သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁)

0
2937
မဟာမိတ်ဆက်ဆံရေး တာဝန်ခံတွေဖြစ်တဲ့ မန်းငြိမ်းမောင်နှင့် ကိုအောင်သန်းတို့ကို ပူးတွဲညီညွတ်ရေးကော်မီတီ အဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၀)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၁-

(၁) ထူးခြားသော ကျောင်သားရေးရာတာဝန်ခံ (သို့မဟုတ်) မန်းငြိမ်းမောင်

၁၉၉၁ ခုနှစ် ဒီဇင်ဘာကနေ ၁၉၉၃ နှစ်ကုန်ပိုင်းအထိ ဘက်မလိုက်ဥက္ကဋ္ဌတာဝန်၊ ပူးတွဲညီညွတ်ရေးကော်မီတီအတွင်းရေးမှူး တာဝန်တွေ ယူနေရစဉ်ကာလအတွင်း ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရသူ KNU အရာရှိကတော့ ဆရာမန်းငြိမ်း (ခေါ်) ပဒိုမန်းငြိမ်းမောင်ဖြစ်ပါတယ်။

(သူဟာ ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ လက်လှော်လှေနဲ့ ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးထဲကတဦး၊ မြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” စာအုပ်ထဲက ဇတ်လိုက် သံချောင်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်မှုနဲ့ တသက်တကျွန်း ချခံရသူ၊ ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ။ အဲ… အခု ၂၀၂၁ ခုနှစ်၊ စစ်အဏာသိမ်းပြီးချိန်မှာတော့ ထူးဆန်းစွာနဲ့ နေပြည်တော်က စကစ ထံ ရောက်နေသူဖြစ်ပါတယ်)။

အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ ဆရာမန်းငြိမ်းဟာ အဲဒီကာလက အသက် ၄၀ ကျော်ပဲ ရှိဦးမယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ အရင်က တပ်မဟာ ၆ မှာ ဆရာမန်းအောင်ဌေးတို့နဲ့အတူ တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၁၉၉၁ နှောင်းပိုင်း ABSDF အကွဲအပြဲကာလမှာမှ ကျနော်တို့ မင်းသမီးဒေသ၊ တပ်မဟာ ၄ ဆီ တာဝန်ပြောင်းလာသူ ဖြစ်ပါတယ်။

တပ်မဟာ ၆ ဖက်မှာ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ဖူးတဲ့ ဆရာမန်းငြိမ်းဟာ တပ်မဟာ ၄ ဒေသ၊ မြိတ်-ထားဝယ်ခရိုင်ရဲ့ ကျောင်းသားရေးရာ တာဝန်ခံဖြစ်လာပြီး အကွဲအပြဲကာလအတွင်း ကျနော်တို့နဲ့ အဓိကဆက်ဆံရသူ၊ ကျနော်တို့ စခန်း ၅ ခု၊ အထူးသဖြင့် ကျနော်တို့ ဘက်မလိုက်စခန်းဆီ နေ့စဉ်လိုလို ရောက်နေပြီး သင်တန်းဆင်းပွဲတွေ၊ တခြား ဆွေးနွေးပွဲတွေမှာ အမြဲတမ်းပါနေတဲ့ မဟာမိတ် ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

နောက်တခါ ပဒိုမန်းငြိမ်းမောင်ဟာ တပ်မဟာ ၄ ဒေသရဲ့ ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့အတွက် ကျနော်တို့တပ်ရင်းက ဘုန်းကြီးကျောင်းအလှူပွဲတွေ၊ ဥပုသ်နေ့ပွဲတွေမှာလည်း ကျနော်တို့တပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်နွှဲနိုင်သူတဦး ဖြစ်ပါတယ်။

တကယ်ကတော့ အကွဲအပြဲဖြစ်နေတဲ့ ABSDF တပ်ရင်း ၅ ခုကြား နေ့စဉ်လိုလိုလာပြီး ကြားဝင် ဆောင်ရွက်ပေးရတဲ့ အလုပ်ဟာ သိပ်မလွယ်လှပါဘူး။ လူအတော်များများဟာ ဒီလိုမျိုး ကြားညှပ်ခံရမယ့်အလုပ်၊ လူမုန်းခံရနိုင်တဲ့ အလုပ်မျိုးကို လက်ရှောင်လေ့ရှိပါတယ်။

သူ့ဖက်က စေတနာနဲ့ ဝင်ကူပေးတာဖြစ်ပေမယ့် အမြင်မတူတဲ့ ကျောင်းသားအဖွဲ့ခွဲတွေကြားမှာ သူအပေါ် အမြင်တွေကည်လည်း အမျိုးမျိုးဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းငြိမ်းမောင်ကတော့ သူများဝေဖန်တာတွေကို သိပ်ကရုမစိုက်ပဲ သူတာဝန်သူ ကျေပြွန်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

