သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)

0
2571
အမှတ် ၂၀၁ တပ်ရင်း၊ တပ်ရင်း ညီလာခံမှ အလှည့်ကျ သဘာပတိအဖွဲ့ဝင်များ။

<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)

အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ)

အခန်း-၂၃-

(၁) တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ်

ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေအားလုံး အစုံအညီတက်နိုင်မဲ့ တပ်ရင်းညီလာခံ ခေါ်လိုက်ပါတယ်။

အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးပဲ (ဝမ်တိုက်ပွဲမှာ ကတုတ်ကျင်းထဲကနေ သေနတ်ပစ်ဖူးတာကလွဲရင်) ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်းသွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။

ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ လှေကြုံရှိတုန်း အလည်သဘော ရှေ့တန်း လိုက်သွားခြင်းသာ ဖြစ်ပါတယ်။

တော်လှန်ရေးသက်တမ်း တနှစ်ကျော်ကြာလာပြီဆိုတော့ ကျနော်တို့ ကျိုးဖိုးတွေလည်း တောခိုခါစကလို ကုန်းကြောင်းချည်း လျှောက်စရာ မလိုတော့ပါ။ တခြားတော်လှန်ရေး အဖွဲ့တွေလို ကားတွေ၊ စက်လှေကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်မှု မရှိသေးပေမယ့် လူ ၇ ယောက်လောက် စီးနိုင်တဲ့ စက်လှေငယ်တစီးတော့ ကျနော်တို့တပ်ရင်းက ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

အဲဒီလှေကိုစီးပြီး ကျနော်တို့ ခစန်းကနေ တနင်္သာရီမြစ်အတိုင်း စုန်ဆင်းလာတော့ ပထမဆုံး တွေရတဲ့နေရာက အမာရာရွာပဲဖြစ်ပါတယ်။ ကျနော်တို့စခန်းနဲ့ မိနစ် ၂၀ ခန့်အကွာ တနင်္သာရီမြစ်ရဲ့ တဖက်တချက်မှာ ရှေးဟောင်းပုံစံ အိမ်တွေကိုတွေ့ရပြီး ထူးထူးခြားခြား အိမ်အများစုဟာ မြစ်ရဲ့အနောက်ဖက်ကမ်း၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ KNU က ဆောက်ပေးထားတဲ့ ထီးထာ၊ အမိုရွာတွေလို မြစ်ရှေ့ဖက်ခြမ်း ထိုင်းနဲ့နီးတဲ့ဘက်ကို မီခိုဆောက်ထားတာ မဟုတ်ဘဲ မြစ်အနောက်ဘက်ကမ်း မြန်မာဘက်ကို မှီခိုဆောက်ထားတာကို သတိပြုမိပါတယ်။

နောက်တခါ အမာရာမှာတွေ့ရတဲ့အိမ်တွေဟာ ထီးထာ၊ အမိုဖက်ကလို အခု ဆယ်စုနှစ်အတွင်း ဆောက်ထားတဲ့ ထိုင်းစတိုင်လ် အိမ်သစ်တွေ မဟုတ်ပဲ ကျနော်တို့ ထားဝယ်ဘက်က အိမ်တွေလို နိုင်တီးဂွမ်တီး ဒီဇိုင်း၊ အိမ်အို၊ အိမ်ဟောင်းတွေ ဖြစ်ပါတယ်။

နောက် ဒီရွာကလူတွေအားလုံးဟာ ခရစ်ယာန် ဘာသာဝင်တွေ မဟုတ်ပဲ မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ နတ်ကိုးကွယ်သူတွေ များတာကို တွေ့ရပါတယ်။ အိမ်ခြေ ၅၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ ဒီရွာဟာ ရဲဘော်သုံးကျိပ်အဖွဲ့ အများတောင်ကြားလမ်းကနေ ဝင်မလာခင်ကတည်းက ရှိနေတဲ့ ရွာဟောင်းဖြစ်မယ်လို့ ယူဆရပေမယ့် တောထဲမှာ နေစဉ်တုန်းကတော့ ဒီလိုအရေးကြီးတဲ့ အချက်လက်တွေကို အသေချာမေးမြန်း စုံစမ်းရကောင်းမှန်း ကျနော်မသိခဲ့ပါ။

