အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
866

အခန်း(၁၆)

ဆရာသိန်း၏ အိမ်ရှေ့သို့ ကားတစ်စီးဆိုက်လာသည်။

စံဘနှင့် ထွန်းရင်။

“ကောင်လေးတွေကို လာပြန်ခေါ်ကြတာလား”

ပက်လက်ကုလားထိုင်တွင် ထိုင်ကာ သတင်းစာဖတ်နေသည့် ဆရာသိန်းက လှမ်းမေးလိုက်သည်။

“သူတို့နှစ်ယောက်ကို မျက်မှန်ကြီးက တွေ့ချင်လို့ ခေါ်ခိုင်းလိုက်တယ်..ဆရာသိန်း”

ကြေးမုံနှင့် ဧရာ တို့ မျက်နှာများ ရွှင်လန်းသွားကြသည်။

စိန်ဓါးမြှောင်ခေါ် ဆရာသိန်းကမူ မျက်နှာကို ခပ်ထန်ထန်ထားလိုက်၏။

“ဒီကလေးနှစ်ယောက်က မျက်မှန်ကြီးနဲ့ တွေ့ဖို့ လိုအပ်လို့လား..သူတို့ ကိစ္စပြီးပြီဆို တွေ့စရာလိုလို့လားကွာ”

“လိုလို့ပေါ့..ဆရာသိန်း”

“မင်းတို့ သေချာစဥ်းစားပြီးပြီလား”

စံဘကခေါင်းညိတ်ပြသည်။

ဆရာသိန်းက ကွမ်းအစ်ကို ဆွဲယူလိုက်သည်။

“စံဘနဲ့ ထွန်းရင်…မင်းတို့ ကို ငါ့ဆီရောက်နေတဲ့ လူတစ်ယောက်နဲ့ ငါ ပေးတွေ့စရာရှိတယ်”

ထွန်းရင်ရော စံဘပါ ဆရာသိန်းကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

“ကဲ..ကောင်လေးနှစ်ယောက်…အောက်ဆင်းပြီး‌စောင့်နေကြ…ငါတို့ ပြောစရာရှိလို့”

ကြေးမုံနှင့် ဧရာတို့က အောက်ထပ်သို့ ဆင်းသွားကြသည်။

“မြနှစ်…ကိုထွန်းမြင့်ကို ခြံထဲကနေ သွားခေါ်ချည်”

မြနှစ် အောက်သို့ ဆင်းသွား၏။

ခဏအကြာတွင် အပေါ်အောက်ယောဂီဝတ်ထားသော လူတစ်ဦး အိမ်ပေါ်သို့ တက်လာသည်။

“အဘဆရာကြီး..ဘာကိစ္စများ ရှိလို့လဲ”

“လာ..ကိုထွန်းမြင့်…ဒီမှာ ထိုင်”

ကိုထွန်းမြင့် ဆိုသူက စိန်ဓါးမြှောင်၏ ပက်လက်ကုလားထိုင်ဘေးတွင် ခပ်ရို့ရို့လေးထိုင်လိုက်သည်။

“ဒါ ကိုထွန်းမြင့်တဲ့….အရင်က စစ်ထောက်လှမ်းရေးကတပ်ကြပ်ကြီးပဲ…ကိစ္စတစ်ခုနဲ့ တပ်က အနားပေးခံရပြီး ကျုပ်ဆီမှာ ဆေးပညာလာသင်နေတာ”

“အဲ့ဒီတော့ ဘာဖြစ်တုန်း..ဆရာသိန်း”

စံဘက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“၅၇ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က မင်္ဂလာဒုံထောက်လှမ်းရေးတပ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ သူ ရှိနေခဲ့တယ်”

စံဘရော၊ ထွန်းရင်ပါ ဆရာသိန်းအား နားမလည်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

“ဘာဖြစ်ခဲ့လို့လဲ”

“ချောရင် နဲ့ မင်းတို့သူငယ်ချင်းစစ်ဗိုလ်တစ်ယောက် အသတ်ခံခဲ့ရတာလေ”

“ဗျာ”

