သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)

0
2776
တောင်ပိုင်းဒေသ စည်းရုံး-ပြန်ကြားအဖွဲ့ မင်းသမီးခစန်းမှာ ဆွေးနွေးပွဲလုပ်နေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၈-

(၁) နိုင်ငံခြားသားအမြင်နဲ့ မြန်မာအမြင် မတူသောအချက်များ

ဖုနန်းလွန်ကနေ တပ်မဟာ-၄ ဌာနချုပ် ထီးခီးကိုရောက်တော့ ကျနော်တို့အဖမ်းခံရတဲ့သတင်းကို KNU အရာရှိတွေ အားလုံးသိပြီးနေပါပြီ။ KNU ဟာ နိုင်ငံခြားသတင်းထောက်တွေကို သူတို့ကိုယ်တိုင်ဖိတ်ပြီး နောက်တန်း၊ ရှေ့တန်း နေရာအတော်များများကို ပြသနေပေမယ့် သူတို့ကို အသိမပေးပဲ ကျနော်တို့ အစီစဉ်နဲ့ ဒီလိုမျိုး သီးခြားခေါ်လာတာကိုတော့ သိပ်ကြိုက်ပုံမရ။

ဒါပေမယ့် တားဆီးဖို့ကလည်း မသင့်တော်တာနဲ့ ဘယ်နား မခေါ်သွားနဲ့၊ ဘယ်ဟာတွေကို မပြနဲ့လို့ ကျနော်ကို တီးတိုးပြောပြီး နိုင်ငံခြားသားအတွက် ရှေ့တန်းခရီးသွားခွင့်လက်မှတ် ရေးပေးလိုက်ပါတယ်။ အဲဒီတော့မှ မောင်ဒေးဗစ်ရဲ့ မျက်နှာ ပြုံးရိပ်သန်းလာပြီး သူကင်မရာကိုထုတ်ကာ စတင်ရိုက်ပါတော့တယ်။

သူ ပထမဆုံးရိုက်တာက ကျနော်တို့ မင်းသမီးစခန်းမှာ အဲဒီကာလက တပတ်တခါ ပုံမှန်ကျင်းပနေကျ တပ်ရင်းဆွေးနွေးပွဲဖြစ်ပါတယ်။ စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနက ဦးစီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲအတွင်း လက်တလောဖြစ် ပေါ်နေတဲ့သတင်းတွေ၊ နိုင်ငံရေးအခြေနေတွေ၊ တပ်တွင်းအခြေနေတွေ၊ ရှေ့တန်းအခြေနေတွေ အသီးသီးကိုတင်ပြီး အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အိမ်ထောင်သည်လိုင်းက မွေးကင်းစ သားသည်အမေတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲဟာ ကျနော်တို့အတွက် သိပ်မထူးဆန်းပေမယ့် နိုင်ငံခြား သတင်းထောက်တဦး အတွက်တော့ တွေ့သမျှအားလုံးဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။

ရှေ့က သဘာပတိ ကိုမျိုးဝင်းက အမျိုးသားညီလာခံကို ဘယ်လို တိုက်ဖျက်ရမယ်လို့ အားပါးတရ ပြောနေချိန်မှာ အနောက်ဖက်က ကလေးမိခင်တဦးက ကလေးကို နို့တိုက်ပြီး ချော့သိပ်နေပါတယ်။ ရဲဘော်တချို့ ဆေးလိပ်ဖွာပြီး တီးတိုးပြောနေတဲ့ ပုံမျိုးတွေကို မောင်ဒေးဗစ်ရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။

တခါ ငှက်ဖျားတက်နေတဲ့ ဆေးရုံပေါ်က ကလေးငယ်တွေ၊ ဆေးဝါးမလုံလောက်လို့ ငြီးနေတဲ့ ဆေးမှူး၊ အိမ်ထောင်သည်လိုင်းက အဟာရပြတ်နေပုံပေါ်တဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးငယ်တွေ၊ ရှေ့တန်းထွက်မယ်ပြောပြီး ကျည်ဆံမရှိတဲ့အတွက် အိမ်ထောင်သည်လိုင်းက ရဲဘော်တွေဆီမှာ ကာဘိုင် ကျည်တတောင့်ချင်း လိုက်စုနေတဲ့ပုံ။