အဲဒီ ရာဇဝင်ထဲက အမရာရွာကိုကျော်ပြီး ဆက်ဆင်းလာတော့ ပေါလိုက်တဲ့ ကျောက်ဆောင် ကျောက်တန်းတွေ။ လှေကိုခဏခဏရပ်ပြီး လမ်းဆင်းလျှောက်ရပါတယ်။ တနင်္သာရီမြစ်ဟာ သံလွင်တို့၊ သောင်ရင်းတို့လို မဟုတ်။ ရေတိမ်ပြီး ကျောက်ဆောင်တွေ ပေါတဲ့အတွက် သံလွင်-သောင်ရင်းဘက်ကလို စက်လှေကြီးတွေ သွားလို့မရပါ။ သစ်လုံးကို ထွင်းထားတဲ့ ထွင်းလှေကို အပေါ်မှာ သစ်ပြားနည်းနည်းထပ်ဆင့်ပြီး ဆောက်ထားတဲ့ ဒေသသုံးလှေတွေနဲ့ပဲ သွားလို့ရပါတယ်။

အဲဒီလို ဆင်းလိုက် တွန်းလိုက် သုံးခါလောက် လုပ်ပြီးချိန်မှာတော့ ရှေ့မှာကျနော်ပြောခဲ့တဲ့ ရတ်ချပူရီ-တဂိုလန်း (အခုထန်းဟင် ဒုက္ခသည်စခန်းအနီးကရွာ) ထောမမော ဘက်ကနေ ဝင်ရင် အနီးဆုံးစခန်းဖြစ်တဲ့ မောထာ ကုန်သွယ်ရေးစခန်းကြီးကို တွေ့ရပါတယ်။

ထီးထာ၊ အမိုရွာတွေလိုပဲ တနင်္သာရီမြစ်ရဲ့ အရှေ့ဘက်မှာ ရွာတည်ထားတာကို တွေ့ရပြီး ထိုင်းဒီဇိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွာဟာ တကယ့်ဈေးတန်းကြီးဖြစ်ပြီး ထီးထာ၊ အမိုတို့ထက် များစွာ စည်ကားနေပြီး ကုန်စုံဆိုင်ကြီးတွေ၊ ဗီဒီယိုရုံတွေနဲ့ မက်သလေစခန်းနဲ့ ခပ်ဆင်ဆင်တူတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းထောက်ရွာကြီးတရွာအဖြစ် ကျနော် အမှတ်ရနေပါတယ်။

(၂) သူပုန် မဖြစ်လိုက်မှာစိုးလို့ ရိုရိုကျိုးကျိုး ဆက်ဆံရ

တပ်မှူးများနှင့် ညီလာခံ ကိုယ်စားလှယ်များ။

မောထရွာကအထွက်မှာတော့ အခြေခံ ဒေသမြို့နယ်အုပ်ချုပ်ရေးရုံး၊ KNU စစ်ဆေးရေးဂိတ်မှာ ကျနော်တို့အားလုံး အစစ်ဆေးခံရပါတယ်။ ထီးထာ၊ ထီးခီးလမ်းနဲ့ ထိုင်းနိုင်ငံထဲ အဝင်-အထွက်ဂိတ်တွေမှာ တဦးချင်းခရီးသွားရင်းနဲ့ KNU ဂိတ်က အစစ်ခံရတာကို စိတ်ထဲမှာ ကသိကအောက်ဖြစ်ပေမယ့် အထူးအထွေ ခံစားမှုမဖြစ်ခဲ့ပါ။

ဒါပေမယ့် အခုလို ယူနီဖောင်း အပြည့်အစုံ၊ လက်နက်အပြည့်အစုံနဲ့ ခရီးသွားတဲ့ တပ်တခုက အရာရှိတွေကို အခြားတပ်တခုက စစ်သားလေးတွေက စစ်ဆေးတဲ့အပေါ်မှာတော့ စိတ်ထဲ အတော်ခံစားလိုက်ရပါတယ်။