“အေး..မျက်မှန်ကြီးအမိန့်နဲ့ ပစ်သတ်ခဲ့ကြတာ…ဟော့ဒီ ကိုထွန်းမြင့် ကိုယ်တိုင် အဲ့ဒီအလောင်းတွေကို ဖျောက်ပေးခဲ့ရတယ်”

ထွန်းမြင့်က ခေါင်းညိတ်ပြသည်။

စံဘက မတ်တပ်ထရပ်လိုက်ပြီး ထွန်းမြင့် ဆိုသူ၏ မျက်နှာအား လက်သီးဖြင့် အားပြင်းပြင်းထိုးထည့်လိုက်သည်။

ထွန်းရင်က ဆရာသိန်း၏ရှေ့မှ ကွမ်းအစ်ကို မကာ ထုရန် ပြင်လိုက်၏။

ဆရာသိန်းက ပက်လက်ကုလားထိုင်တွင် ထိုင်နေရာမှ ကုန်းထကာ ဘုရားနောက်တွင် တင်ထားသော ခြောက်လုံးပြူးသေနတ်ကို ထုတ်ချိန်လိုက်သည်။

“မင်းတို့ အဲ့ဒီလို ထစ်ခနဲရှိ သွေးကြွကြွနေလို့ သူများအသုံးချတာခံရတာကွ…ပြန်ထိုင်ကြစမ်း”

စံဘရော၊ ထွန်းရင် ပါ ဆရာသိန်းအာ ရှုတည်တည်နှင့်ကြည့်ပြီ ပြန်ထိုင်လုက်ကြသည်။

“အခု ကိုထွန်းမြင့်ကို ထိုးတော့ရော..ဘာရမှာလဲ..မင်းတို့တွေ အဲ့ဒီလို ဘာမှကြိုမစဥ်းစားပဲ စိတ်ခံစားချက်ကို ဦးစားပေးပြီး ရှူးရှူးဒိုင်းဒိုင်း လုပ်ကြကိုင်ကြလို့ မင်းတို့ ဘက်က လူတွေ သေခဲ့ကြပြီးပြီ….ဒီအသက်အရွယ်အထိ မထိန်းချုပ်နိုင်ကြသေးဘူးလားကွ.ဟမ် ”

“ကျုပ်နှမ ကို သတ်တဲ့အထဲ ဒီကောင်လည်းပါတာကိုးဗျ”

ထွန်းရင် အသားတို့ တဆတ်ဆတ်တုန်နေသည်။

စံဘက အံကို ကြိတ်ထား၏။ အသက်ရှုသံများ မြန်နေသည်။

“ကိုထွန်းမြင့်..ရပြီ…သွားတော့..ဆောရီးဗျာ”

ထွန်းမြင့်ဆိုသူ ဆင်းသွား၏။

“ဒီလောက်ဆို ဒီစစ်တပ်ကကောင်တွေ အသုံးချတာခံပြီးရင် ဘာဖြစ်သွားတတ်တယ်ဆိုတာ မင်းတို့ သိပြီမဟုတ်လား”

“ဒီကောင်ကြီးတွေက ကျွန်တော့်မိန်းမ ချောရင်နဲ့ မောင်မောင့်ကို 14K က ဝင်သတ်သွားတာလို့ ပြောထားတာဗျ”

စိန်ဓါးမြှောင်က ခေါင်းညိတ်လိုက်သည်။

“ချောရင်ဆိုတဲ့ ကောင်မလေးက ဥာဏ်‌ပြေးတယ်။ တော်တယ် ။ သူနဲ့အတူ လက်ရုံးရည်ရှိတဲ့ ဂန္ဓမာကြီးတို့၊ မင်းတို့တွေလည်းရှိပါတယ်။ ဒါပေမယ့် ချောရင်နဲ့ မင်းတို့အားလုံးရဲ့ အားနည်းချက်က လက်နက်ကိုင်ထားတဲ့ ကောင်တွေကို ယုံတာပဲ။ ငါကိုယ်တိုင် ဓါးပြဗိုလ်အဖြစ်နဲ့ လက်နက်ကိုင်ခဲ့တယ်။ လက်နက်လက်ထဲရှိနေတဲ့ လူတစ်ယောက်ဟာ သူတို့ရဲ့ ဆင်ခြင်ဥာဏ်နဲ့ဖြေရှင်းလို့မမှီတော့တဲ့ကိစ္စတွေကို လက်နက်နဲ့ပဲ ဖြေရှင်းတတ်ကြတယ်။ အခုမင်းတို့နှစ်ယောက်တောင် ကိုယ့်မိန်းမ၊ကိုယ့်နှမ ကို သတ်ခဲ့တဲ့လူ အတွက် အလုပ်တွေ လုပ်ပေးနေကြတယ်မဟုတ်လား”