(၂) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ

“မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ” စာအုပ်ထုတ်ဝေပွဲတွင် တွေ့ရသည့် ပဒိုမန်းငြိမ်းမောင်။

အစောပိုင်းကာလတွေတုန်းကတော့ သူ့ကို ကျွန်းပြန်တဦးမှန်း ကျနော် မသိခဲ့ပါ။ သူကလည်း သူကျွန်းပြန်ဖြစ်တယ်ဆိုတာကို တခါမှ မပြောပြခဲ့ပါ။ နောက်ပိုင်း အချိန်ကြာလာပြီး လူချင်းရင်းနှီးလာတော့မှ သူဟာ ဆရာမန်းငွေအောင်၊ မန်းအောင်ကြည်တို့နဲ့အတူ ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ မိုင် ၂၀၀ ကျော်ကို လက်လှော်လှေ၊ ဝါးဖောင်နဲ့ထွက်ပြေးလာသူ၊ ဆရာမြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုထဲက ဇာတ်လိုက် သံချောင်းမှန်း သိလာရပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ သူ့ကို ကျနော်တို့ စခန်းဆီ ဖိတ်ကြားပြီး ကိုကိုးကျွန်းကနေ ထွက်ပြေးလာပုံအကြောင်း စာပေဟောပြောပွဲလေးတခု လုပ်ခဲ့သေးတာကို ကျနော်အမှတ်ရနေပါတယ်။ ရဲဘော်ထု ရှင်းလင်းပွဲလုပ်လေ့ရှိရာ ကုက္ကိုပင်ကြီးအောက်မှာ ပြုလုပ်တဲ့ အဲဒီ စာပေဟောပြောပွဲဟာ ကျနော်တို့စခန်းမှာ ပြုလုပ်ဖူးတဲ့ တခုတည်းသော စာပေဟောပြောပွဲလို့ ထင်ပါတယ်။

ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ မိုင် ၂၀၀ ကျော်ကို လက်လှော်လှေနဲ့ ထွက်ပြေးလာတဲ့ဖြစ်စဉ်ဟာ စိတ်ကူးယဉ်ဝတ္တုထက် ပိုမိုဆန်းကျယ်ပြီး မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ တကယ့် စွန့်စားခန်းကြီးတခု ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒီအကြောင်းတွေကို တခြားကျွန်းပြန်တဦးဖြစ်တဲ့ ဆရာဦးတင့်ဇော်က (RFA) လွတ်လပ်သောအာရှအသံမှာ “ကျွန်းအတိတ် အရိပ်ပမာ” ဆိုပြီး အခန်းဆက် အသံလွင့်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လမှာတော့ ဆရာမန်းငြိမ်းကိုယ်တိုင် ရဲဘော်ရှောင်းဆိုတဲ့အမည်နဲ့ “မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ” လို့ ခေါင်းစဉ်ပေးပြီး ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ ပါတယ်။ အဲဒီစာအုပ်ကိုပဲ ပြန်လည် တည်းဖြတ်ပြီး ၂၀၁၃ ခုနှစ်မှာ အခမ်းအနားနဲ့ ထပ်မံထုတ်ဝေခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့် စာအုပ်အပြင်အဆင် ဈေးကွက်စံချိန်မမီလို့လား၊ ဘာတွေအားနည်းခဲ့မှန်းမသိ။၊ ကိုယ်တိုင်ရေးစာအုပ်က ဦးတင်ဇော်ရဲ့ RFA က “ကျွန်းအတိတ် အရိပ်ပမာ” လောက် လူသိမများခဲ့သလို မြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” စာအုပ်လောက်လည်း မထင်ရှားခဲ့ပါ။

(၃) ကျောင်းသားကိုယ်စားလှယ် ပဒိုအောင်သန်း

အမေရိကန်ပြည်ထောင်စုက ABSDF နှစ်ပတ်လည်အခမ်းအနားတခုမှာ တွေ့ရတဲ့ ကိုအောင်သန်းကြီး။

KUN ဖက်က ဒီလိုထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကိုယ်စားလှယ် ဆရာမန်းငြိမ်းအကြောင်းကို ပြောရင်းနဲ့ ကျနော်တို့ ABSDF ဖက်က ထူးခြားတဲ့ မဟာမိတ်ဆက်ဆံရေးကိုယ်စားလှယ် ကိုအောင်သန်း (ကျနော်တို့ အချင်းချင်းကြားမှာတော့ ပဒိုအောင်သန်းလို့ ခေါ်ကြပါတယ်) ကိုလည်း သွားသတိရမိပါတယ်။

ပူးတွဲညီညွတ်ရေးကော်မီတီ အတွင်းရေးမှူးအဖြစ် ကျနော်တာဝန်ယူနေစဉ် ထီးခီးရှိ ကျောင်းသားတွေရဲ့ စခန်းထောက်နေရာကို အမြဲတမ်းရုံးခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၃ တပ်ရင်း ကိုထိန်လင်းတို့ဖက်က ကိုသန်းဦးစိုး (အခု အမေရိကန်) ကို ရုံးအဖွဲ့မှူးအဖြစ် တာဝန်ပေးခဲ့ပါတယ်။