KNU နဲ့ ကျနော်တို့ ABSDF ဟာ အိမ်ရှင်နဲ့ ဧည့်သည်လိုဖြစ်နေမလားပါပဲ။ KNU နယ်မြေထဲ ခရီးသွားတာအပြင် အခုလို ရှေ့တန်းထွက်တာကိုတောင် KNU ဆီက ခရီးသွားလက်မှတ်ယူရပြီး ဒီလို စစ်ဆေးရေး ဂိတ်တွေရောက်ရင် အဲဒီလက်မှတ်ကို ထုတ်ပြ၊ အစစ်ခံရပါတယ်။ ဂိတ်တာဝန်ကျ ရဲဘော်လေးတွေရဲ့ စစ်ပုံစစ်နည်းကလည်း ကြည့်ပါဦး။ ကုန်သည်လှေကို စစ်တာထက်တောင် ကျနော်တို့လှေကိုစစ်တာက ပိုအသေးစိပ်နေပါတယ်။

“တပ်ထောက်၊ ခင်ဗျားတို့နောက်တန်းမှာ မမိုက်ပါဘူးဗျာ။ ဟိုဂိတ်မှာ အဟောက်ခံရ၊ ဒီဂိတ်မှာအတားခံရနဲ့။ ကျနော်တို့ရှေ့တန်းကိုသာ လာခဲ့စမ်းပါ။ ဘာလက်မှတ်မှ မလိုဘူး” ဆိုပြီး တပ်ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ နောက်တန်းရောက်တိုင်း ပြောခဲ့ဖူးတဲ့စကားတွေကို အခု ဒီဂိတ်မှာ ကိုယ်တိုင်အစစ်ခံရတော့မှာပဲ ကျနော်လည်း နည်းနည်း သဘောပေါက်သလို ရှိလာပါတယ်။

တဆက်တည်းမှာပဲ သူပုန်လေး တခါဖြစ်ဖို့အရေး ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရလို့ အဓိပ္ပာယ်ရတဲ့ အဲဒီကာလက ကျနော်တို့ သူပုန်ပေါက်စတွေကြား နာမည်ကြီးခဲ့တဲ့ ၆၀၁ တပ်ရင်းမှူး ကိုတိုက်မောင်းရဲ့ ကဗျာ ”မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းခြင်း” ထဲက စာသားတချို့ကို သွားသတိရ မိပါတယ်။

“ကံကောင်းလို့ သူပုန်လေး တခါလာဖြစ်မိ
ဟိုလူ့မျက်နှာကြည့်
သည်လူ့မျက်နှာကြည့်
ကြည့်ရ၊ ရှောင်ရ၊ ကြောက်ရ …

သူပုန် မဖြစ်လိုက်မှာစိုးလို့
ရိုရိုကျိုးကျိုး ဆက်ဆံရ
ဒေါသတွေ ရောင်းလို့ရရင်
ဘီလျံနာတောင် ဆင်ထိန်းခန့်လို့ရမယ် …”

ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ကြီးတိုက်မောင်း ဘယ်နေရာမှာ ဘာတွေကြုံလို့ ဒီကဗျာကို ရေးဖြစ်ခဲ့မှန်း ကျနော်မသိပါ။ ဒါပေမယ့် ကျနော်ကြုံလိုက်ရတဲ့ ခံစားချက်နဲ့ သူ့ကဗျာထဲက စာသားတွေ ကွက်တိဖြစ်နေတာကတော့ အမှန်ပါပဲ။ ဒီလိုနဲ့ “ရောင်းလို့မရတဲ့ ဒေါသတွေကို တနင်္သာရီမြစ်ထဲ မျောချ” ပြီး ရှေ့ခရီး ဆက်နိုင်ဖို့ ကြိုးစားရပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ကနေ နည်းနည်း ဆက်ဆင်းလာတော့ လှေဆက်သွားလို့ ဘယ်လိုမှ မရနိုင်တော့ဘူးလို့ ထင်ရတဲ့ ရှမ်းသုံးထောင်အကွေ့ကို ရောက်ပါတယ်။ မီတာ ၅၀ ကျော်လောက် အရှည်ရှိတဲ့ ကျောက်ဆောင်၊ ကျောက်တုံးတွေက ရေလမ်းကြောင်းကို ပိတ်ထားပြီး အဲဒီ ကျောက်တုံးတွေကြားကနေ လှေကို ခဲရာခဲဆစ် ဆွဲသွားရတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီ ရှမ်းသုံးထောင်ကို ကျော်ပြီး နောက်တွေ့ရတဲ့ရွာက အောင်သာဝရဖြစ်ပါတယ်။ ဒီအမည်ဟာ ကရင်အမည်နဲ့ မတူတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ ရှမ်းသုံထောင် ရာဇဝင်၊ အမရာ ရာဇဝင်တွေနဲ့ ဒီရွာဆက်စပ် နေပုံရပါတယ်။ ဒါပေမယ့် အဲဒီကာလကတော့ ရာဇဝင်လှန်နေဖို့ အချိန်မရပါ။ (အခုတော့ အဲဒီ အောင်သာဝရရွာဟာ မြန်မာစစ်အစိုးရ စစ်ဗျုဟာတခု အခြေစိုက်ထားတဲ့ ရွာကြီးတရွာအဆင့်တောင် ဖြစ်နေပြီလို့ သိရပါတယ်)။

