ယမ်းငွေ့များကြား ဖူးပွင့်ခွင့်မရသည့် ပန်းကလေးများ

0
3228
တနသ်ာရီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ

ကျောင်းစာသင်ခန်းနှင့် သုံးနှစ်ဝေးကွာသွားပြီဖြစ်သည့် လူမမယ်အရွယ် သားသမီးသုံးဦးအရေးကြောင့် မယု (အမည်လွှဲ) စားမဝင်၊ အိပ်မပျော်ဖြစ်နေရသည်။

ပညာမတတ်လျှင် မိဘများကဲ့သို့ပင် ဘဝကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ဖြတ်သန်းရမည်ကို တွေးပူကာ သောက ရောက်နေခြင်းဖြစ်သည်။

“ကလေးတွေရဲ့ဘဝ ကျွန်မတို့လိုဖြစ်လာမလား တွေးပြီး စားမဝင်အိပ်မပျော်ဖြစ်ရတယ်။ စာမတတ်ရင် ရွာမှာက ကျွဲလိုနွားလို ရုန်းကန်မှထမင်းစားရမှာကိုး” ဟု မယုက ပြောသည်။

တနင်္သာရီမြို့နယ် လယ်သစ်ရွာသူ အသက် ၃၈နှစ်အရွယ်ရှိ မယုတွင် ၇ တန်း၊ ၄ တန်းနှင့် သူငယ်တန်းနေ ကလေး သုံးဦးရှိသည်။ လက်ရှိတွင် ၎င်း၏ ကလေးငယ်များ ကျောင်းမတက်ရသည်မှာ ၃ နှစ်တင်းတင်း ပြည့်နေပြီဖြစ်သည်။

တနင်္သာရီတိုင်းတွင် ကျောင်းမတက်ကြရသည်မှာ မယု၏ ကလေးတို့သာမဟုတ်။ နိုင်ငံရေးပဋိပက္ခကြားတွင် ရင်သွေးများစွာ၏ လှပသည့်အနာဂတ်မှာ တစ်စတစ်စ ရိုက်ချိုးခံနေရသည်။

ကိုဗစ်ကပ်ဘေးကြောင့် တစ်နိုင်ငံလုံး ကျောင်းများ ပိတ်လိုက်ချိန်တွင် မယုတို့ နေထိုင်သည့် လယ်သစ်ရွာတွင်လည်း ကလေးငယ်များ ပညာသင်ယူခွင့် ရပ်နားလိုက်ရသည်။ ယင်းနောက် ကိုဗစ်ငြိမ်လာပြီး ကျောင်းများ ပြန်ဖွင့်ချိန်တွင် အာဏာသိမ်းမှုနှင့် ကြုံရလေတော့သည်။

စစ်အာဏာသိမ်းမှုလက်မခံဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပြုလုပ်ကြရာတွင် လယ်သစ်ရွာတွင် တာဝန်ကျ နေသည့် ကျောင်း ဆရာ၊ ဆရာမ အများစုပါဝင်ကြပြီး ဆရာအင်အား နည်းသွားသဖြင့် ပညာသင်ခွင့် မရကြပြန်ပေ။

ပညာသင်ကြားခွင့်ရရှိရန် နည်းလမ်းရှာနေကြစဉ်မှာပင် ၂၀၂၂ နှစ်စတွင် လယ်သစ်ဘက်သို့ စစ်မီးစတင်ကူးစက် လာတော့သည်။

ဒေသခံများမှာ အသက်လုထွက်ပြေးကြရသဖြင့် ကလေးများ၏ ပညာရေး ကမ်းမမြင်လမ်းမမြင် ဖြစ်သွားသည်။ ဒေသတည်ငြိမ်လာချိန် ၂၀၂၂ အောက်တိုဘာလဝန်းကျင်တွင် NUG နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အကူအညီဖြင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတို့ဖြင့် ကျောင်းပြန်ဖွင့်သည်။

ရွာစာသင်ကျောင်းမှာ စာအံသံများဖြင့် ပြန်လည်အသက်ဝင်လာတော့သည်။ သို့သော် မကြာလိုက်။ တိုက်ပွဲများ တစ်ကျော့ပြန်လာသဖြင့် အသက်လုပြေးကြရပြန်ရာ ပညာရေးရောင်နီလည်း ကွယ်ပျောက်သွားရ ပြန်တော့သည်။

