လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်

0
4048

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ် သို့ရောက်ရှိကာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီဇင်ဘာ ၆ ရက်မှ ၈‌ ရက်နေ့အထိ ၇၂ နာရီအတွင်း တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကတည်းက မိုးရက်ဆက်ရွာသွန်းမှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံတောင်သူများ ကုန်ထုတ်လုပ်မှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာခြင်းများ၊ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်။

အထူးသဖြင့် စပါးရိတ်သိမ်းချိန်တွင် မိုးရွာခြင်းကြောင့် တောင်သူလယ်သမားများမှာ အခက်အခဲများကြုံတွေ့နေပြီး ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုးသက်လေပြင်းကျသည့်အခါ ရေ/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်း တစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်အထိရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။