အဲဒီ အောင်သာဝရရွာက ဘုန်းကြီးကျောင်းမှာ တညအိပ်ပြီး ဆက်ဆင်းလာတော့ KNU တပ်ခွဲ ၄ အခြေစိုက်တဲ့၊ ဒေသအခေါ် ချောင်းမကြီးဆိုတဲ့နေရာကို ရောက်ပါတယ်။ ဒီနေရာမှာ ချောင်းလက်တက်တခုကို တွေ့ရပြီး အဲဒီ ချောင်းရိုးလေးကနေတဆင့် တောင်တန်းတွေကို ကျော်ပြီးဆက်သွားရင် ပြည်ခြား-ပုလောဘက်ကို ရောက်နိုင်ပါတယ်။ (အဲဒီခရီးစဉ်တုန်းက ပြည်ခြားဖက် မသွားဖြစ်သေးပါ)

ချောင်းလက်တက်ကို ကျော်ပြီး ဆက်ဆင်းလာတော့ မြစ်ပြင်က နည်းနည်းပိုကျယ်လာပြီး ရှမ်းသုံးထောင်လို ကျောက်ဆောင်တွေလည်း မရှိတော့ပါ။ မြစ်ထဲမှာတွေ့ရတဲ့ လှေအမျိုးစားတွေကလည်း ပြောင်းလာတာကို သတိထားမိပါတယ်။ ကျနော်တို့စီးလာတဲ့ သစ်လုံးထွင်းလှေတွေအပြင် တရုတ်တုံကင်းလို လှေကြီးတွေ။ ကမ်းရိုးတန်းသွား လှေကြီးတွေကိုပါ မြင်လာရပြီး ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံတင်ကာ လှည့်ပတ် ရောင်းချနေတဲ့ ကုန်တင်လှေကြီးတွေကိုလည်း မြင်လာရပါတယ်။

(၃) စော်လဝချောင်းဝမှ မြိတ်မြို့ဆင်ခြေဖုံးဒေသသို့

တပ်ခွဲ ၁ မှူး ကိုဖေသင်အား သင်တန်းဆင်းပွဲတခုမှာ တွေ့ရစဉ်။

ဒီလိုနဲ့ လှေငယ်လေးပေါ်မှာ နှစ်ရက်ခွဲလောက် အောင့်အည်းသည်းခံ စီးပြီးတဲ့အခါမှာတော့ တနင်္သာရီမြစ်နဲ့ စော်လဝချောင်းဆုံရာ KNU တပ်ခွဲ ၅ အခြေစိုက်စခန်းကို ရောက်သွားပါတယ်။

စော်လဝချောင်းဖျားမှာ ဗကပ မြိတ်ခရိုင်ဘက်က ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့တပ်ဖွဲ့ရှိတယ်လို့ သိရပေမယ့် အဲဒီအခေါက်က ကျနော်သွားဖို့ အချိန် မရလိုက်ပါဘူး။ (ဗိုလ်မှူးစိုးလွင်ဟာ ဗကပတောခိုကတည်းက ပါလာတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် BIA အရာရှိဖြစ်ပြီး တနင်္သာရီတိုင်း တပ်မှူးနဲ့ ဗဟိုကော်မီတီဝင် တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ မှာ ကွယ်လွန်သွားပါတယ်။ ဗကပ- တနသာၤရီတိုင်း နိုင်ငံရေးမှူးက ပီကင်းပြန် ဦးစောဟန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။)

