စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

0
3204
ဓာတ်ပုံ - ရေးဘီလူးအဖွဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲက ထုတ်ပြန်သည်။

“၅၈၆ တပ်ရင်းကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်၊ RPG သုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရေးဘီလူးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

တပ်ရင်း ၅၈၆ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀ မမတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ယင်းအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် စစ်ကောင်စီသတင်းပေးဆိုသူ များကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီကတော့ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု ထုတ်ပြန်ထားသည်။