ထားဝယ်တွင် နေအိမ် ဖောက်ထွင်းခံရ

0
3972

ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက် (၇) လမ်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်အိမ်တစ်လုံး ဖောက်ထွင်း ခံရကြောင်း နေအိမ်ပိုင်ရှင်မိသားစုဝင်များထံမှ သိရသည်။

သစ်သားကုလားထိုင် ငါးလုံး၊ သစ်သားစားပွဲတစ်လုံး၊ ၆ ပေ ၃ပေ ဗီရိုတစ်လုံး၊ ဆုံလည်ကုလားထိုင်တစ်လုံး၊ လေးထောင့် စားပွဲတစ်လုံးနှင့် ရေစုပ်မော်တာတစ်လုံး၊ သွပ်ပြားသုံးချပ် အခိုးခံလိုက်ရကြောင်း အိမ်ရှင်ဖြစ်သူ ဦးမောင်စိန်က ပြောသည်။

“စုစုပေါင်း ကာလတန်ဖိုးဆိုရင် သိန်းနှစ်ဆယ်ဝန်းကျင်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တစ်ထပ်တိုက်အိမ်မှာ ဆောက်လုပ်ဆဲဖြစ်ပြီး လူအမြဲနေထိုင်ခြင်း မရှိသေးကြောင်း နေအိမ်ပိုင်ရှင်က ပြောဆိုသည်။

“ကျွန်တော်က အိမ်ကိုသွားမကြည့်ဖြစ်တာ တစ်ပတ်ခန့်ကြာပြီ။ အိမ်က နှစ်ထပ်ဆောက်ဖို့ လုပ်ထားတော့ လှေကားပေါက် ဖောက်ထားတယ်ပေါ့နော်။ အဲဒီကနေဆင်းပြီး အခန်းတံခါးတွေကို သံတူးရွင်းနဲ့ ဖောက်ပြီးခိုးသွားတာ” ဟု အထက်ပါ အိမ်ရှင်အမျိုးသားက ပြောသည်။

ဖောက်ထွင်းခံရမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းကို တိုင်ကြားထားပြီး ဒီဇင်ဘာလ ၂၈ ရက်က ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးသွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်တွင် ခိုးမှု၊ ဓားပြတိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလျှက်ရှိပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိလေ့ မရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် လပိုင်း အတွင်းကလည်း ထားဝယ်မြို့တွင်းရှိ ကုန်စုံဆိုင်အချို့တွင် ဆိုင်အတွင်းငွေကြေးနှင့် တယ်လီဖုန်း ဟန်းဆက်များ အလစ်သုတ်ခံရသည် CCTV မှတ်တမ်းများ လူမှုကွန်ရက်တွင် ပေါ်ထွက်လာခဲ့သေးသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း လောင်းလုံးမြို့ ပေါ်တွင် နေအိမ်တစ်ဆောင် ဖောက်ထွင်းခံရပြီး စုစုပေါင်း ငွေသား သိန်း ၂၀ နှင့် ရွှေ ၁ဝကျပ်သားခန့် အခိုးခံလိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။