလောက် တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ကြဲကျေးရွာသည် မြိတ်မြို့နယ်နှင့် ပလမြို့နယ်အစပ်အနီးရှိသည့် ကျေးရွာဖြစ်ပြီး မင်းထိန်ကျေးရွာမှာ ပလမြို့အလွန် ပုလောမြို့အနီးတည်ရှိသည့် ကျေးရွာဖြစ်သည်။

ဖော်ပြပါ ကျေးရွာလမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဥ်တန်းများ မိုင်းဆွဲခံရခြင်း၊ ခြုံခိုတိုက်ခိုက်ခံရခြင်းများ ဒီဇင်ဘာလအတွင်း ခပ်စိပ်စိပ် ရှိလာပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ မသင်္ကာသူတစ်ချို့ ဖမ်းဆီးစစ်ဆေးခံရခြင်းများကြောင့် ၎င်းတို့မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြခြင်းဖြစ်သည်။

“ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ စစ်မြေပြင်လို ပုံစံမျိုးဖြစ်နေတယ်။ မီးလောင်ထားတဲ့အိမ်တွေ၊ ပြာပုံတွေနဲ့ မြင်ကွင်းတွေက တကယ်စိတ်မကောင်းစရာတွေပါ”ဟု ခရီးသည်ယာဥ်မောင်း ကပြောပြသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်မှစပြီး ပလမြို့အမှတ် ၁၊၂ ရပ်ကွက်ဖြစ်သည့် တိုရွာအပါအဝင် တန်းရှင်း၊သင်္ကန်းတော၊ကဒဲ စသည့်ကျေးရွာများသို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲကြောင့် ဒေသခံ ဆယ်ဦးဝန်းကျင် လက်နက်ကြီးထိမှန်ခဲ့ပြီး ယင်းအနက်သုံးဦး သေဆုံးခဲ့ရကာ

ဒေသခံထောင်ချီ ထွက်ပြေးခဲ့ကြရသည်။

တိုက်ပွဲဖြစ်စဥ်အတွင်း ရွာသုံးရွာမှ နေအိမ် ၈၀ နီးပါးသည်လည်း မီလောင်ပြာကျခဲ့ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထံမှသိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်သည် တိုက်ပွဲအများဆုံးဖြစ်နေသည့် ဒေသတစ်ခုဖြစ်ပြီး အနည်းဆုံးကျေးရွာ နှစ်ဆယ်ဝန်းကျင်ခန့်မှ ပြည်သူများ နေရပ်စွန့်ခွါ ထွက်ပြေး နေကြရသည်။