ရွှေနှင့် ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

0
3562

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ ဈေးတန်းတစ်ခုတွင် တန့်နေပြီး ဈေးအတက်အကျ မရှိသလောက်နည်းခဲ့သည်။

အခေါက်ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ပြီးခဲ့သည့်နှစ်ပတ်ကတည်းက အတက်အကျ နည်းနေခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဈေးတန့်နေသည့်ရွှေ အရောင်းအဝယ်မဖြစ်

တစ်ကျပ်သားလျှက် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် တန့်နေသည့် အခေါက်ရွှေမှာ အရောင်းအဝယ် မရှိသလောက်ပါးနေသည်။

နိုဝင်ဘာလ ၂၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိဘဲ အဆိုပါဈေးတန်းဖြင့်ပင် ရောင်းချနေသည်။

အလှုပ်အခတ်မရှိဘဲ ဈေးအီနေသည့်အတွက် ရောင်းလိုသူများက အခြေအနေ စောင့်ကြည့်နေသလို ဝယ်မည့်သူများကလည်း ဈေးထပ်ကျမည့်အရေး မျှော်နေကြသည်ဟု ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

 “အရောင်းအဝယ်ကတော့ အရမ်းကိုကျသွားတယ်ရှင်။ ဈေးကငြိမ်နေတော့ အရောင်းလည်းမရ အဝယ်လည်းမရ ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်(သောကြာနေ့) ပေါက်ဈေးအရ တစ်ကျပ်သားလျှင် ၂၆ သိန်းခွဲ ဈေးဖွင့်ထားသည်။

ရွှေနှင့်အတူ အီနေသည့် ဘတ်ဈေး

ထိုင်းဘတ်လဲနှုန်းမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး ဈေးအီနေခဲ့သည်။

တနင်္လာနေ့(နိုဝင်ဘာလ ၂၁ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၇၉ ကျပ်ခွဲဝန်းကျင်  ပေါက်ဈေးရှိခဲ့သည်။

နောက်ရက်များတွင် ထိုင်းငွေတစ်ဘတ်လျှင် ဈေးအလှုပ်အခတ် မရှိသလောက်ဖြစ်နေပြီး ယင်းနှုန်းထားဖြင့်ပင် ဈေးဖွင့်ထားကြသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၅၅  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်များသည့် စက်သုံးဆီဈေး

ရွှေနှင့် ဘတ်ဈေးအလှုပ်အခတ်နည်းသလောက် စက်သုံးဆီဈေးမှာ အတက်အကျရှိနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၁၀ ကျပ်ရှိခဲ့ပြီးနောက် နေ့တိုင်းနီးပါး ဈေးပြောင်းနေသည်။

ထိုနောက်အင်္ဂါနေ့တွင် တစ်လီတာလျှင် ၂၀၄၀ ကျပ်ဖြစ်သွားပြီး သောကြာနေ့တွင်မူ ၂၀၇၀ ကျပ်ဈေးပေါက်နေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ် မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်တွင်လည်း ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် ဈေးအပြောင်းအလဲ ဖြစ်မလာဘဲ အကျဘက်ကို ဖြည်းဖြည်းချင်းသွားနိုင်သည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာလည်း အကျဘက်ရောက်နေသည့်အပြင်   အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထား ငြိမ်နေသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် ၁၇၅၄ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေပြီး ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကျနိုင်သည့် အနေအထားရှိသော်လည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ထင်သလောက်မကျနိုင်သည့် အခင်းအကျင်းဖြစ်သည်။

ထိုကြောင့် လာမည့်အပတ်တွင် ရွှေဈေး အပြောင်းအလဲကြီးကြီးမားမား မဖြစ်နိုင်ဟု ခန့်မှန်းရသည်။

 ထိုင်းဘတ်ဈေးလည်း ဈေးအတက်အကျ ကြမ်းနိုင်သည့် အနေအထားမျိုး မရှိနိုင်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲဈေးအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံစိမ်းပေါက်ဈေးမှာ အကျဘက်တွင်ရှိနေပြီး ဒေါ်လာဈေးကလည်း ကျနေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်း လက်ရှိဈေးနှုန်းအတိုင်းနီးပါးသာ ဈေးဆက်ဖွင့်နေမည်ဖြစ်ဟု ခန့်မှန်းရသည်။