စံဘ က တောက်ခေါက်လိုက်သည်။

“ဒါကြောင့် ဒီကလေးနှစ်ယောက်ကို မျက်မှန်ကြီးနဲ့ မတွေ့ပေးလို့မရဘူးလားလို့ ငါမေးတာပေါ့… တော်လောက်ပြီလေကွာ..ငါတို့တွေနဲ့တင် တော်လောက်ပြီမဟုတ်လား”

“မတွေ့ပေးလို့တော့ မရတော့ဘူး..ဆရာသိန်း…မျက်မှန်ကြီးကို ဘယ်သူက ဖိအားပေးလဲဆိုတာ ဆရာသိန်းပဲ သိလိမ့်မယ်..မျက်မှန်ကြီးကိုယ်တိုင်ကောင်လေးတွေအမှုကို ရုတ်သိမ်းဖို့ နှုတ်မိန့်ထုတ်ထားတယ်..ကောင်လေးတွေကိုလည်း သူအရမ်းစိတ်ဝင်စားနေတယ်… နောက်ပြီး ချောရင်တို့ ကိစ္စကို ကျုပ်တို့ သိသွားတယ်ဆိုရင် ကျုပ်တို့ အသက်အန္တရာယ်လည်းရှိနေတယ်”

စိန်ဓါးမြှောင်က ပြုံးလိုက်သည်။

“အေး..စံဘ…ကျုပ်ခုန ပြောတာက တစ်ခုခုလုပ်တော့မယ်ဆို အဲ့ဒီလောက်လေး တွေးပေး စဥ်းစားပေးဖို့ ပြောတာ..အသက်ကို ဥာဏ်‌စောင့်ပါတယ်”

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ..စံဘ”

ထွန်းရင်က စံဘကို မေးလိုက်သည်။

“လောလောဆယ်တော့….ဒီအတိုင်းလေး မျောထားကြတာပေါ့”

“ကျုပ်..ခင်ဗျားတို့ကို တစ်ခုတော့ မေတ္တာရပ်ခံချင်တယ်”

ဆရာသိန်းက စံဘ၏ ရှေ့သို့ တိုးလာသည်။

“ပြော..ဆရာသိန်း”

“တကယ်လို့ မဖြစ်မနေ ကောင်လေးနှစ်ယောက်ကို မျက်မှန်ကြီးဆီ ပို့တော့မယ်ဆိုရင်တော့ ဧရာလေးကို ရအောင် ဆွဲထုတ်ပေးပါ…ဘာလို့လဲဆိုတော့…..သူ့အဖေနဲ့ အမေဟာ ကျုပ်အပေါ် သစ္စာအရှိဆုံးတပည့်တွေ…ကျုပ်ကြောင့် သူ့အဖေရော အမေပါ ဒုက္ခတွေအများကြီးရောက်ခဲ့ရတယ်… ကျုပ်ရှင်သန်ရေးအတွက် တဘဝလုံးလူတွေကို ပရိယာယ်အမျိုးမျိုး၊ လှည့်ကွက်အမျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့ရပြီးပြီ…ဒီကလေးကိုတော့ ဒီဇာတ်လမ်းအရှုပ်တွေထဲက ဆွဲထုတ်ပေးပါ..မဟုတ်ရင် ခင်ဗျားတို့ ကိစ္စတွေကြား ကျုပ် ပြန်ဝင်ပါလာရလိမ့်မယ်”