“ကလေးတွေက ကျောင်းတက်နေတာ နှစ်လကျော်ပဲရှိသေးတယ်။ အခုတစ်ခါ တောထဲပြန်ပြေးရပြန်ပြီ” ဟု မယုက ပြောဆိုသည်။

အလားတူ လယ်သစ်ရွာက ဒေါ်အေး (အမည်လွှဲ) မှာလည်း တောတောင်ထဲတွင် ပုန်းခိုနေရသည်မှာ တစ်နှစ်ကြာလာပြီဖြစ်ပြီး ကလေးငယ်များ ကျောင်းနှင့်ဝေးကွာနေသည်မှာ သုံးနှစ်ရှိနေပြီဖြစ်သည်။

“တိုက်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ မဟုတ်ရင် ကလေးတွေက အသက်ကြီးကြီးလာပြီး ပညာရေးကို စိတ်မဝင်စား တော့ဘဲ တခြားဖက်ကို စိတ်ရောက်သွားမှာကို တွေးပူမိတယ်” ဟု ၈ တန်း ကျောင်းသူ၏ မိခင်တစ်ဦးဖြစ်သည့် ၎င်းက သူ၏စိုးရိမ်မှုကို ဖွင့်ဟသည်။

လယ်သစ် အရှေ့ကမ်းနှင့် အနောက်ကမ်းတို့တွင် ကျောင်းသားတစ်ထောင်ဝန်းကျင်ရှိပြီး ကျောင်းနှစ်ကျောင်းလုံးတွင် စာအံသံကင်းမဲ့နေပြီး စစ်ကောင်စီတပ်က မကြာမကြာ ပစ်ခတ်ခဲ့သည့် အမြှောက်သံ၊ သေနတ်ပစ်ဖောက်သံနှင့် ယမ်းငွေ့များကြား ကလေးများ၏ အနာဂတ်ပညာရေးသည်လည်း မှုံဝါးပျောက်ဆုံးနေကြပြီ ဖြစ်သည်။

မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ရွာပေါင်းသုံးဆယ်ခန့်မှ ပြည်သူများမှာ နီးစပ်ရာမြို့များ၊ ကျေးရွာများနှင့် ဘေးလွတ်ရာ တောတောင်များအတွင်း ပုန်းအောင်းနေထိုင်နေကြရသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေပြီး ကလေးငယ်အများစုပါဝင်ကြောင်း ဒေါနစစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင်လည်း ဒေသမတည်ငြိမ်သဖြင့် ကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံးနေကြရသည်။ စော်ဖျားမှာ တိုက်ပွဲပြင်းထန်သည့် တောင်ပျောက်တိုက်နယ် အဝင်တွင် ရှိသည်။

လယ်သစ်ကဲ့သို့ပင် စော်ဖျားတွင်လည်း ဆရာ၊ ဆရာမများ CDM လုပ်ကြသည်။ ကျောင်းဖွင့်ချိန်တွင် စစ်ကောင်စီ ဖွင့်သည့် ကျောင်းဖြစ်သဖြင့် ကလေးများကို မိဘများက ကျောင်းမပို့လိုကြ။

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ကြား အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများကြောင့်လည်း ဒေသခံများ အသွားအလာ၊ အနေအထိုင် ပိုသတိထားလာကြရသည်။

တိုက်ပွဲများပါဖြစ်လာချိန်တွင် နီးစပ်ရာ တောတောင်၊ ကျေးရွာ၊ မြို့တို့အပြင် ထိုင်းသို့ပါ ထွက်ပြေးကြရသည်။ လက်ရှိတွင်ပင် စော်ဖျားရွာတွင် လူသုံးပုံ တစ်ပုံခန့်သာ ကျန်တော့သည်ဟု ဒေသခံတို့က ဆိုသည်။

ထို့ကြောင့် ရွာကျောင်းပိတ်ထားရပြီး ကလေးများ စာမသင်ရသည်မှာ သုံးနှစ်တိုင်ရှိနေပြီဖြစ်သည့်အတွက် ကလေးများ၏ ပညာရေးနောက်ကျမည့်အပေါ် စောဖျားရွာသူ မဖြူ (အမည်လွှဲ) လည်း စိတ်ပူနေသည်။

