မိုးကြောင့် မွန်ရှိ ဆားကွင်းများပျက်စီး၊ ဆားအထွက်နောက်ကျနိုင်

0
3310

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်ရန် ပင်လယ်ရေစလှန်းသည့် နိုဝင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဆားကွင်းများပျက်စီးကာ ဆားထုတ်လုပ်မှုနောက်ကျနိုင်ကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင် တို့ထံမှ သိရသည်။

ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြကြောင်း ၎င်းတို့က ပြောသည်။

“ဆားကြမ်းထုတ်လုပ်နိုင်ဖို့ ပင်လယ်ဆားငန်ရေ နေလှန်းထားတဲ့အချိန်မှာ မိုးရွာချလိုက်တဲ့အတွက် အဲဒီရေက ပျက်စီး သွားတယ်။ ဆားထုတ်လို့ မရတော့ဘူး။ နောက်တစ်ခါ ပင်လယ်ဆားငန်ရေ ပြန်ထည့်မှ ဆားထုတ်လို့ရမယ်။ အဲဒီလိုလုပ်ဖို့က တစ်ရက်၊ နှစ်ရက် နေသာတာနဲ့ လုပ်လို့မရဘူး။ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်လောက် အချိန်ယူရတယ်” ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၄ ရက်နေ့အထိ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ရာသီဥတုအခြေအနေကောင်းမွန်ပါက ဒီဇင်ဘာလ ဒုတိယအပတ်ခန့်တွင် ဆားစတင်ထုတ်လုပ်ကြကြောင်း ဆားလုပ်ငန်းရှင်တို့က ဆိုသည်။

“မိုးရွာလိုက်လို့ ဆားကွင်းတွေ ပျက်စီးကုန်တယ်။ ဆက်လုပ်ဖို့ကလည်း မိုးက နေ့တိုင်းလိုလိုရွာနေတော့ ဆက်လုပ်လို့ မရသေးဘူး။ ပြန်လုပ်ဖို့ကလည်း အချိန်ယူရတယ်။ ဒီလိုမိုးဖျက်နေတော့ အထွက်လည်းနောက်ကျသွားမယ်” ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ ဆားလုပ်ငန်းရှင်တစ်ဦးက နိုဝင်ဘာလ ၂၇ရက်က ပြောသည်။

ယခုနှစ်ဆားလုပ်ရာသီတွင် ပင်လယ်ရေစလှန်းသည့်အချိန် မိုးရွာချသည့်အတွက် ဆားကွင်းများ ပျက်စီးပြီး ပုံမှန် ဒီဇင်ဘာလတတိယအပတ်ခန့်တွင် ထွက်သည့်ဆားသည် ဇန်နဝါရီလဆန်းပိုင်းခန့်မှသာ ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောဆိုသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်လည်း ဆားထုတ်လုပ်မှုစရိတ် ယမန်နှစ်များကထက် ပိုမိုကုန်ကျထားရသည့်အပြင် ဖျက်မိုးကြောင့် လုပ်ငန်း နှစ်ခါပြန်လည်လုပ်ကိုင်ရသည့်အတွက် ဆားလုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေကြရ သည်ဟု ဆိုသည်။

“ဒီနှစ်က အလုပ်သမားခ၊ ဒီဇယ်ဈေး အကုန်ဈေးတက်နေတော့ ရင်းနှီးထားရတဲ့ စရိတ်ကလည်းကြီးတယ်။ အခု မိုးပါ ထပ်ဖျက်တော့ ပြန်လုပ်ရတယ်။ ထပ်ကုန်ဦးမယ်” ဟု ရေးမြို့နယ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းအပြင် ရာသီဥတုကြောင့် ဆားကွင်းပျက်စီးမှုရှိထားသည့်အတွက် ဆားအထွက်နှုန်းလည်း လျော့ကျသွားနိုင်သဖြင့် အရှုံးပေါ်မည်ကို ဆားလုပ်ငန်းရှင်တို့က စိုးရိမ်နေကြသည်။

ယမန်နှစ် ဆားထုတ်လုပ်ရာသီတွင်လည်း ရာသီဥတုဖျက်ဆီးပြီး ဆားအတွက်နည်းခဲ့ခြင်းကြောင့် လက်ရှိတွင် လက်ကျန်ဆားနည်းပါးကာ ဆားဈေးကောင်းရရှိနေကြောင်း သံဖြူဇရပ်မြို့နယ် ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

လက်ရှိတွင် ဆားကြမ်းဈေး တစ်ပိဿာ ကျပ် ၃၀၀ နီးပါး ပေါက်ဈေးရှိနေပြီး ဆားအသစ်ထွက်များလာသည့်အခါ ဆားဈေးကျသွားနိုင်သည်ဟု ဆားဈေးကွက်ထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ဆားကွင်းဧကပေါင်း ၄၀၀၀ ခန့် ဆားထုတ်လုပ်နေကြသည်ဟု သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်းဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချလေ့ရှိသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပါင်မြို့နယ်ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်။