စံဘနှင့် ထွန်းရင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“နောက်တစ်ခုက မင်းတို့ မျက်မှန်ကြီးကို တိုက်မယ်ဆိုရင်တော့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပါနဲ့..ဒီကောင်ကြီးဟာ ကျုပ်ငယ်ငယ်ကလိုပဲ ကောက်ကျစ်တယ်၊ပါးနပ်တယ်။ ကျုပ်နဲ့မတူတာက သူဟာ တလောကလုံးကိုသစ္စာမဲ့ချင်မဲ့မယ်။ နံပါတ်ဝမ်းကြီးအပေါ်တော့ သစ္စာရှိတယ်။ ပြောရရင်တော့ သူဟာ နံပါတ်ဝမ်းကြီး မွေးထားတဲ့ သားရဲကြီးပဲ။ အဲ့ဒီသားရဲကြီးဟာ မင်းတို့အင်အားနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ကတော့ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူ့ကို ချည်ထားတဲ့ကြိုးနဲ့ပဲ သူ့ကို ပြန်တုပ်ရလိမ့်မယ်။ သူ့သခင်က သူ့ကို ပြန်သတ်တဲ့အခြေအနေမျိုးကို ဖန်တီးရမှပဲ ရမယ်… အဲ့ဒီအတွက် အကြံအဥာဏ်တွေကို ကျုပ် ကူညီပေးနိုင်တယ်”

“ကျေးဇူးပါ..ဆရာသိန်း…ကျွန်တော်တို့ ခင်ဗျားနဲ့ တိုင်ပင်ပါ့မယ်…အခုတော့ သူ ကျွန်တော်တို့ကို စောင့်နေတယ်..ကောင်လေးတွေကို ခေါ်သွားမယ်”

စံဘ၊ ထွန်းရင်တို့နှင့်အတူ စိန်ဓါးမြှောင်ပါ အိမ်အောက်သို့ လိုက်လာသည်။

စိန်ဓါးမြှောင်က ကြေးမုံနှင့် ဧရာတို့ကို ပုခုံးဖက်လိုက်သည်။

“မင်းတို့ ဒီနေ့ အသက်ရှင်သွားခဲ့ပြီ။ ငါတော့ အသက်ရှင်နေတယ်ဆိုပြီး ငြိမ်နေလို့ကတော့ နောက်ထပ် သေခြင်းတရားကို ထိုင်စောင့်နေတာနဲ့အတူတူပဲ။ ရှင်သန်ဖို့ဆိုရင် အမြဲတိုက်ခိုက်နေရမယ်။ အမြဲလှုပ်ရှားနေရမယ်။ ကဲ..ငါ့သားတို့ သွားကြတော့”

………………………………..

“ကြေးမုံ မင်းအမှုကို စီအိုင်ဒီက ကိုင်ထားတာ..ဒီညနေ အပြီးပိတ်ပေးလိုက်မယ်”

ကြေမုံ ပြုံးသွားသည်။

“ကဲ..ဧရာ..မင်း..မမဝင်း ကို ငါတို့အိမ်မှာ ခေါ်ထားပြီးပြီ…မင်းတို့အတွက် နေဖို့ကို လသာထဲမှာရှိတဲ့ ထွန်းရင်ရဲ့ တိုက်ခန်းတစ်ခန်းကို စီစဥ်ပေးထားတယ်….မင်း..အခု မမဝင်းနဲ့ တွေ့ချင်လား”

“ဟုတ်..တွေ့ချင်တယ်..အကိုကြီး”

“အေး..ဒါဆို မင်းကို အရင် လသာလိုက်ပို့ပေးမယ်…ငါ့အိမ်ကတစ်ယောက်က မင်းတို့ကို အခန်းဆီ ကားမောင်းပို့ပေးလိမ့်မယ်ဟုတ်ပြီလား”

ဧရာ က လေတစ်ချက်ချွန်လိုက်၏။

မကြာမီ ကားက လသာရှိ စံဘ၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။

ဧရာဆင်းသွားပြီးနောက်

“ကျွန်တော့်ကိုတော့ ရှမ်းလမ်းအိမ်ကိုပဲ ပြန်ပို့ပေးပါ”

“နေဦး..ကြေမုံ”

“ဘာဖြစ်လို့လဲဗျ”

