အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4308

အခန်း(၁၇)

“ထွန်းရင် မင်းစိတ်ကို ခဏလျော့ထား‌နော်”

ကုန်းမြင့်သာ နိုင်ငံ‌တော်ဧည့်ရိပ်သာ၏ ဘေးဘက်ရှိ အခန်းသို့ ဝင်ခါနီးတွင် စံဘက ခပ်တိုးတိုးသတိပေးလိုက်သည်။

သူတို့နှင့် မလှမ်းမကမ်းတွင် တပ်ထိန်းအရာရှိနှစ်ဦးရှိနေ၏။

ထွန်းရင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“အခုချိန် တခုခုလုပ်လည်း ငါတို့ပဲ သေမှာနော်..ဟေ့ကောင်..လျော့ထား.လျော့ထား”

အခန်းဝသို့ ရောက်သောအခါ တပ်ထိန်းတစ်ဦးက အထဲသို့ ဝင်ရန် ညွှန်ပြပြီး အပြင်မှာ နေရစ်ခဲ့သည်။

အထဲတွင် စီးကရက်ဖွာနေသောလူတစ်ယောက်။

အရပ်ခြောက်ပေကျော်ခန့်၊ မျက်မှန်အထူကြီးနှင့်။ တိုက်ပုံအင်္ကျီနှင့် ပုဆိုးကို သေသေသပ်သပ်ဝတ်ထားသည်။

“ကဲ..လာထိုင်ကြ”

သုံးဦးသား ဝင်ထိုင်လိုက်၏။

“နံပါတ်ဝမ်းကြီးက ညနေပိုင်း ဒီမှာ ဧည့်ခံပွဲတစ်ခုလုပ်စရာရှိတယ်..အဲ့ဒါကြောင့် လုံခြုံရေးအရ ငါလုပ်စရာရှိတာတွေ ရှိလို့ ဒီကို ကြိုရောက်နေတာမို့ မင်းတို့ကို ဒီပဲ ချိန်းလိုက်ရတာ..အေး..မင်းတို့လည်း ရောက်ဖူးတာပေါ့ကွာ”

စံဘက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။

“မင်းတို့ပြောတော့ ချာတိတ်က နှစ်ကောင်ဆို”

မျက်မှန်ကြီးက ကြေးမုံကို အကဲခတ်ရင်း ပြောသည်။

“ဟိုတစ်ယောက်က သူ့ကိစ္စနဲ့သူရှိလို့ပါ…ဒီတစ်ယောက်နဲ့ပဲ အဆင်ပြေပါတယ်..ကျော်ဝင်းကို သတ်လိုက်တာ..သူပေါ့”

မျက်မှန်ကြီးက ကြေးမုံအား စူးစိုက်ကြည့်လိုက်သည်။

“အသက်ဘယ်လောက်ရှိပြီလဲ”

“၁၉ နှစ်ပါ”

“ကျော်ဝင်းကို ဘယ်လိုသတ်လိုက်တာလဲကွ..ပြောပါဦး”

“သေနတ်နဲ့ ပစ်သတ်လိုက်တာပါ”

“ဟေ”

“သေနတ်က ဘယ်ကရတာလဲ”

“ဘုံကျောင်းထဲက တရုတ်အဘိုးကြီးကို သတ်တုန်းက”

“ဘယ်လို”

“လွန်ခဲ့တဲ့ငါးနှစ်က အမှောင်ထဲကမင်းသားများစစ်ဆင်ရေးမှာ 14K က အလိန်ကြီးတို့ကို သတ်ခဲ့တာ..သူပါ”

စံဘက ဝင်ပြောသည်။

မျက်မှန်ကြီး ပြုံးသွား၏။

“နေပါဦး..မင်းက အရင်က သေနတ်တွေဘာတွေပစ်ဖူးလို့လား”

“အဲ့ဒီ တစ်ခါတည်း ပစ်ဖူးတာပါ”

“ဟေ..သေနတ်တစ်ခါမှ မပစ်ဘူးပဲ အဲ့ဒီတုန်းက ဘယ်လိုများ ပစ်လိုက်တာတုန်းဟ”

“ဂျိမ်းစ်ဘွန်းကားတွေထဲမှာ ကြည့်ဖူးတယ်လေဗျာ..အဲ့ဒီအတိုင်းမောင်းတင်ပြီး ပစ်တာပေါ့”

