ဝေလငါးမန်းသေဆုံးနေသည်ကို ကျွန်းစုမြို့တွင် လေးလတွင်းဒုတိယအကြိမ်တွေ့ရှိ

0
3801
ဓာတ်ပုံ- ဩဂုတ်လအတွင်းက ချောင်းကြီးဝကျေးရွာတွင် တွေ့ရသည့် ဝစီပျောက်ငါး

မြိတ်ခရိုင် ကျွန်းစုမြို့တွင် လေလအတွင်း( ဩဂုတ်လမှ နိုဝင်ဘာလအထိ) မျိုးသုဉ်းစာရင်းဝင် ဝေလငါးမန်း(Whale Shark) နှစ်ကောင် တွေ့ရှိခဲ့သည်။

အဆိုပါ မျိုးသုဉ်းစာရင်းဝင် ဝေလငါးမန်း(Whale Shark) အား ဒေသနေသူတို့မှ အဖြူစက်ပျောက်ကြားများပါရှိနေသဖြင့် ဝစီပျောက်ငါးဟု ခေါ်ဝေါ်လေ့ရှိကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က ကျွန်းစုမြိုနယ် ချောင်းကြီးဝကျေးရွာတွင် ဝေလငါးမန်း(Whale Shark) အသေတစ်ကောင်အား တွေ့ရှိခဲ့ကြောင်း ယင်းရွာနေသူတချို့က ပြောပြသည်။

“အိမ်နားက ငါးဖမ်းသမားတစ်ယောက်က ရေထဲမျောလာနေလို့ တွေ့ရတာ” ဟု ချောင်းကြီးဝကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ချောင်းကြီးဝကျေးရွာတွင် တွေ့ရှိရသည့်ဝေလငါးမန်း(Whale Shark) အသေ၏ အရှည်၊ လုံးပတ်နှင့် အထီးအမ စသည့် အချက်အလက်တို့အား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင် နိုဝင်ဘာလ ၂၉ ရက်နေ့က စခန်းသစ်ကျေးရွာအုပ်စု ရာကျော်သဲတန်းကျေးရွာ အရှေ့ပင်လယ်ပြင်ကျားပါးစပ် လုပ်ကွက်အနီးရေပြင်၌ ဝေလငါးမန်း(Whale Shark) တစ်ကောင်အား သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ယင်းရွာအနီးနေသူတချို့က ပြောပြသည်။

“ဒီက ခေါ်နေတာတော့ ဝစီပျောက်ငါးလို့ ခေါ်ပါတယ်၊ ပုပ်ပြီးမျှောနေတာ အသားတွေဆွေးကျကုန်ပြီ” ဟု ရာကျော်သဲတန်းရွာအနီးရှိ တောပြားကြီးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဝေလငါးမန်း(Whale Shark) သည် အရှည် ၃၂ ပေ၊ လုံးပတ် ၆ ပေရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ၎င်းအား ရာကျော်သဲတန်းကျေးရွာရှိ ကမ်းခြေသဲသောင်ပြင်တွင် မြေမြုပ်ခဲ့ကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ဝဲကျွန်းကျေးရွာ သဲဂလပ်အလုပ်စခန်းအနီးရှိ ရေကြီးသန်သည့် ဝဲဂယက်ရှိရာ နေရာတွင် အလျားအရှည် ၂၆ ပေ၊ လုံးပတ် ၁၂ ပေ ရှိ ဝေလငါးမန်း(Whale Shark) အမ အသေတစ်ကောင်မှာ ပုတ်ပွလျက် မျောနေသည်ကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဝေလငါးမန်းများ မကြာမကြာတွေ့ရှိနေခြင်းသည် ပင်လယ်ပြင် ဝဲကယက်မှ လမ်းမှားပြီး မြစ်ချောင်းတွင်း ဝင်ရောက်ကာ သေဆုံးလျက် တွေ့ရှိနေရခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ၂၀၂၀ ခုနှစ်အတွင်းက ပြောဆိုထားသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာများစာရင်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားပြီးဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် အဏ္ဏဝါနှင့် ရေချိုမျိုးစိတ်များစာရင်းဝင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရိစ္ဆာန်များအနက် ဝေလငါးမန်း(Whale Shark) (သိပ္ပံအမည် Rhincodon Typus )လည်း ပါဝင်သည်။

အဆိုပါ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိ ဝေလငါးမန်းများ သေဆုံးနေသည်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ခန့်မှစပြီး လက်ရှိအချိန်အထိ မကြာခဏ တွေ့ရှိနေရသည်။