ရှေ့တန်းမှာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ ရဲဘော်တဦးရဲ့ ကျည်ဘေးထွက်ပြီး ချော်ထိလို့ ကိုယ်တပိုင်း သေသွားတဲ့ ရဲဘော်ရဲ့ခံစားချက်။ ဒီလိုရှုပ်နေတဲ့ကြားထဲ ရှေ့မှာပြောခဲ့တဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဇင်းသန်းဇော်နဲ့ အဖွဲ့ ဆွမ်းခံကြွလာပုံတွေကို မောင်ဒေးဗစ်က အမိအရ ဗီဒီယိုမှတ်တမ်းတင်ထားပါတယ်။

ဆိုလိုတာတော့ ဒီလိုသရုပ်မှန် ပြကွက်မျိုးတွေဟာ နိုင်ငံတကာ ရုပ်သံမှတ်တန်းအတွက် အရေးကြီးပေမဲ့ အဲဒီကာလမှာ သတင်းထောက်ဖြစ်ကာစ ကျနော်က သတင်းတန်ဖိုး၊ ရုပ်သံတန်ဖိုးကို ကောင်းကောင်း နားမလည်သေး။

မြန်မာ့ရုပ်သံမှာပြနေကျ ဗဟိုသတင်းစဉ်လို ဝါဒဖြန့်ချိရေးဆန်ဆန် မှတ်းတမ်းတွေနဲ့သာ ရင်းနှီးနေသူဖြစ်ပါတယ်။ တခါ ABSDF ဗဟို ပြန်ကြားရေးဌာန ကိုယ်တိုင်ကလည်း ဗဟိုသတင်းစဉ်နဲ့ သိပ်မကွာတဲ့ ရုပ်သံတွေ ရိုက်ကူးနေဆဲ။

ကျနော့်အရင် ပြန်ကြားရေးတာဝန်ယူခဲ့တဲ့ ဦးဟန်လင်းကိုယ်တိုင်လည်း မင်းသမီးခစန်းအကြောင်း ရုပ်သံရိုက်တဲ့အခါ ဒီလိုဖြစ်ရပ်မှန်တွေ၊ အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ရှောင်ပြီး အားသာချက်တွေကိုသာ ဦးစားပေးတဲ့၊ တကယ့်ဖြစ်ရပ်ထက် လိုတဲ့အကွက်တွေကိုသာ ဆင်ပြီးရိုက်ခဲ့တာကိုသာ မြင်ဖူးတဲ့ ကျနော်အဖို့ မောင်ဒေးဗစ်ရဲ့ ရုပ်သံက တမျိုးကြီး ဖြစ်နေပါတယ်။

—————————

ဆွေးနွေးပွဲကို တက်လာသော မင်းသမီးစခန်းက ရဲဘော်-ရဲမေများ။

(၂) သေနတ်မကိုင် ကင်မရာသာကိုင်တဲ့ စစ်ကြောင်းမှူး

အစည်းဝေးနဲ့ ဆွေးနွေးပွဲအဖုံဖုံကို သတင်းတပတ်ကြာ လုပ်ပြီးတဲ့အခါမှာတော့ ကျနော်တို့အဖွဲ့ ရှေ့တန်း တကယ်ထွက်ဖို့ ပြင်ပါတယ်။ တောင်ပိုင်းစစ်ဒေသ အဖွဲ့ဝင်ဖြစ်တဲ့ ကျနော်က စစ်ကြောင်းမှူးတာဝန်ယူရပြီး မြောက်ပိုင်းကနေ ရောက်နေတဲ့၊ အပြောအဟောကောင်းတဲ့ ကချင်-ကိုကျော်ကျော်က စည်းရုံးရေးမှူးဖြစ်ပါတယ်။