အဲဒီကာလ KNU တပ်ခွဲ ၅ မှူးက ဗိုလ်ဂျဲနီလို့ထင်ပါတယ်။ ဗိုလ်ဂျဲနီ တပ်ခွဲရုံးရဲ့ တဘက်ကမ်းရှိ ကြီးမားလှတဲ့ သစ်သားအိမ်ကြီးပေါ်မှာ တညအိပ်ပြီးတဲ့နောက် ဆင်ငိုတောင် (မြင့်လွန်းလို့ ဆင်တောင်မတက်နိုင်ပဲ ငိုပြီး လှည့်ပြန်သွားရတယ်လို့ အဆိုရှိပါတယ်) ဆိုတဲ့ တောင်ကြီးကို တမနက်လုံး တက်ရပါတယ်။

ဒီတောင်ဟာ တောခိုကာစ ဆောင်ပါး အခန်း ၃ မှာ ဖေါ်ပြခဲ့တဲ့ ဗကပ-ထားဝယ်ခရိုင်ဘက်က တောင်သုံးဆယ်ထက် နှစ်ဆလောက်မြင့်မယ်လို့ ထင်ရပါတျယ်။ မနက် ၇ နာရီလောက်ကတည်းက တောင်စတက်လိုက်တာ မွန်းတည့် ၁၁ နာရီကျော်မှ တောင်ထိပ်ကို ရောက်ပါတယ်။

ဒါပေမယ့် တောတွင်း သက်တမ်း တနှစ်ကျော် အတွေ့အကြုံရှိနေပြီဆိုတော့ တောခိုခါစကာလို ငိုယိုအော်ဟစ်သူ မရှိတော့ပါ။ တမနက်လုံးတက်၊ တညနေလုံးဆင်းပြီးလို့ ညနေ ၄ နာရီလောက် ရောက်တဲ့အခါမှာတော့ ပင်လယ်ကမ်းစပ်နဲ့ သိပ်မဝေးတော့တဲ့ မြိတ်-ထားဝယ်-ကားလမ်းပေါ်က တပို၊ ကျဲရွာတွေ အနီးဝန်းကျင်ဆီ ကျနော်တို့အုပ်စု ရောက်လာပါတယ်။

ဆင်ငိုတောင် ဝန်းကျင်မှာ တောနက်လွန်းလို့ နေရောင်တောင် ကောင်းကောင်းမမြင်ရပေမယ့် အခု ရွာတန်းနဲ့ နီးလာတာနဲ့အမျှ သစ်ပင်တောအုပ်တွေက တဖြည်းဖြည်းသေးငယ်သွားပြီး တခါတလေဆိုရင် ကျနော်တို့အုပ်စု သွားနေတာကို အဝေးက နဝတ-တပ်များ မြင်သွားမလားလို့ စိုးရိမ်ရလောက်အောင် တောအုပ်က ပါးလွန်းလှပါတယ်။

“ဒက် ဒက် ဒက် … ဂျိမ်း …”

တောအုပ်ပါးလွန်းလို့ စိတ်ထဲ မလုံမခြုံဖြစ်နေတုန်း သေနတ်သံတွေ ကြားလိုက်ရပါတယ်။ လူတရပ် မရှိတရှိသာမြင့်တဲ့ တောအုပ်ထဲ ကျနော်တို့အုပ်စု ခဏနားပြီး အခြေအနေကို စောင့်ကြည့်ပါတယ်။

“ကျနော်တို့လူတွေနဲ့ ရန်သူတပ် ထိပ်တိုက်တိုးတာဖြစ်မယ်။ ပူစရာမရှိပါဘူး။ ကျနော်တို့လူတွေက နယ်မြေကျွမ်းပါတယ်” လို့ ကိုအေးသော်က ပြောပါတယ်။ သူက ပူစရာမရှိဘူး ပြောနေပေမယ့် ကျနော်တို့ အင်အားက တပ်ရေးဗိုလ်၊ တပ်ထောက်ဗိုလ်နဲ့ ရုံးအဖွဲ့သား သုံးဦးပေါင်းမှ ငါးဦးတည်းရယ်။

ရန်သူနဲ့ သွားတိုးလို့ မဖြစ်။ ပြီးတော့ ကျနော်တို့မှာ တယောက်ကို AK ကျည် ၅၀၀ စီလောက် သယ်လာတဲ့အတွက် ကျောပိုးအိတ်ကလည်း အတော်လေးနေပြီး ပြေးလွှားဖို့ သိပ်မကောင်းလှပါ။ ရှေ့တန်းတပ်တွေနဲ့ ဆက်သွယ်ဖို့ ကျနော်တို့မှာ ဝေါ်ကီတော်ကီကလည်း မပါပါဘူး။