“မင်း က ငါတို့နဲ့ အစည်းအဝေးတစ်ခု လိုက်တက်ရလိမ့်မယ်”

“ဗျာ”

“မဗျာ နဲ့….. မင်းမှာ လောလောဆယ်အိမ်ထောင်မရှိဘူးမဟုတ်လား”

“အင်း..အဲ့ဒီလိုလည်းမဟုတ်ဘူး.တရားဝင်တော့ မယူရသေးပါဘူး”

“ဟုတ်ပြီ…မင်း မှာ ရှေ့ဆက်ဖို့ ရည်ရွယ်ချက်တွေရှိလား…ငါဆိုလိုတာက ငါတို့ဒီလောကထဲမှာပေါ့ကွာ”

ကြေးမုံက ကားမှန်ပြတင်းမှတဆင့် အပြင်ကို ငေးလိုက်သည်။

“ကျွန်တော် ချမ်းသာချင်တယ်..အကိုကြီး”

“ဒါဆို မင်း အလုပ်တွေဆက်လုပ်ရမယ်…အခု ငါတို့နဲ့ အစည်းအဝေးလိုက်တက်..ပြီးရင် ဒီအစည်းအဝေးမှာ တွေ့ခဲ့တာ ဘယ်သူ..ဘာကိစ္စတွေပြောကြတယ်ဆိုတာ မင်းအသက်နဲ့ထပ်တူ နှုတ်လုံပေးရမယ်”

“ဟုတ်ကဲ့ပါ”

ကားက ပြည်လမ်းပေါ်သို့ ဦးတည်သွားသည်။

“ကုန်းမြင့်သာ နိုင်ငံတော်ဧည့်ရိပ်သာ”

ကားချိုးကွေ့ဝင်သွားသည့် ဝန်းထိပ်ဆိုးဘုတ် အပြာခံတွင် ရေးထားသည့် ရွှေစာလုံးများကြောင့် ကြေးမုံ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

………………………………..

လမ်းမတော်မြို့နယ်၊ ခရစ်တော်မက်သဒစ်အသင်းတော်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝတ်ပြုခန်းမ။

အနောက်တိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ထားသည် မင်္ဂလာသတို့သားနှင့် အဖြူရောင်ခေါင်းဆောင်းဝတ်စုံဖြင့် သတို့သမီးတို့မှာ သိက္ခာတော်ရသင်းအုပ်ဆရာတော်ရှေ့တွင် မတ်တပ်ရပ်နေကြသည်။

ခန်းမထောင့်ဆီမှ “မင်္ဂလာဆုတောင်း ပေါင်းဖြစ်ပွားရာ…မင်္ဂလာနေ့ရက်ချိန်တိုင်း” ဓမ္မသီချင်းတေးသွားအတိုင်း စန္ဒယားသံ ခပ်တိုးတိုးထွက်နေ၏။

ခန်းမအတွင်း လူပရိတ်သတ်အစုံ၏ အာရုံမှာ မင်္ဂလာသတို့သားနှင့် သတို့သမီးထံသို့သာ။

“ယခု ထိမ်းမြားလက်ထပ်မင်္ဂလာပွဲလား ပရိသတ်ထဲမှ ကန့်ကွက်မယ့်သူ ရှိပါသလား”

“ယခု ထိမ်းမြားလက်ထပ်မင်္ဂလာပွဲလား ပရိသတ်ထဲမှ ကန့်ကွက်မယ့်သူ ရှိပါသလား”

“ယခု ထိမ်းမြားလက်ထပ်မင်္ဂလာပွဲလား ပရိသတ်ထဲမှ ကန့်ကွက်မယ့်သူ ရှိပါသလား”

“စီစီကို ဘယ်ကောင်မှ မယူရဘူး”

ခန်းမအဝင်အဝမှ အသံတစ်ခုက ဟိန်းထွက်လာသဖြင့် အားလုံး ကြက်သေ သေသွားကြသည်။

သတို့သမီးက အံသြတကြီး လှည့်ကြည့်လိုက်သည်။

ငှက်ကြီးတောင်ဓါးကို ကိုင်လျက် လမ်းလျှောက်ဝင်လာသော လူတစ်ယောက်။

မိုးကျော်။

အချုပ်ထဲတွင် နေခဲ့ရသဖြင့် ညစ်ထေးထေးဖြစ်နေသော အင်္ကျီအဖြူနှင့် သက္ကလပ်သားဘောင်းဘီရှည်ကို ဝတ်ထားသည်။