“ဟ..မင်းတို့ကောင်က အလာကြီးပါလား”

“ဒါကြောင့်လည်း ကျော်ဝင်းနေရာမှာ သူ့ကို လွှတ်ဖို့ ကျွန်တော်တို့ ခေါ်လာတာပါ”

“အေး..ဟုတ်ပြီ…မင်းနာမည်”

“ကြေးမုံ”

“ကြေးမုံ…ဟော့ဒီက စံဘရော၊ ထွန်းရင်‌ကတော့ သိပြီးသားပါ..အခု မင်းလုပ်ရမယ့်အလုပ်တွေက အရင်လို ရန်ကုန်က နယ်ကျဥ်းကျဥ်းလေးကိစ္စမဟုတ်ဘူး..တစ်နိုင်ငံလုံးအတိုင်းအတာကို ဖြန့်ကျက်ရတော့မှာ…ရင်ဆိုင်ရမှာတွေကလည်းများတယ်..ဒီထက်ပိုရက်စက်မှရမယ်..အကွက်မြင်မှရမယ်.အဲ့ဒီအတွက်လည်း ငါတို့ရော..မင်းတို့ပါ ရမယ့်အကျိုးအမြတ်တွေကလည်း များတယ်…ရှင်းရှင်းပြောရရင် မင်းဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်မယ့် အခြေအနေရမယ်ကွာ..ဘယ်လိုလဲ..လုပ်ရဲတယ်မဟုတ်လား”

ကြေးမုံက ခေါင်းညိတ်လိုက်သည်။

“ကဲ..စံဘနဲ့ ထွန်းရင်..ကျော်ဝင်း လုပ်လက်စ ကိစ္စတွေ သူဆက်လုပ်ဖို့ မင်းတို့ သူ့ကိုသေချာပြောပါ… မင်းတို့နည်း မင်းတို့ဟန်နဲ့ ဖြေရှင်းနိုင်တဲ့ကိစ္စမှန်သမျှကို ဖြေရှင်းစေချင်တယ်…နေရာတကာ ငါတို့ ဝင်ပါပေးလို့တော့မရဘူး..အဲ့ဒါလည်း သေချာရှင်းပြလိုက်..ရပြီ..သွားကြတော့”

………………………………..

“ငကြေး…. မင်း ကိုမိုးကျော်သတင်း ကြားပြီးပြီလား”

ရှမ်းလမ်းတွင်ရှိသော ကြေးမုံ၏ အိမ်ပေါ်သို့ ဧရာ တက်လာသည်။

ကြေးမုံက အိမ်ရှေ့စားပွဲတွင် သူ့အမေ မမြင့်ဝင်း ကြော်ပေးထားသည့် ထမင်းကြော်ကို စားနေသည်။

“ဘာဖြစ်လို့လဲ”

ဧရာက သတင်းစာကို ကြေးမုံရှေ့သို့

ပစ်ချပေးလိုက်သည်။

ကြေးမုံက သတင်းစာကို လှန်ကြည့်လိုက်၏။

“ဒါဆို သူအခု ဆေးရုံမှာပေါ့”

“အေး”

ထိုအချိန်တွင် အခန်းအတွင်းမှ မြိုင် ထွက်လာသည်။

လက်ထဲတွင်လည်း ခရီးဆောင်အိတ်တစ်လုံးနှင့်။

“အကို…ခင်ဗျား သွားတိုက်တံ က အသစ်ဝယ်ထားတာ ထည့်သွားမှာလား…နောက်ဖေးက အဟောင်းပဲလား”

“အသစ်ပဲ ထည့်ပေးလိုက်မြိုင်”

မြိုင်က ခရီးဆောင်အိတ်ကို ကြေးမုံဘေးမှ ခုံပေါ်သို့ တင်ပြီး နောက်ဖေးသို့ ပြန်ဝင်သွားသည်။

ဧရာက ကြေးမုံကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။

“မင်း..ဘယ်သွားမလို့လဲ..ငကြေး”

“ဒီလိုပါပဲ..အဘိုးကြီးတွေနဲ့ ငါ အလုပ်တစ်ခု စလုပ်တော့မလို့”

“ငါလည်း ဘာမှမသိရပါလာ..ငကြေးရာ”

