ဘန်ကောက်တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော မြန်မာလုပ်သား နေရပ်ပြန်ပြီဟုဆို

0
3494

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော မြန်မာအလုပ်သမားကို ယနေ့ (နိုဝင်ဘာ ၂၆) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးထံမှ သိရသည်။

 ကိုအဒီးအမည်ရှိသော မြန်မာအလုပ်သမားသည် ဘန်ကောက်မှ မဲဆောက်သို့ ကားဖြင့် ရောက်ရှိလာခဲ့ပြီးနောက် မဲဆောက်မြို့ အလုပ်သမားသံအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။

“ဒီနေ့ပဲ အဆင်ပြေအောင် ဆောင်ရွက်ပေးလိုက်ပါပြီ၊ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လွှတ်ပေးလိုက်တာပါ” ဟု မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင်က ဆိုသည်။

အလုပ်လက်မဲ့ဖြစ်နေသော ကိုအဒီးသည် ဘန်ကောက်ခရိုင် ဟွေ့ကွမ်ဒေသ မာန်ရတီလမ်းဆုံရှိ ဖလမ်းကောက် ခုံးကျော်တံတားပေါ်မှ နိုဝင်ဘာလ ၁၃ ရက်‌ ညနေပိုင်းတွင် ခုန်ချအဆုံးစီရင်ရန် ကြံစည်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ကိုအဒီးသည် ဘားအံမြို့၊ တောင်ကလေးကျေးရွာတွင် နေထိုင်သူဖြစ်ကာ လွန်ခဲ့သော အောက်တိုဘာလကုန်က ဘန်ကောက်မြို့သို့ ပွဲစားမှတစ်ဆင့် တရားမဝင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပွဲစား၏ လိမ်လည်ခြင်းကိုခံခဲ့ရသော ကိုအဒီးသည် ဘန်ကောက်မြို့တွင် အလုပ်အကိုင်မရရှိသဖြင့် နေထိုင်စားသောက်ရန် ခက်ခဲနေကာ ဘာသာစကားနားလည်မှုမရှိသဖြင့် စိတ်ကျရောဂါရရှိနေခြင်းဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ခုန်ချရန် ကြံစည်ခဲ့သော ကိုအဒီးကို ဗန်ကောက်မြို့ မက်ကဆန်ရဲစခန်းမှ ရဲမှူး နာရွတ်ဒေ့ (Narongdet Butnamphet) ကိုယ်တိုင် အချိန်အတော်ကြာသည်အထိ နှစ်သိမ့်စကားများဖြင့် ဖြောင်းဖြပြောဆိုခဲ့ရပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုအဒီးကို ကယ်တင်နိုင်ခဲ့ပြီးနောက် ရဲမှူးက ရဲစခန်းသို့ ခေါ်သွားကာ ထပ်မံနှစ်သိမ်မှုပေးခဲ့ပြီး နေရပ်ပြန်ပို့နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုစင်တာ (ဘန်းခင်း)၌ Quarantine ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။