ခန်းမတစ်ခုလုံ ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

“ဝင်မလာနဲ့ အကုန်ခုတ်သတ်မှာ”

သင်းအုပ်ဆရာတော်က သတို့သားနှင့် သတို့သမီးရှေ့သို့ ထွက်ကာ ရပ်လိုက်သည်။

“ဘာကိစ္စလဲ…အေအေးဆေးဆေးရှင်းပေးပါ”

“စီစီ..လာ”

မိုးကျော်က သင်းအုပ်ဆရာတော်ကို ဓါးနှင့် ရွယ်ထားပြီး အနောက်ဖက်မှ စီစီ၏ လက်ကို စောင့်ဆွဲသည်။

စီစီက ကြောက်လန့်တကြားရုန်းလိုက်၏။

“မောင်မိုးကျော်….. မင်း ဒီလိုမလုပ်ပါနဲ့”

စီစီ၏ ဖခင်ကြီး ဒေါက်တာစောအယ်လောလ က ထိုင်ခုံမှ ထလာသည်။

“ဦးလေး..ဘာမှ မပြောနဲ့…ကျွန်တော်တို့ချင်းကိစ္စ..လာ..စီစီ..ကိုကို့နောက် လိုက်ခဲ့”

မိုးကျော်က စီစီ၏ ခေါင်းပေါ်မှ သတို့သမီးပုဝါးကို ဓါးဖျားဖြင့် ခပ်ထုတ်လိုက်သဖြင့် နောက်သို့ လန်သွားသည်။

စီစီ က ထိတ်လန့်သော မျက်လုံးအစုံဖြင့် မိုးကျော်ကို ကြည့်နေ၏။

သတို့သားဖြစ်သူ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာစကျော်စိုး က စီစီ ၏ လက်ကို လှမ်းဆွဲလိုက်သည်။

“ဟေ့ကောင်..မင်း စီစီကို မထိနဲ့”

မိုးကျော်က ဓါးဖြင့် ရွယ်လိုက်သဖြင့် စီစီက သတို့သား၏ လက်ကို ပုတ်ချလိုက်သည်။

“စီစီ…ညီမ မလိုက်ရင်..ကိုကို အကုန်ခုတ်သတ်မှာနော်…..စီစီ..လိုက်ခဲ့”

မိုးကျော်က စောင့်ဆွဲလိုက်သဖြင့် စီစီ ကိုယ်လုံးလေး စွေ့ခနဲပါလာသည်။

လူအုပ်၏ နောက်ဖက်ထဲမှ အချို့က ခန်းမပြတင်းပေါက်များမှ ကျော်ခွ ထွက်ပြေးသွားကြသည်။

“ကျွန်မ လူဆိုးလူမိုက်နဲ့ မလိုက်ဘူး…ရှင်ပြန်တော့..ကိုမိုးကျော်”

မိုးကျော် မျက်လုံးများက အရောင်ဖျော့ကျသွားသည်။

ထို့နောက် မိုးကျော်က စီစီကို ဓါးနှင့် ရွယ်လိုက်သည်။ မျက်လုံးပြူးကြီးဖြင့်ကြည့်ပြီး..

“ဟာ..ညီမ..နင်လိုက်ကို လိုက်ခဲ့ရမယ်…လာ”

မိုးကျော်က ဓါးကို တစ်ဖက်၊ စီစီကို တစ်ဖက် ဆွဲကာ ခန်းမအပြင်သို့ ဆွဲထွက်လာသည်။

ခန်းမအပြင်သို့ ရောက်နေသူများက အကူအညီတောင်းထားသဖြင့် ဘုရားကျောင်းရှေ့ လမ်းမပေါ်တွင် လမ်းမတော်သံစျေးတဝိုက်မှ လူအုပ်ကြီးက လက်နက်အပြည့်အစုံဖြင့် ဝိုင်းထားကြ၏။

