ပလမြို့တွင် တိုက်ပွဲပြင်းထန်

0
3176

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကစတင်ပြီး မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

“ပစ်ခတ်နေတဲ့ အသံတွေဆူညံနေတယ်။ တိုရွာလူတွေလည်း မြဒေါင်ရွာဖက်ကို ထွက်ပြေးလာနေကြတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး ပလမြို့နှင့် တစ်မိုင်နီးပါးကွာဝေးသည်။

တိုရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ရှိနေပြီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က ပလမြို့မှနေ၍ လက်နက်ကြီးများဖြင့် တိုရွာဖက်သို့ ပစ်ခတ်ခဲ့သဖြင့် အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံပို့ဆောင် ထားရကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံများက ပြောသည်။

တိုရွာဘက်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များက ပလတွင် ရှိသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပလတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်ကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် ဆက်သွယ်ရ ခက်ခဲနေကြောင်း ဒေသခံများ က ဆိုသည်။

ပလမြို့အခြေအနေနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။