တနင်္သာရီ၊ တကူတွင် မိုင်းကိုထုရာမှ ပေါက်ကွဲပြီး မိန်းကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

0
4050

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် လက်လုပ်မိုင်းကို ထုဖျက်ရာမှ ပေါက်ကွဲပြီး အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တကူကျေးရွာအုပ်စု၊ သံတိုက်ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သံတိုက်ရပ်ကွက်နေ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဒေါ်မူဆိုသူသည် ကျေးရွာအနီးဝန်းကျင်တွင် စွန့်ပစ်ဘူးခွံ၊ ပုလင်းခွံ လိုက်လံကောက်ယူကာ အဟောင်းဆိုင်တွင် တဆင့် ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းနေ့က ဘူးခွံ၊ ပုလင်းခွံများနှင့်အတူ လက်လုပ်မိုင်းတစ်လုံးကို ကောက်ယူလာခဲ့မိပြီးနောက် အိမ်အရောက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဒေါ်မူဆိုသူမှာ စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီအမျိုးသမီးက စိတ်တချက်တချက် လွတ်နေတဲ့သူပါ။ ဘယ်နားက သွားကောက်လာလည်းတော့ မသိဘူး။ အိမ်ရောက်တော့ အဟောင်းဆိုင်မှာသွားရောင်းဖို့ဆိုပြီး သားကို ထုဖျက်ခိုင်းတယ်။ အဲဒီမှာထပေါက်ပြီး အရှေ့မှာ ထိုင်နေတဲ့ မိန်းကလေး သေသွားတယ်။ သေသွားတဲ့ကောင်မလေးက အဖိုးအတွက် အအေးဝယ်ပြီးအပြန် ထိုင်ကြည့်မိရာကနေ ထိသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေါ်မူနှင့် သားဖြစ်သူသည်လည်း ဗုံးစထိမှန်မှုကြောင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း ဒေသခံများထံမှ သိရသည်။

“သားသမီးတွေလည်း ဘာမှန်းမသိပဲ အမေခိုင်းတိုင်းလုပ်လို့ အခုလိုဖြစ်သွားတာ” ဟု အသက် ၆၀ အရွယ်ဒေသခံ နောက်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် မိန်းကလေးကို ယမန်နေ့က မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

တကူကျေးရွာတွင် ယခုနှစ်အစမှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့အကြား
မကြာခဏ တိုက်ပွဲများဖြစ်လေ့ရှိပြီး ဒေသခံများလည်း မကြာခဏ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရလေ့ ရှိသည်။