(ABSDF ဗဟိုမှာ ကျော်ကျော် ၂-ဦးရှိတဲ့အတွက် ဒု ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျော်ကျော်ကို VC ကျော်ကျော်၊ မြောက်ပိုင်းက ပုဂ္ဂိုလ်ကိုတော့ ကချင်-ကျော်ကျော်လို့ ခေါ်ကြပါတယ်။ မိသားစုအမည်မရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထူးခြားတဲ့အမည်ပေးမှုလို့ ဆိုနိုင်ပါတယ်။)

ကျနော့်ရုံးအဖွဲ့မှာ ပါဝင်သူတွေကတော့ ပြန်ကြားရေးဌနက ကိုမင်းဇော်ရွှေ (အခု နယူးဇီလန်)၊ ဆက်သွယ်ရေးက ကိုမျိုးမျိုးဦး (အခု သြစတေးလျ)၊ ဆေးအဖွဲ့က ကိုမျိုးနိုင် (အခု အမေရိကန်)၊ လုံခြုံရေးအဖြစ် ကိုမြင့်အောင်နဲ့ ကိုဝင်းဌေး (အခု နယူးဇီလန်နဲ့ အမေရိကန်) တို့ ဖြစ်ပါတယ်။ 

ကိုကျော်ကျော်က ကာဘိုင်သေနတ်ကိုင်ပြီး ကျန်တဲ့ ရဲဘော်တွေက M 16 နဲ့ AK သေနတ်တွေကိုင်ကြပေမယ့် စစ်ကြောင်းမှူး ကျနော်ကတော့ ပစ္စတိုကိုင် ရမလားဆိုပြီး စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့တန်းရောက်တဲ့အထိ ဘာသေနတ်မှ မကိုင်ဖြစ်ပဲ ကင်မရာ တလုံးလွယ်ရင်းနဲ့ပဲ သေနတ်မပါတဲ့ စစ်ကြောင်းမှူးအဖြစ် အမည်တွင်သွားခဲ့ပါတယ်။

နိုင်ငံခြားသတင်းထောက်ရဲ့ မှတ်တမ်းတင်ပုံအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ ၇-ဦးနဲ့အတူ လှေစီးပြီး ခရီးထွက်လာတဲ့ မောင်ဒေးဗစ်ဟာ တွေ့သမျှ အားမနာတမ်း၊ တည့်တည့်ပြောရမယ်ဆိုရင် သတင်းထောက်တွေရဲ့ ထုံးစံအတိုင်း ဒုက္ခဖြစ်တဲ့နေရာမျိုး၊ ပြဿနာဖြစ်နိုင်တဲ့နေရာမျိုးကို လုံး၀ အလွတ်မပေးပဲ မှတ်တမ်းတင်တာကို ကျနော် သတိပြုမိပါတယ်။

ရှေ့ပိုင်းမှာ တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း မင်းသမီးကနေ ပြည်ခြား လမ်းခွဲအထိ လှေစီးသွားရတဲ့ တနင်္သာရီမြစ်ဟာ ရေစီးအလွန်သန်ပြီး ကျောက်ဆောင်တွေများလွန်းလို့ မကြာခန လှေမှောက်တာ၊ လှေဆင်းတွန်းရတာတွေ ဖြစ်လေ့ရှိပါတယ်။ ကျောက်ဆောင်ပေါပြီး ရေစီးကြမ်းလွန်းလို့ လှေမှောက်တော့မလိုလို ဖြစ်နေလို့ အားလုံးဆင်းပြေးပြီး လှေဆင်းတွန်းချိန်မှာ ဒီပုဂ္ဂိုလ်က လုံးဝမကြောက်မရွံ့၊ လှေပေါ်က လုံးဝမဆင်းပဲ လှေနစ်တဲ့ပုံကို ရအောင် မှတ်တမ်းတင်နေပြန်ပါတယ်။