“တစ်နှစ်ပြီးတစ်နှစ် အသက်တွေက ကြီးလာနေပြီ။ ကလေးတွေ စာမတတ်မှာကို စိုးရိမ်တယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းတက်သူမရှိတာ့ စာသင်ကျောင်းအချို့မှာ တပ်စွဲသည့် နေရာတစ်ခုအဖြစ် မြင်တွေ့လာရကြောင်း တိုင်းအတွင်းက ဒေသခံအချို့က ပြောဆိုသည်။

နယ်ဒေသများတွင် ဆရာ၊ ဆရာမများ CDM လုပ်သဖြင့် ကျောင်းမဖွင့်နိုင်၊ တိုက်ပွဲများကြောင့် မအေးချမ်းသဖြင့် ပညာသင်ခွင့် ဆုံးရှုံးကြရသလို ကျောင်းဖွင့်သည့် မြို့ပေါ်တွင် ပညာသင်ခွင့် ဆုံးရှုံးနေသူများရှိသည်။

စစ်ကောင်စီဖွင့်သည့် ကျောင်းတွင် မထားလိုကြသလို လုံခြုံရေးအရ စိတ်ပူသဖြင့်လည်း ကျောင်းသို့ မလွှတ်ရဲကြပေ။ ကျောင်းမထားချိန် နောက်ထပ်ပညာရေးတစ်ခုခုကိုလည်း လက်လှမ်းမမီချိန်တွင် ပညာသင်ကြားခွင့် ဆုံးရှုံးနေရခြင်း ဖြစ်သည်။

“ကျွန်တော့ အနေနဲ့တော့ စစ်ကောင်စီသင်တဲ့ ကျောင်းမှာ ကလေးတွေကို မထားချင်ဘူး။ ကလေးတွေလည်း မတက်ချင်ကြဘူး။ တချို့မိဘတွေကလည်း စစ်သားတွေ ကျောင်းမှာရှိနေလို့ ကိုယ့်ကလေးတစ်ခုခုဖြစ်မှာ ကြောက်တယ်ဆိုပြီး မထားရဲကြတာတွေလည်းရှိတယ်” ဟု မြိတ်မြို့နေ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စစ်ကောင်စီဖွင့်သည့် ကျောင်းကို မတက်လိုကြသူများနှင့် အကြောင်းကြောင်းကြောင့် ပညာသင်ကြားခွင့် မရသည့် ကလေးငယ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ် ကြားကာလ ပညာသင်ကျောင်းဖြစ်သည့် အခမဲ့အွန်လိုင်းကျောင်းများပေါ်လာသည်။

သို့သော် ယင်းကျောင်းမှာလည်း ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာ သင်ကြားပေးနိုင်ခြင်း၊ နည်းပညာအခက်အခဲ၊ ငွေကြေးအခက်တို့ကြောင့် လူတိုင်း လက်လှမ်းမမီနိုင်ကြပေ။

တစ်ဖက်တွင် ယင်းကျောင်းတက်သူများ၏ စာရင်းများ ပေါက်ကြားခြင်းကြောင့် သင်ကြားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အချို့မှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ထို့ကြောင့်လည်း မလုံခြုံသဖြင့်လည်း မတတ်ရဲသူများရှိလာသည်။

“NUG အနေနဲ့ အွန်လိုင်းက သင်လည်း ကျွန်မတို့အတွက် အင်တာနက်ဖိုးက မတတ်နိုင်ဘူးလေ” ဟု သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာသူ မဖြူက ညည်းသည်။

အွန်လိုင်းပညာရေးက ကျေးလက်နေလူတန်းစားများအတွက် လက်လှမ်းမမီသလို အွန်လိုင်းမှ စာသင်နေသည်ဟု သတင်းပေါက်ကြားလျှင်လည်း အဖမ်းခံရနိုင်သဖြင့် အများစုမှာ အွန်လိုင်းမှသင်ရန် မဝံ့မရဲဖြစ်ကြသည်ဟု ဆိုသည်။

