စစ်ကြောင်းထိုးရှာဖွေဖမ်းဆီးမှုများဖြစ်ပြီးနောက် ဥတ္တူရွာသားများ အခြားမြို့ရွာများသို့ ရွှေ့ပြောင်း

0
3121

သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံများ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးစစ်ဆေးခံရပြီး နောက် ဥတ္တူရွာက ဒေသခံအများစု အခြားမြို့ရွာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာလ ၁၉ရက်တွင် ဥတ္တူရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေလာကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ ရှာဖွေရာတွင် လမ်းတလျှောက်ရှိ ရော်ဘာခြစ်သွားသည့် တောင်သူများ၊ ကွမ်းသီးခြံထဲသွားသည့် တောင်သူ များကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများတွင် သရက်နှစ်ခွရွာမှ ရော်ဘာခြစ်သွားသူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ဥတ္တူကျေးရွာက ရော်ဘာခြစ်တောင်သူများနှင့် ကွမ်းသီးခြောက်လုပ်သည့်နေရာမှ ဒေသခံများနှင့် ကျေးရွာတွင် ရှိနေသည့် ဒေသခံ ဆယ်နှင့်ချီလည်း ဖမ်းဆီးခံရရာတွင် ပါဝင်ကြောင်း ၎င်းတို့က ပြောသည်။

သို့သော် လူဦးရေအတိအကျကို အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးခံရသူများကို ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဥတ္တူရွာသား ကိုစည်သူဆိုသူကိုမူ ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်ဆေးနေသည်ဟုသိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် ဒေသခံများကြားစိုးရိမ်မှု မြင့်တက်လာပြီး စစ်ရေးတင်းမာလာမည်ကိုလည်း စိုးရိမ်သဖြင့် ပြောင်းရွှေ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပြောင်းနေကြတာကတော့ တစ်ရွာလုံးနီးပါးပဲ။ အခြေအနေဆိုးလာမှာ စိုးလို့တဲ့။ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာလည်း ပါတယ်။ နောက်ပြီး ဘာမှ မလုပ်ဘဲနဲ့ မတရားဖမ်းဆီးခံရမှာ စိုးလို့လည်းပါတယ်။ ကွမ်းသီးခြောက်လုပ်တဲ့သူတွေ လည်း ကွမ်းသီးခြောက်တွေပါ သယ်ပြီး မြို့ပေါ်တက်သူတက်၊ ဆွေမျိုးသားချင်းတွေနား လိုက်နေသူနေ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ဒေသခံများသည် အနီးဝန်းကျင်ကျေးရွာများ အပြင် ထားဝယ် စသည့်မြို့ပေါ်သို့ပါ ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

သရက်နှစ်ခွရွာတွင်လည်း အခြေအနေများ မအေးသဖြင့် ရွာသူရွာသားများ စိုးရိမ်နေကြကာ သတိထားနေနေကြရကြောင်း သရက်နှစ်ခွရွာသားတစ်ဦးက ပြောသည်။

သရက်နှစ်ခွရွာသည် ဥတ္တူရွာသို့ အဝင်အထွက် လမ်းပေါ်တွင်ရှိပြီး နှစ်မိုင်ခန့်ဝေးကွာသည်။