“အခုကိစ္စက ရက်ရှည်ခရီးသွားရမှာ..မင်းကိုက ပန်းဆိုးတန်းကို ကိုင်ခိုင်းမှာမို့ မလွှတ်တာ..ဧရာ..ပြီးတော့ မင်းက အိမ်ထောင်လည်းကျခါစဆိုတော့..ရန်ကုန်မှာပဲ အဆင်ပြေမှာပါ”

“မင်းလည်း ငါ့လို အိမ်ထောင်ကျနေပြီမဟုတ်လား..မင်းကရော ဒီကိစ္စဘာလုပ်ထားတာလဲ”

ဧရာက အခန်းထဲဝင်သွားသည့် မြိုင့် ကို မေးငေါ့ရင်းပြောသည်။

ကြေးမုံက ပြုံးလိုက်၏။

“ငါက မင်းလိုမဟုတ်ဘူး..ဧရာရ…ဟားဟား”

ထိုအချိန်တွင် အခန်းထဲမှ မြိုင်က သွားပွတ်တံကို ကိုင်လျက်ထွက်လာသဖြင့် သူတို့ စကားလမ်းကြောင်း လွှဲလိုက်ကြသည်။

“ကဲ..ဧရာ…ရထားက ညရထားကွ..အခုမင်း ငါနဲ့ ခဏလိုက်ခဲ့ပါလား”

“ဘယ်ကိုလဲ”

“ဆေးရုံကြီးကို”

“ဘာလဲ..ကိုမိုးကျော်ဆီသွားမလို့လား”

“အေး”

………………………………..

လက်တစ်ဖက်ကို သံတိုင်နှင့် တွဲလျက် လက်ထိပ်ခတ်ထားသည်။

မျက်လုံးတစ်ဖက်က စိမ်ညှိ့ဖောင်းကာပြီး ပိတ်နေသည်။ နှုတ်ခမ်းက ခြေထောက်နှင့် ဝိုင်းကန်ခံရမှုကြောင့် ဖူးထော်နေသည်။

ခေါင်းတွင်လည်း ပတ်တီးအဖွေးသား။

သို့သော်ငြား..လက်တစ်ဖက်ကတော့ ဒူးယားစီးကရက်အဖွာမပျက်။

ဘေးတွင် သေနတ်ကိုင်ထားသော ရဲသားတစ်ယောက်။

“မင်းတို့က သူနဲ့ ဘာတော်တာလဲ”

“ညီအကိုတွေပါ”

ရဲသား၏ အမေးကို ကြေးမုံက ဖြေလိုက်သည်။

မိုးကျော်က “ဟက်” ခနဲ ရယ်လိုက်၏။

“ဘာပစ္စည်းတွေယူလာတာလဲ..ပြော”

“စားဖို့ မုန့်တွေပါပဲ”

“ဘာမုန့်တွေလဲ”

“ဘီစကစ်ရယ်၊ တခြားမုန့်တွေရယ်ပါ”

“ဟ..ယိုးဒယားမုန့်ဘူးပါလား၊ ငါ့မှာ ဒီလိုပေးတွေ့ခွင့်တော့မရှိဘူး..ဒါပေမယ့်..လူမှုရေးအရလုပ်ပေးလိုက်မယ် သိပ်မကြာစေနဲ့နော်”

ရဲသားက ပြောပြောဆိုဆိုဖြင့် အိတ်ထဲမှ မုန့်ဗူးကို နှိုက်ယူကာ အပြင်သို့ ထွက်သွား၏။

မိုးကျော်က ဘာစကားမှမပြော။

အကောင်းပကတိရှိနေသော မျက်လုံးဖြင့် ကြေးမုံကို ကြည့်ရင်း စီးကရက်ကို ဖွာနေသည်။

ကြေးမုံက ခေါင်းကိုငုံ့ထား၏။

“ကိုမိုးကျော် အဆင်ပြေရဲ့လား”

ဧရာက မေးလိုက်သည်။

မိုးကျော်ထံမှ တုန့်ပြန်သံဘာမှ မလာ။ မိုးကျော်က နှုတ်ခမ်းကို တွန့်ရုံသာပြုံးလျက် ကြေးမုံကိုသာ စိုက်ကြည့်နေသည်။