(၄) ခံစစ်သေနဲ့ ရင်ဆိုင်တိုက်ပွဲ ဘာကွာသလဲ

နောက်ဆုံးမှာတော့ သေနတ်တွေကို အသင့်ပြင်ပြီး ရှေ့မှာမြင်နေရတဲ့ ရော်ဘာပင်တန်းအောက်ကရွာကို သတိကြီးစွာနဲ့ ချဉ်းကပ်ရပါတယ်။ အသံမကြားအောင် လျှို့ဝှက်ဝင်လာပါတယ်ဆိုမှ ရွာအဝင်ဝလည်း ရောက်ရော ခွေးကဟောင်လိုက်တာ လွန်ပါရော။

ဘာမှမတတ်နိုင်။ ရွာသား နှစ်ဦးကို လမ်းပြခေါ်ပြီး ကျနော်တို့တပ်တွေရှိရာ ရွာဆီကို ပို့ခိုင်းရပါတယ်။ “ကြည့်လုပ်နော်ကိုယ့်ဆရာ၊ လူမှားပြီး အပစ်ခံနေရဦးမယ်” ဆိုပြီး ကျနော်ကပြောတော့ သူပိုင်ပါတယ်ဆိုတဲ့သဘောနဲ့ ကိုအေးသော်က လက်ကာပြပါတယ်။ ဒီလိုနဲ့ ရော်ဘာတောတွေအတိုင်းလျှောက်၊ ကားလမ်းကူးပြီးတော့ နောက်တရွာမှာ ကျနော်တို့ တပ်တွေနဲ့တွေနဲ့ ချောချောမောမောသွားတွေ့ပါတယ်။

“ဘာမှမပူနဲ့ တပ်ထောက်။ ဒီကောင်တွေအင်အားက ၂၀ တောင်မပြည့်ဘူး။ သူ့လူနာ သူသယ်ပြီး ပြန်ပြေးသွားပြီ” ဆိုပြီး စစ်ကြောင်းမှူး ကိုဂွမ်ရှိက တွေ့တွေ့ချင်း ကျနော်မျက်နှာကို အသေချာကြည့်ပြီး ရှင်းပြပါတယ်။ ဒီတော့မှ “ငါ့မျက်နှာမှာ ကြောက်ရိပ်များ ပေါ်နေသသလားမသိဘူး” ဆိုပြီး ဗိုလ်ကြီးအိန္ဒြေကို အမြန် ပြန်ဆယ်လိုက်ရပါတယ်။

တကယ်က ဒီလိုရှေ့တန်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာနဲ့ ကျနော်ကြုံဖူးတဲ့ ကော့မူးရာက ခံစစ်သေတိုက်ပွဲ ပုံသဏ္ဍန်ချင်းက ဘာမှမဆိုင်။ ခံစစ်သေမှာက ရန်သူ့နေရာ၊ မိမိနေရာ အတိအကျ သိထားပြီး ကတုတ်ကျင်းထဲ နေရာယူပစ်တဲ့အတွက် ဘာမှသိပ်ပူစရာမလိုပါ။ ဒါပေမယ့် ဒီလိုရှေ့တန်းမှာကတော့ ရန်သူ့သတင်း ကြိုရမထားဘူးဆိုရင် အခုလို စစ်ကြောင်းသွားရင်းနဲ့ ထိပ်တိုက်တိုးပြီး သူပစ်ကိုယ်ပစ်၊ သူဆုတ် ကိုယ်ဆုတ်နဲ့ နယ်မြေကျွမ်းသူ၊ နေရာယူမြန်သူက အသာစီးရလေ့ရှိပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပြီးရင် တိုက်ပွဲနေရာကနေ အမြန်ရှောင်၊ ရွာထဲမှာ စခန်းမချနဲ့ဆိုပြီး ကျနော် ကြားဖူးနားဝရှိပေမယ့် ကျနော်တို့ ကျိုးဖိုးတပ်သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ တိုက်ပွဲဖြစ်တဲ့ရွာရဲ့ နောက်တရွာကိုဆုတ်ပြီး ရွာထဲမှာပဲ စခန်းချ ညအိပ်လိုက်ပါတယ်။