ထို့ကြောင့်ပင် တနင်္သာရီတိုင်းက ရင်သွေးငယ်များစွာ ကျောင်းနှင့် ဝေးနေကြရသည်။

တနင်္သာရီတိုင်း ပညာရေးမှူးရုံး၏ အချက်အလက်အရ တိုင်းအတွင်း ကျောင်းသား၊ ကျောင်းသူ ထက်ဝက်ကျော် ကျောင်းတက်နေကြပြီး ထက်ဝက်နီးပါးမှာ ကျောင်းမတက်ကြကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က တိုင်းအတွင်း ကျောင်းသားဦးရေ သုံးသိန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းသား တစ်သိန်းခုနှစ်သောင်းကျော် ကျောင်းတက်ရောက်လျှက်ရှိသည်ဟု ဆိုသည်။

ဆိုရလျှင် ကလေးငယ် တစ်သိန်းလေးသောင်းနီးပါး ကျောင်းမနေရသည့် သဘောဖြစ်သည်။

ယင်းအပြင် စာသင်ကျောင်း ၂၃၅၀ ရှိသည့်အနက် လက်ရှိတွင် ၁၀၃၅ ကျောင်းသာ ဖွင့်လှစ်နိုင်သေးသည်ဟုလည်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက Dawei Watch သို့ ပြောသည်။

ကလေးငယ်များ ပညာမသင်ကြားရဘဲ အချိန်ကြာလာလျှင် ပညာရေးတွင် စိတ်မဝင်စားတော့မည်ကို မိဘများက စိုးရိမ်နေကြသည်။

ကျောင်းမတက်ရသဖြင့် အရွယ်မတိုင်ခင် မိဘလုပ်ငန်းခွင်ဝင်နေရသည့် ကလေးငယ်များအပါအဝင် ဘောလုံးကန်၊ ရေကူး၊ ဂိမ်းဆော့ စသည့် ကစားနည်းမျိုးစုံ ကစားရင်း ကလေးငယ်များ၏ တန်ဖိုးရှိသည့် အချိန်များ ကုန်ဆုံး နေကြသည်။

အနာဂတ်တွင် အားယူပွင့်လန်းရန် နေရောင်ခြည် မရကြသည့် ပန်းဖူးလေးများနှယ် ဖြစ်နေသည်။

စော်ဖျားရွာရှိကလေးများမှာ တက်စရာကျောင်း ပိတ်ထားသလို၊ ကျူရှင်သင်ကြားသူလည်းမရှိသဖြင့် ညနေစောင်းလျှင် အုပ်စုလိုက် စက်ဘီးစီးခြင်း၊ ရွာအနီးစမ်းချောင်းတွင် ရေကူးဆော့ကစားခြင်းများကိုသာ ပြုလုပ်လျှက် မှုံဝါးဝါး အနာဂါတ်နှင့်အတူ နိစ္စဓူဝ ဖြတ်သန်းနေကြကြောင်း မဖြူက ဆိုသည်။

“အိမ်မှာ ရသလောက်တော့ သင်ပေးနေတယ်။ ဒါပေမဲ့ အိမ်မှာဆိုတော့ သူတို့စိတ်မဝင်စားဘူး။ ကျူရှင် သင်ပေးမယ့် သူလည်း ရွာမှာမရှိဘူး” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် သားသမီးပညာရေး ရင်လေးရသည်ဟု ဆိုသည်။

စစ်ဘေးရှောင် ကလေးများဆိုလျှင်လည်း တောတောင်ထဲ ပြေးလွှားဆော့ကစားရင်းပင် အချိန်ကုန်ဆုံးနေသည်။

“ကလေးတွေလည်း စာမသင်ရ၊ ဝါးရုံတောထဲ ဆော့ကစားရင်း အချိန်ကုန်နေရတယ်။ အိမ်နဲ့ယာနဲ့လည်း မနေရ၊ တောထဲတောင်ထဲနေရတာ စားရေးသောက်ရေးကလည်း တော်တော် ဒုက္ခရောက်တယ်” ဟု လယ်သစ်ရွာသူ မယုက လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေကို ညည်းတွားသည်။