ကြေးမုံ ခေါင်းမော့လာသည်။

မိုးကျော်ကို ၏ အကြည့်ကို ပြန်စိုက်ကြည့်သည်။

မိနစ်အတော်ကြသည်အထိ။

ရာဇဝတ်မှုကျူးလွန်သူတို့ကိုထားလေ့ရှိသည့် ဆေးရုံခန်းကား ဆေးနံ့တို့ဖြင့် မွှန်ထူနေပြီး မည်သည့်အသံမှ မကြားရပဲ တိတ်ဆိတ်နေသည်။

တိုဝင်စပြုနေသော ဒူးယားစိမ်းစီးကရက်က မိုးကျော်၏ ပြတ်နေသော လက်ညှိးတစ်ဖက်နားသို့ ရောက်လာသည်။

မိုးကျော်က စီးကရက်ကို ကြေးမုံ၏ ရှေ့သို့ တောက်ကာ ပစ်ချလိုက်၏။

“ကဲ…ခဏနေ..စခန်းက စစ်ချက်လာယူတော့မှာတဲ့..အခုပဲ ဆေးရုံကို ဖုန်းဆက်တယ်.. မင်းတို့ စကားပြောပြီးရင်လည်း ပြန်ကြတော့”

ရဲတပ်သား ပြန်ဝင်လာသည်။ လက်ထဲတွင် မုန့်ပုံးပါမလာ။ ပါးစပ်ဘေးတွင်တော့ မုန့်အစအနအချို့က ပေကျံလျက်။

ကြေးမုံက မိုးကျော် တောက်ထုတ်လိုက်သည့် စီးကရက်ကို နင်းချေလိုက်ပြီး ထထွက်လာသည်။

ဧရာက နောက်မှ လိုက်လာ၏။

“ကြေးမုံ..မင်းက လာပြီး ဘာမှလည်း မပြောဘူး”

“ဒီအချိန်မှာ ငါတို့ စကားတွေပြောစရာမလိုတော့ဘူး”

“ဟမ်..”

ဆေးရုံကော်ရစ်တာရှိ သူနာပြုနားနေခန်း ရှေ့ ခုံတန်းတွင် ရဲသားကျန်ရစ်ခဲ့သည့် ပွင့်လျက်သား မုန့်ပုန်းကို‌ တွေ့ရသည်။

ကြေးမုံက မုန့်ပုံးကို ယူကာ ဆေးရုံဝရံတာမှ အောက်သို့ သွန်ချလိုက်သည်။ အောက်တွင် ရှိနေသော ခွေးများက မုန့်ကို အလုအယက်စားကြ၏။

“ဘာလုပ်တာလဲဟ”

“ဒီရဲကို ခွေးလောက်မသဒ္ဓါလို့ပေါ့ကွာ”

“မင်းကတော့ကွာ”

ဧရာက ကြေးမုံလက်မောင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

“အေး…မင်းလည်း ငါမရှိတဲ့အချိန် ကိုမိုးကျော်သတင်းကို မျက်ခြေမပျက်စေနဲ့..ဧရာ..သူ ငါတို့ကို မဖြစ်မနေ သတ်လိမ့်မယ်”

ဆေးရုံမှအထွက်တွင် သူတို့နှစ်ဦး တိတ်ဆိတ်သွားကြသည်။

“ဧရာ..ငါ့ကို မြေနီကုန်းက ဆိုက်ကားဂိတ်ကို လိုက်ပို့ပေးပြီးမှ ပြန်ကွာ”

“ဘာသွားလုပ်မလို့လဲ..ကြေးမုံ”

“ငါ..မော်လမြိုင်သွားရင် ကိုစန်းထွန်းကို ခေါ်သွားမလို့”

“ဟ..ဘာလဲဟ..ဒီလူကြီးက ကြပ်သိပ်ပြည့်တာမဟုတ်ဘူး”

“အေးလေ..အဲ့ဒါကြောင့် ခေါ်သွားမှာ”

“မင်းကတော့ ဘာတွေလုပ်နေမှန်းမသိပါဘူး..ကြေးမုံရာ”

ဧရာက ဆိုင်ကယ်ကို မြေနီကုန်းဘက်ဆီသို့ ဦးတည်လိုက်သည်။

………………………………..