“မင်းတို့ အားလုံးဖယ်…ငါ့ ရည်းစားကို ငါလာခေါ်တာ..မင်းတို့ကောင်တွေနဲ့ မဆိုင်ဘူး..ငါလိုးမသားတွေ..ဖယ်..အကုန်ခုတ်သတ်ပစ်မယ်”

မိုးကျော်၏ လက်ထဲတွင် ဓါးရှည်ရှိနေသဖြင့် လူအုပ်က အရမ်းမဝိုင်းရဲ။

မကြာမီလမ်းမတော်ရဲစခန်းမှ ရဲကားနှစ်စီးရောက်လာသည်။

မိုးကျော်က ရဲကားမှ ဥသြသံကြားသဖြင့် ဘုရားကျောင်းခန်းမ ဘေးနံရံမှ ကျော်တက်ရန် စီစီ လက်ကို ဆောင့်စွဲပြီး လှည့်လိုက်သည်။

“ဇွက်”

စီစီက ဘုရားကျောင်းရှေ့ မင်္ဂလာအလှဆင်ပန်းအိုးကြီးထဲတွင် ရှိနေသော ကပ်ကြေးဖြင့် မိုးကျော်၏ ဝမ်းဗိုက်သို့ ထိုးစိုက်ချလိုက်သည်။

စီစီ၏ လက်ကို ဆွဲထားသော မိုးကျော်၏ လက်တို့ ရုတ်တရက်လွတ်ထွက်သွားသည်။

ထို့နောက် စီစီကို အံသြတကြီး ကြည့်သည်။ စီစီကလည်း မိုးကျော်ကို ကြောင်ကြည့်နေ၏။

သွေးများတစိမ့်စိမ့်စီးကျနေ၏။

မိုးကျော်က လက်တစ်ဖက်ဖြင့် သူ့ဗိုက်ကိုအုပ်ရင်း အသက်ကို မှန်မှန်ရှူနေစဥ်….လူအုပ်ထဲမှ အင်္ဂတေခဲတစ်လုံးက သူ့ချိုစောင်းကို ခွပ်ခနဲ လာမှန်သည်။

“သမီးပြေး..ပြေး”

စီစီ ကြောင်ကြည့်နေဆဲပင်။

လူအုပ်ကြီးက မိုးကျော်ဆီ ပြေးဝင်လာကြသည်။ ရှေ့ဆုံးမှ လူတစ်ယောက်ကို မိုးကျော် ဓါးဖြင့် ပိုင်းချလိုက်သည်။

ထိုသူခွေခနဲလဲကျသွား၏။

သို့သော်နောက်ထပ် တုတ်များ လက်သီးများက မိုးကျော်ထံသို့ တရစပ်ကျလာ၏။

မိုးကျော်လက်ထဲမှ ငှက်ကြီးတောင်ဓါးလည်းလွတ်ကျသွားသည်။

ရဲများထံမှ ဝီစီသံများ မိုးကျော်နားမှ ကြားလိုက်ရ၏။

ဘုရားကျောင်းအဝတွင် ကျမ်းစာအုပ်ကို ကိုင်လျက် မှင်သက်နေသော သင်းအုပ်ဆရာတော်ကလည်း သမ္မာကျမ်းစာအုပ်ကို ပစ်ချကာ လူအုပ်ကြီးထဲသို့ ပြေးဝင်ပြီး မိုးကျော်၏ အပေါ်မှ အုပ်မိုးကာ ကာလိုက်သည်။

“ဒါ ဘုရားရှိခိုးကျောင်းပါ….မလုပ်ကြပါနဲ့…မလုပ်ကြပါနဲ့တော့”

သင်းအုပ်ဆရာတော် ကျကျန်ရစ်သော သမ္မာကျမ်းစာတွင် “ဘုရားသခင်စုံဖက်ခြင်းအမှုကို အဘယ်သူမျှ မကွဲကွာစေနှင့်” ဟူသော ကျမ်းပိုဒ်ပါသည့် စာမျက်နှာက တဖြတ်ဖြတ်လှုပ်ခတ်သွား၏။

………………………………..