တနင်္သာရီမြစ်နဲ့ ပြည်ခြားရွာအကြား သွားရတဲ့ တညအိပ် နှစ်ရက်ခရီးစဉ်မှာလည်း မိုးကရွာ၊ ကျွတ်ကတွယ်၊ လမ်းကချော။ ယူနီဖောင်း ဘောင်းဘီကိုချွတ်ပြီး အတွင်းခံဘောင်းဘီတိုနဲ့ လမ်းလျှောက်နေရတဲ့ ပုံတွေကိုလည်း သူက လုံး၀ အလွတ်မပေး၊ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တခါ ကျနော်တို့ ရှေ့တန်း တပ်ခွဲအခြေစိုက်ရာ ငါးတတ်ကျေးရွာ တောအုပ်ထဲက တပ်ခွဲမှူး ဗိုလ်လှဦး (အခု အမေရိကန်) အိမ်ရောက်တဲ့ အခါမှာလည်း သူက တခုမှ အလွတ်မပေး။

——————–

အမျိုးသမီးသမဂ္ဂ- BWU-အဖွဲ့ဝင်ရဲမေများ မင်းသမီးခစန်းမှာ ဆွေးနွေးနေစဉ်။

(၃) ဗဟိုသတင်းစဉ်အတွက် ရိုက်နေခြင်းမဟုတ်ပါ

တပ်ခွဲ ရှေ့တန်းအစည်းဝေးအတွင်း အမျိုးသားညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်လို့ ကိုကျော်ကျော်က အားရပါးရ ဟောနေချိန်မှာ အနောက်ဘက်နားရှိ ရဲဘော်တွေက အချင်းချင်း ဆော့ကစားနေတဲ့ပုံ၊ နောက်တခါ KNU က ငှားလိုက်တဲ့ ၆၀-မမ လက်နက်ကြီးကို ရှေ့တန်းမထွက်ခင် ကျနော်တို့ အစမ်းပစ်ကြည့်တဲ့အခါ ထည့်သမျှကျည် တလုံးမှ မပေါက်လို့ ကျောင်းသားတွေ စိတ်ပျက်လက်ပျက် ခေါင်းခါနေတဲ့ ပုံတွေကိုလည်း သူက အမိအရ ရိုက်ကူးထားခဲ့ပါတယ်။

အဆိုးဆုံးလို့ ကျနော်ထင်တဲ့ အကွက်ကတော့ အသက် ၁၅၊ ၁၆ အရွယ်သာရှိသေးတဲ့ ကျနော်တို့တပ်ထဲက ရဲဘော်ဘော်လေးတွေရဲ့ပုံကို ပြည်ခြားရွာက ခရစ္စမတ်ပွဲမှာ တွေ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်နှာနဲ့ယှဉ်ပြပြီး ABSDF, KNU အပါဝင် နယ်စပ်ကအဖွဲ့တွေဟာလည်း နဝတ-စစ်အစိုးရလိုပဲ ကလေးစစ်သားတွေ သုံးနေဆဲဖြစ်ပါတယ်၊

ကွာခြားတာဆိုလို့ နဝတ-က အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းပြီး တော်လှန်ရေးအဖွဲ့တွေကတော့ စေတနာ့ဝန်ထမ်း ဝင်လာတဲ့ လူငယ်တွေကို အသက် ၁၈ နှစ် မပြည့်သေးလည်း လက်ခံထားတယ်ဆိုပြီး သူရဲ့ မှတ်တမ်းထဲမှာ ထည့်ပြောထားတဲ့အချက် ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ သြစတေးလျ တီဗီလိုင်းတခုကနေ ထုတ်လွှင့်ခဲ့တယ်လို့ သိရတဲ့ ”Knife to knife, lance to lance” (ဓား ဓားချင်း၊ လှံ လှံချင်း) လို့ အမည်ပေးထားတဲ့ တနာရီစာ ဒီရုပ်သံမှတ်တမ်းပါ ဖော်ပြချက်တွေဟာ သတင်းတန်ဖိုးအရ၊ ရုပ်သံမှတ်တမ်း သဘောအရ အားသာချက်တွေဖြစ်ပေမယ့် အဲဒီကာလက သတင်းထောက်ဖြစ်ကာစ ကျနော်အဖို့ လုံး၀ လက်မခံနိုင်ပါ။