မင်းသမီးစခန်းက အခမ်းအနားတခုမှာတွေ့ရတဲ့ ကိုအောင်သန်းကြီး။

ဒါပေမယ့် ဆန်သယ်တာ၊ ကားငှားတာ ကိစ္စအတော်များများကို အဓိက ဆောင်ရွက်ရသူကတော့ ၂၀၃ ကိုသောင်းထွန်းတို့ဖက်က ကိုအောင်သန်း (နောက်ပိုင်း အမေရိကန်ရောက်၊ ၂၀၂၀ နှောင်းပိုင်းမှာ ကိုဗစ်မိပြီး ကွယ်လွန်) ဖြစ်ပါတယ်။

အသားခပ်ညိုညို ဗလကောင်းကောင်း၊ စကားကြွယ်လှတဲ့ ရဲဘော်ကြီး ပဒိုအောင်သန်းရဲ့ မဟာမိတ်ဆက်ဆံရေး ကျွမ်းကျင်မှုက အတော်ထူးခြားပါတယ်။ ကျနော်တို့ ဆက်ဆံသလို KNU နဲ့ ABSDF အကြား ဟိတ်တွေဟန်တွေနဲ့ ဆက်ဆံတာကိုရှောင်ပြီး KNU အောက်ခြေရဲဘော်တွေနဲ့ နီးနီးကပ်ကပ် သင့်သလို ဆက်ဆံနိုင်တဲ့ အရည်ချင်းမျိုး သူ့မှာရှိပါတယ်။

ဥပမာအားဖြင့် ထီးခီးကနေ ကျနော်တို့စခန်းဆီ ဆန်နဲ့ တခြားရိက္ခာတွေ သယ်စရာရှိလို့ KNU ကားတွေကို လိုက်ငှားတဲ့အခါမျိုးဆိုရင် ကျနော်တို့လို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်သွားပြောတဲ့အခါ တပ်မဟာမှူးဆီက ခွင့်ပြုချက်ရပြီးပြီလား၊ ခရိုင်ဥက္ကဋ္ဌဆီက ခွင့်ပြုချက်ရပြီလား၊ မိုးရွာပြီးလမ်းချော်နေလို့ ဒီနေ့ကားမထွက်ဘူးဆိုပြီး ကားသမားတွေက အကြောင်းအမျိုးမျိုးပြ ငြင်းလေ့ရှိပါတယ်။

ဒါပေမယ့် ကိုအောင်သန်းကြီး သွားပြောလိုက်ရင်တော့ အဲဒီကားသမားက ဘာမှမမေးပဲ ချက်ချင်းထလိုက်လာလေ့ ရှိပါတယ်။ နောက်တခါ ထီးခီးက ကရင်ပဒိုတွေ၊ သူးခိုတွေအိမ်ဆီ ကျနော်တို့ သွားလည်ဖို့ တွန့်ဆုတ်လေ့ရှိပေမယ့် ကိုအောင်သန်းကြီးကတော့ အိမ်တိုင်းလိုလိုကို ရောက်ဖူးပြီး စားအိမ်သောက်အိမ်ဖြစ်အောင် စည်းရုံးထားနိုင်ပါတယ်။

အားလုံးသိတဲ့အတိုင်း KNU နယ်မြေမှာ အရက်မသောက်ရလို့ အမိန့်ထုတ်ထားပါတယ်။ ဒါပေမမယ့် ကိုအောင်သန်းကတော့ အဲဒီအမိန့်ကို ကင်းလွတ်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ပါတယ်။

ဆိုလိုတာကတော့ အဆင့်တန်းမရွေး မဟာမိတ်အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်တဲ့အရည်ချင်း သူ့မှာရှိတဲ့အတွက် ထီးခီး၊ ထီးထာတနယ်လုံးမှာ ကိုအောင်သန်းကို မသိသူ မရှိသလောက်ရှားပါတယ်။

ထီးခီး၊ ထီးထာ KNU ဂိတ်တွေက ကျောင်းသားဟုတ်မဟုတ် စစ်ဆေးတဲ့အခါ မိုးသီး၊ နိုင်အောင်၊ ဘက်မလိုက်၊ ဘယ်အဖွဲ့ကလဲလို့ မမေးတော့ဘဲ “ကိုအောင်သန်းကြီးကို သိလား။ ကိုအောင်သန်းကြီးတို့နဲ့ တဖွဲ့တည်းလား” ဆိုပြီးမေးတဲ့အထိ သူအမည်က KNU ရဲဘော်တွေကြား ပေါက်ရောက်ခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။
………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁) >>>>>

ထက်အောင်ကျော်