နှစ်လအတွင်း ရွှေ့ပြောင်းလုပ်သားတစ်ထောင်ကျော် ကော့သောင်းနယ်စပ်မှ ထိုင်းသို့ တရားဝင်ထွက်ခွာ

0
3225

နှစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ထောင်ကျော် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြာင်း စုံစမ်းသိရသည်။

အောက်တိုဘာနှင့် နိုဝင်ဘာလတို့အတွင်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာမှု ၁၁ မကကြိမ်ရှိသည်။

ထွက်ခွာသူ ရွှေ့ပြောင်းအလုပ်သမားဦးရေ စုစုပေါင်းမှာ ၁၁၁၄ ဦးရှိပြီး မြန်မာပြည်အနှံ့က ပြည်သူများပါဝင်သည်။

ယင်းကိန်းဂဏန်းမှာ စစ်ကောင်စီ၏ ပြန်ကြားရေးစာမျက်နှာတစ်ခုဖြစ်သည့် We Love Kawthaung Facebook တွင် ဖော်ပြထားသည့်များကို စုစည်းထားခြင်းသာဖြစ်ပြီး အမှန်တကယ်ထွက်ခွာသူ အရေအတွက်ကိုမူ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေသူများ ထိုင်း၊ မလေးရှားစသော အိမ်နီးချင်းနိုင်ငံများသို့ အစုလိုက်အပြုံလိုက် ထွက်ခွာသွားပြီး အများစုမှာ ‌တရားမဝင်လမ်းကြောင်းကို အသုံးပြု ထွက်ခွာကြသည်။

တရားမဝင်လမ်းကြောင်းဖြင့် သွားသူများမှာ တရားဝင်ထွက်ခွာခြင်းထက် အဆပေါင်းများစွာပိုများသည်။ ထိုကဲ့သို့ တရားမဝင်လမ်းကြောင်းမှ သွားသူများကို ‌ဒေသအခေါ် ဘောလုံးဟု ခေါ်ဆိုကြသည်။

“ဟိုတလောကတော့ ကားစီးလုံးဖြတ်နဲ့ကို ပို့ရတာတွေရှိတယ်” ဟု ထားဝယ်-ထီးခီးလမ်းမှတစ်ဆင့် ဘောလုံး ပို့ဆောင်ပေးဖူးသည့် ကားသမားတစ်ဦးက ပြောသည်။

ပြည်တွင်း နိုင်ငံရေးအခြေအနေ မငြိမ်သက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလားခြင်း၊ ထိုင်းနိုင်ငံသို့ သွားရန် အချိန်ကြာမြင့်စွာ စောင့်ရခြင်း၊ ငွေကြေး အကုန်အကျများခြင်းတို့ကြောင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်သူများမှာ ပိုများနေခြင်းဖြစ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေသူများက ပြောဆိုကြသည်။

လတ်တလောတွင်မူ ဘောလုံးသယ်သည့် ကားများ ထားဝယ်-ထီးခီးလမ်းပိုင်းဖြတ်သန်းခွင့်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ဘက်က ပိတ်ထားသည်။

MOU အလုပ်သမားများကိုမူ တိုင်းအတွင်းရှိ ကော့သောင်းနယ်စပ်ဂိတ် တစ်ခုတည်းကသာ ထွက်ခွာခွင့်ပြုထားသည်။

ကိုဗစ်ကပ်ဘေးကြောင့် MoU စနစ်ဖြင့် တရားမဝင် မြန်မာအလုပ်သမားခေါ်ယူမှုကို ၂နှစ်အကြာ ပိတ်ထားခဲ့ရာမှ ယခုနှစ် မေလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်က ပြန်လည်စတင်ခေါ်ယူခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ စတင် ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုကြောင့် ပိတ်ထားသည့် ကော့သောင်းနယ်စပ်ဂိတ်ကိုလည်း ယခုနှစ် ဇွန်လက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နောက် အလုပ်သမားများကို တရားဝင်ခေါ်ယူနေခြင်းဖြစ်သည်။