ရွာသားတွေကလည်း ကြောက်လန့်ပုံမပြ။ ကျောင်းသားတွေကို ထမင်းချက်ကျွေးရတာကိုတောင် ပျော်နေသလို မြင်နေရပါတယ်။ နောက်ပိုင်းမှ သိရတာကတော့ ဒီရွာတန်းတလျှောက်မှာ ဒီလိုတိုက်ပွဲဖြစ်တာဟာ အထူးအဆန်း မဟုတ်တော့ပါ။ တခါ ကျနော်တို့ကျောင်းသားတပ်သားအများစုဟာ ဒီနယ်ကရွာသားတွေဖြစ်တဲ့အတွက် သူပုန်နဲ့ရွာသား ဘော်ဒါတွေလို ဆက်ဆံနေကြတာလို့ သိရပါတယ်။

ဒီဒေသကို ပပြင်ဂွင်လို့ ကျနော်တို့ကခေါ်ဆိုပြီး တပ်ခွဲ ၁ အခြေစိုက်လှုပ်ရှားတဲ့ အဓိကနေရာဖြစ်ပါတယ်။ အဲဒီကာလ စစ်ကြောင်းမှူးက ကိုဂွမ်ရှိဖြစ်ပြီး တပ်ခွဲမှူး ကိုဖေသင်နဲ့အတူ အင်အား ၆၀ ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။ နောက်တရက်မှာတော့ အဲဒီရွာကနေထွက်ပြီး ယာယီရှေ့တန်း ရုံးခန်းဖွင့်ထားတဲ့ တခြားရွာတခုကို ထပ်ပြောင်းရပါတယ်။

ထားဝယ်-မြိတ် ကားလမ်းအရှေ့ဘက်ခြမ်း တောင်ကုန်းလေးပေါ်က ဘုန်းကြီးကျောင်းမှာ ရုံးခန်းဖွင့်ထားတာကို တွေ့ရပါတယ်။ ဒေသခံလူထုက ကျောင်းသားတွေကိုလည်း ဘုန်းကြီးလိုပဲသဘောထားပြီး ရိက္ခာနဲ့စားစရာတွေ လာလှူထားတာ တွေ့ရပါတယ်။ အဲဒီ ဝန်းကျင်မှာ ဒူးရင်းခြံတွေရှိတာ၊ ဒူးရင်းသီးကို မုန်းအောင်စားခဲ့ရဖူးတာကိုလည်း ကျနော် အမှတ်ရနေပါတယ်။

ရှေ့တန်းရုံးခွဲမှာ တရက်နား၊ ပြီးတော့ တပ်ရင်းညီလာခံ ခေါ်ရခြင်းအခြေအနေ၊ နောက်တန်းက အခြေအနေ၊ ဗဟိုဘက်က အခြေအနေ၊ (၁၉၉၀ မေလမှာကျင်းပတဲ့) ရွေးကောက်ပွဲရလဒ် နောက်ဆက်တွဲ အခြေပနေ၊ လက်တလော နိုင်ငံရေး အခြေကနေတွေကို ကျနော်နဲ့ ကိုအေးသော်က ရဲဘော်ထုကို ရှင်းပြခဲ့ပါတယ်။

နောက်တရက်မှာတော့ စစ်ကြောင်းနဲ့အတူ ထားဝယ်-မြိတ် ကားလမ်းပေါ်က ရွာစဉ်တွေကို လမ်းလျှောက်ပြီး စည်းရုံးရေးတရား ဟောခဲ့ပါတယ်။ ဒီလို လွတ်လပ်စွာ သွားနေတာကို ကြည့်ရင်းနဲ့ ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ တပ်ရင်း ပြန်ရောက်ရင် ပြောလေ့ရှိတဲ့ “ခင်ဗျားတို့ နောက်တန်းက မမိုက်ပါဘူးဗျာ။ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့။ ကျနော်တို့ ရှေ့တန်းကိုသာ လာခဲ့စမ်းပါ” ဆိုတဲ့စကားနဲ့ ဘာကြောင့် သူတို့နောက်တန်းမှာ ကြာကြာ မနေချင်ကြတာလဲ ဆိုတာကို ကျနော် ပိုပြီး သဘောပေါက်လာပါတယ်။