ဒီလိုအချက်တွေဟာ အဖွဲ့အစည်းကို သိက္ခာကျစေနိုင်တယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။ သတင်းထောက်တာဝန် ယူထားတဲ့ ကျနော်တောင် အဲဒီလို ယူဆနေတယ်ဆိုရင် ကျန်တဲ့ရဲဘော်တွေ ဘယ်လို ယူဆကြမလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။

ဒါပေမယ့် အခု အနှစ် ၂၀ လောက်ကြာပြီးတဲ့အချိန်၊ သတင်းသမား သက်တမ်း ၁၅ နှစ်ကျော်ရှိပြီးချိန်မှာတော့ အဲဒီလို အရှိကိုအရှိအတိုင်း မကွက်မဝှက် ဖော်ပြရဲတဲ့ မောင်ဒေးဗစ်ကို ကျနော် လေးစားနေမိပါတယ်။ တခါ မောင်ဒေးဗစ် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်တောတောင်တွေထဲက စစ်မြေပြင်အထိလာပြီး စွန့်စွန့်စားစား လနဲ့ချီ သတင်းလာယူကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ကျနော် အံသြနေမိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက စစ်မြေပြင်မှာ နိုင်ငံခြား သတင်းထောက်တွေကိုသာ တွေ့ဖူးပြီး မြန်မာသတင်းထောက်တွေကို တယောက်မှ မတွေ့ဖူးတဲ့အပေါ်လည်း ကျနော်စဉ်းစားနေမိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးကာလ မီဒီယာလွတ်လပ်ခွင့် မရှိခင်က မတွေ့မိတာကို ထားပါတော့။

အခု မီဒီယာ ပွင့်လင်းကာစ၊ ကချင်ပြည်နယ်အပါဝင် နယ်မြေတချို့မှာ စစ်ပွဲတွေဖြစ်နေစဉ်မှာလည်း ပြည်တွင်းပြည်ပ မြန်မာသတင်းထောက်တွေ စစ်မြေပြင်အထိ သွားပြီးသတင်းယူတာ၊ စစ်မြေပြင်ကနေ သတင်းပို့တာမျိုး မကြားမိသေးပါ။

၂-ဖက်တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းပွဲတွေ၊ ဒုက္ခသည်စခန်းတွေဆီသွားပြီး သတင်းပို့တာတွေ၊ အထူးသဖြင့် တယ်လီဖုန်းနဲ့မေးပြီး သတင်းပေးပို့ နေတာတွေကိုသာ အရင်ခေတ်ကနဲ့ ထူးမခြားနား တွေ့နေရဆဲဖြစ်ပါတယ်။

စစ်ရေးနဲ့ အလှမ်းဝေးတဲ့ တခြားသတင်းသမားတွေကို ထားပါဦး၊ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက ABSDF တာဝန်ရှိသူတဦး၊ DVB အတွက် တော်လှန်ရေး သတင်းသမားတဦးအဖြစ်နဲ့ ဒီလို တောတောင်တွေထဲက စစ်မြေပြင်အထိ မကြောက်မရွံ့ သွားရဲခဲ့တဲ့ ကျနော်ကိုယ်တိုင်လည်း အခုချိန်မှာ နယ်စပ်က တော်လှန်ရေးတပ်တွေနဲ့အတူ စစ်မြေပြင်ဆီသွားပြီး သတင်းယူခိုင်းမယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်အသိနဲ့ကိုယ် သတင်းသွားယူရမယ်ဆိုရင် အရင်လို သွားရဲပါတော့မလားဆိုတာ မသေချာပါ။

ဆိုတော့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ မြန်မာသတင်းထောက်တွေ စွန့်လွှတ်စွန့်စားတဲ့နေရာမှာ ဘာကြောင့် ဒီလို ကွာခြားနေသလဲဆိုပြီး ကိုယ်ဘာသာ မေးခွန်းထုတ်နေမိပါတယ်။

 ………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉) >>>>>

ထက်အောင်ကျော်