သရက်ချောင်းမြို့နယ်မှ ထိုင်းသို့ရောက်နေသည့် CDM အလယ်တန်းပြဆရာမတစ်ဦးကလည်း လက်ရှိသူ၏ တပည့် များတွင် ကျောင်းမတက်ရသဖြင့် စိတ်လေပြီး အိမ်ထောင်ပြုသွားကြသူများပင် ရှိလာနေကြောင်း စိုးရိမ်တကြီး ပြောဆိုသည်။

စစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခကာလအကြား ကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံးမှုဖြစ်ပေါ်နေပြီး အနာဂတ် မရေမရာဖြစ်နေသည့် ကလေးများအနေဖြင့် သင်ယူချင် စိတ်ရှိနေရန်နှင့် စိတ်လေမသွားရန် မိဘများက ဂရုတစိုက် ထိန်းကျောင်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

ကိုယ်နှင့်နီးစပ်သည့် CDM ဆရာ၊ ဆရာမ သို့တည်းမဟုတ် ကျောင်းပြီးထားသည့် လူပုဂ္ဂိုလ်များအနေဖြင့် ကလေးများ၏ ပညာရေး ပံ့ပိုးပေးရန်လည်း လိုအပ်ကြောင်း အဆိုပါဆရာမက ဆိုသည်။

“ခုဆိုရင် ကလေးတွေကတော့ တော်တော်များများ စိတ်လေနေကြပြီ။ စာသင်ခန်းထဲ ပြန်ရောက်နိုင်ဖို့ဆိုတာကလည်း နိုင်ငံရေးအခြေအနေပေါ် မူတည်နေတယ်လို့မြင်တယ်” ဟု ၎င်းက ပြောသည်။

ကလေးငယ်များ စာသင်ခန်းထဲ မရောက်သည်မှာ သုံးနှစ်သုံးမိုးကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံရေးပဋိပက္ခများ မည်သည့်အချိန်ကာလမှ အဆုံးသတ်မည် မမှန်းဆနိုင်သေးသော်လည်း မိဘများမှာ ကလေးငယ်များ ပညာရေးအတွက် မျှော်လင့်နေကြဆဲပင်။

“ခေတ်ကောင်းလာတဲ့တစ်နေ့ အသက်ဘယ်လောက်ကြီးကြီး ကျောင်းပြန်ထားပြီး စာတော့ တတ်အောင် သင်ပေးမယ်” ဟု မဖြူ စိတ်ဆုံးဖြတ်ထားသည်။

လက်ရှိတွင်မူ ပန်းကလေးများ ဖူးပွင့်ရန် နေခြည်မှာ ရွှေရည်လောင်းသည့် ရွာစာသင်ကျောင်းအချို့သည် တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ပန်းဖူးကလေးအချို့သည်လည်း တောတောင်လျှိုမြောင်ကြား ယမ်းငွေ့တွေနှင့်အတူ မွန်းကျပ်ပိတ်လှောင်နေကြသည်။

စာသင်ကျောင်းအချို့သည်လည်း ပျော်ရွင်စွာစာအံနေသည့် ကလေးတို့၏ နှစ်လိုဖွယ် အသံများနေရာတွင် အမြှောက်သံ၊ သေနတ်ပစ်ဖောက်သံနှင့် ယမ်းငွေ့တွေအကြား ကျရောက် ကြမ္မာငင်နေသလို   နံနက်နေခြည်နွေးတို့ဖြင့်လည်း ရွှေရည်မလောင်းနိုင်ကြတော့။

လယ်သစ်ရွာသူ မယုအတွက်မူ မိဘများ အတန်းပညာရေး ကောင်းကောင်း မတတ်နိုင်ခဲ့သည့်အတွက် လယ်ယာရွံ့နွံထဲ ရုန်းကန်သလို လူမမယ်ရင်သွေးသုံးဦးလည်း ရုန်းကန်ရမည်ကို စိုးရိမ်လျက်ရှိပြီး အောက်ပါအတိုင်း ဆုတောင်းစကားဆိုသည်။

“တိုက်ပွဲတွေမြန်မြန်ပြီးပါစေလို့ပဲ ညအိပ်ရာဝင်တိုင်း ဆုတောင်းနေရတယ်”