ရှေ့တန်းမှာ စစ်မြေပြင်ကင်းထောက်မှုကို ဘယ်လိုလုပ်ရတယ်၊ ရှေ့ပြေးကင်းသမား လေးဦးက ဘယ်လို ပွိုင့်ထွက်ရတယ်၊ စစ်ကြောင်းမှူးနဲ့ ရုံးအဖွဲ့က ဘယ်နားမှာ နေရတယ်၊ ဆက်သွယ်ရေးသမား၊ ဆေးတပ်သားနဲ့ ရုံးအဖွဲ့ကို ဘယ်လိုခေါ်ထားရမယ် စသဖြင့် ရှေ့တန်းတခါမှ မရောက်ဖူးတဲ့ တပ်ထောက်ဗိုလ်ကြီး ကျနော့်ကို စစ်ကြောင်းမှူးကြီး ကိုဂွမ်ရှိက လက်ချာရိုက်ခဲ့တာကိုလည်း မှတ်မိနေဆဲဖြစ်ပါတယ်။

နောက်တခါ လူ ၅၀ ကျော်သာရှိတဲ့ ကျနော်တို့တပ်ဖွဲ့ ကားလမ်းတလျှောက် စစ်ကြောင်း ချီလာတာကို မြင်တဲ့ရွာသားတွေက အင်အား ၁၀၀ ကျော်ရှိတယ်လို့ ထင်ကြာတာကိုလည်း ကျနော် ထူးထူးခြားခြား အမှတ်ရနေပါတယ်။

ယူနီဖောင်း အပြည့်အစုံ၊ လက်နက် အီးကွေးမင့်အပြည့်အစုံပါတဲ့ လူတန်းကြီးဟာ တဦးနဲ့တဦး ၂ လံ အကွာစီလောက် နေရာယူပြီး တန်းစီလျှောက်လိုက်တော့ ရွာဦးကနေ ရွာပြင်အထိ ရှည်သွားတဲ့သဘော။ လူ ၅၀ ကျော်ကို ၁၀၀ ကျော်လို့ မြင်ရတဲ့သဘောတွေကိုလည်း ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။

အဲဒီ ရှေ့တန်းမှာ သတင်း ၂ ပတ်ခန့်ကြာပြီး အပြန်မှာတော့ ကျနော်နဲ့အတူ တပ်ခွဲ ၁ မှ ကိုဖေသင် အပါအဝင် တပ်မှူးတွေ အတော်များများ ပြန်ပါလာပါတယ်။ ဒီညီလာခံဟာ တပ်ရင်းမှူးကနေ တပ်စိပ်မှူးအထိပါတဲ့၊ ကျနော်တို့တပ်ရင်း သက်တမ်း ၁၀ နှစ် ဝန်းကျင်ကာလမှာ အဲဒီတခါပဲ အစုံအညီလုပ်ဖြစ်ခဲ့ဖူးတဲ့ ညီလာခံလို့ ထင်ပါတယ်။

ကျနော်တို့ တပ်ရင်းဟာ အင်အား ၃၀၀ ကျော်ရှိတဲ့အတွက် ကျောင်းသားနည်း ကျောင်းသားဟန် တပ်ရင်းဖွဲ့စည်းပုံ အပြည့်ဖွဲ့နိုင်တဲ့ တပ်ရင်းဖြစ်ပါတယ်။ တပ်စိပ်တစိပ်မှာ ၁၁ ဦး၊ တပ်စုတစုမှာ ၃၃ ဦး၊ တပ်ခွဲတခွဲမှာ ၁၂၀ ဝန်းကျင်နဲ့ တပ်ခွဲ ၃ ခွဲ ဖွဲ့စည်းပုံအပြည့်နဲ့ နောက်တန်းလခြုံရေး တပ်စုတစုပါ ဖွဲ့ထားနိုင်ခဲ့ပါတယ်။

အဲဒီစာရင်းအရ ရှေ့တန်းကလာတဲ့ တပ်မှူး ၄၀ နီးပါး၊ ဆက်သွယ်ရေးတပ်ဆွယ်၊ ဆေးတပ်ဆွယ်၊ ထောက်လှမ်းရေးတပ်ဆွယ်နဲ့ နောက်တန်းတပ်မှူးများ၊ စခန်းကော်မတီဝင်များပါ အားလုံးပေါင်းလိုက်တော့ ကိုယ်စားလှယ် ၆၀ လောက်အထိ ရှိသွားတဲ့ညီလာခံကြီး ဖြစ်သွားပါတယ်။
………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄) >>>>>


ထက်အောင်ကျော်