ကြေးမုံအား ဓါးဖြင့် ထိုးသည့်အမှုနှင့် ပတ်သက်ပြီး မိုးကျော်အား မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တရားစွဲဆိုခဲ့သည်။

ရမန်ကြီးနှစ်ပတ်မြောက် ချုပ်နှောင်ထားချိန်တွင် ကြေးမုံမှာ ဆေးရုံမှ ရုတ်တရက်ပျောက်သွားခဲ့သည်။

မိုးကျော်၏ ခေါင်းကိုင်ဖခင်ဖြစ်ခဲ့သူ ကျော်ဝင်းကြီး အသတ်ခံလိုက်ရသည်။

ကြေးမုံအား သံသယတရာခံစာရင်းသွင်းလိုက်ကြ၏။

ထိုပြဿနာများသည် မိုးကျော်အား အာမခံလျှောက်ထားရာတွင် အထောက်အကူဖြစ်လာခဲ့သည်။

မိုးကျော်၏ ရှေ့နေများက လူအားငွေအားဖြင့် လိုက်ကြရာ မိုးကျော် အာမခံရခဲ့သည်။

အာမခံရရပြီးချင်းတွင်ပင် မိုးကျော်က စီစီအိမ် ရှိရာ အလုံသို့ လိုက်သွားခဲ့သည်။

သို့သော် မိုးကျော်နောက်ကျသွားခဲ့ပြီဖြစ်သည်။

သတင်းစာများတွင် ဟိုးလေးတကျော်ပါလာသော မြို့လည်ခေါင်လူဆိုးဂိုဏ်းအချင်းချင်းဓါးထိုးမှုသတင်း ဓာတ်ပုံများအရ စီစီ တို့အိမ်သို့ ဝင်ထွက်နေသော မိုးကျော် ဆိုသူမှာ ဆိပ်ကမ်းအကောက်အခွန်ဌာနမှ အရာရှိမဟုတ်ပဲ ပန်းဆိုးတန်းလူမိုက်ဂိုဏ်းစတားတစ်ဦးသာဖြစ်ကြောင်း စီစီရော၊ စီစီမိဘများပါ သိသွားကြသည်။

သမီးဖြစ်သူနှင် ရည်ငံနေသည်ကို သိသော မိဘများက စီစီကို သူတို့အသိုင်းအဝိုင်းမှ ဆရာဝန်လေးတစ်ဦးနှင့် ချက်ချင်းလက်ထပ်ပေးရန် စီစဥ်ကြသည်။

စီစီ ကလည်း မိုးကျော်၏ လိမ်ညာမှုကို စိတ်ဆိုးခြင်း၊ ရှက်ခြင်းကို ပေါင်းကာ လက်ထပ်ပွဲကို လက်ခံခဲ့သည်။

မိုးကျော် သည် အလုံရှိ သူ့တပည့်တစ်ဦးအိမ်မှ ငှက်ကြီးတောင်ဓါးနှင့် စက်ဘီးတစ်စီးငှားကာ စီစီ ၏ လက်ထပ်ပွဲ ကျင်းပရာ ဘုရားရှိခိုးကျောင်းသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။

ယခုတော့..မိုးကျော်။

သွေးအလိမ်းအလိမ်းဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ရောက်သွားခဲ့ပြီ။

ဝမ်းဗိုက်မှ သွေးလွန်နေသည် ဒဏ်ရာနှင့် ဝိုင်းဝန်းရိုက်နှက်ကန်ကျောက်ခံထားရသည့် ဒဏ်ရာများကြောင့် သတိရတချက် မရတချက်ဖြင့် ညည်းညူနေ၏။

“စီစီ…စီစီ..စီစီ”

ရန်ကုန်ဆေးရုံကြီး၊ ခွဲစိတ်ခန်းအတွင်းမှာ ဆရာဝန်များအတွက်တော့ မိုးကျော်၏ အသံမှာ သူတို့သက်တမ်းတစ်လျှောက် လူနာများထံမှ တစ်ခါမျှ မကြားဖူးသေးသည့် ညည်းသံအသစ်ဖြစ်နေတော့သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၇ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>