၁၉၆၉ မတ်လ ၂ ရက်နေ့။ နံနက် ၅ နာရီ ၂၀ မိနစ် ကျိုက်ထိုဘူတာ။

နွေဦးသို့ ဝင်ပြီဆိုသော်ြငား မြူတို့ကား ပြယ်မသွားသေး။

ကြေးမုံ နှင့် ကိုစန်းထွန်း က အိတ်ကိုယ်စီလွယ်လျက် ဘူတာမှ ဆင်းလာကြသည်။

ဘူတာဆင်းချိန်မို့ ဆိုက်ကားသမားများ၊ မြင်းလှည်းသမားများ ဝိုင်းအုံနေကြ၏။

“ဘိုပြား အိမ်ကို လိုက်ပို့ပေးပါ”

ကြေးမုံက မြင်းလှည်းသမားတစ်ဦးထံ ကပ်ပြောလိုက်သည်။

မြင်းလှည်းသမားက မြင်းလှည်းပေါ်တက်ရန် အချက်ပြလိုက်သည်။

ကြေးမုံတို့ နှစ်ဦး မြင်းလှည်းပေါ်သို့ တက်လိုက်ကြ၏။

“သွားတော့လေ..ဘာလုပ်နေတာလဲ”

ကြေးမုံက ပြောလိုက်သည်။

“လူပြည့်အောင်တော့ စောင့်ရဦးမှာပေါ့..ဆရာ”

“တစ်စီးလုံးငှားမယ်ဗျာ..ဘယ်သူမှစောင့်မနေနဲ့”

“အခုချိန်သွားလည်း ဟိုက နိုးဦးမှာ မဟုတ်ဘူး..ဖြည်းဖြည်းပေါ့”

“သွားမှာသာ သွားစမ်းပါဗျာ”

မြင်းလှည်းသမားက ခေါင်းကုပ်ပြီး မောင်းထွက်သွား၏။

မကြာမီ ကျိုက်ထိုရှမ်းစျေး အနီးရှိ အိမ်တစ်လုံးရှေ့တွင် မြင်းလှည်းရပ်သွားသည်။

စျေးသည်အချို့၊ စျေးသွားစျေးလာအချို့မှလွဲပြီး မနက်ခင်းက ရှင်းလင်းနေ၏။

ကြေးမုံက ခြံတံခါးဝမှာ ခေါင်းလောင်းကို သွားလှုပ်လိုက်သည်။

အိမ်ထဲမှ မည်သို့မျှ မတုန့်ပြန်။

“ဦးဘိုပြား..ဦးဘိုပြား”

အော်ခေါ်ကြည့်သည်။ ဘာမှမထူးခြား။

“ခြံတံခါး ကန်ဖွင့်လိုက်ရမလား..မောင်ကြေး”

ကိုစန်းထွန်းက ပုဆိုးကို မသည်။

“ဟာ…မလုပ်နဲ့..ဆရာသမား…သူတို့အိပ်ရာက မနိုးကြသေးပုံပဲ..လာလာ ရှေ့မှာ ဆိုင်ရှာပြီး တစ်ခုခုစားရင်း စောင့်ကြတာပေါ့”

ကြေးမုံက ကိုစန်းထွန်းကို ပုခုံးဖက်ပြီး ပြန်လှည့်ရန် ပြင်သည်။

“ဟေ့..ချွတ်..ချွတ်”

ခြံထဲမှ အသံကြားသဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

အမျိုးသမီးတစ်ဦး။ တညလုံး ပင်ပန်းနွမ်းနယ်ခဲ့သည့်ဟန်ဖြင့်။

သူ့နောက်မှ လူတစ်ဦးက သော့ကိုင်ပြီး ထွက်လာသည်။

အမျိုးသမီးက ကြေးမုံတို့ကို ညုတုတုတစ်ချက်ကြည့်ပြီး ခြံပြင်ထွက်သွား၏။

“ရန်ကုန်က လာကြတာလား”

“ဟုတ်ပါတယ်..ခင်ဗျားက ဘိုပြားလား”

ထိုသူက ခေါင်းညိတ်ပြပြီး ခြံဝန်းတံခါးကို ဟ ပေးသည်။

ကြေးမုံနှင့် စန်းထွန်းတို့ ဝင်လိုက်ကြ၏။

“ခဏထိုင်ကြဦး…ငါ မျက်နှာသစ်လိုက်ဦးမယ်”

ဘိုပြားက အိမ်ရှေ့ စဥ့်အိုးရှေ့သို့ ပြန်ထွက်သွားသည်။

ထို့နောက် ပြန်ဝင်လာပြီး စင်ပေါ်မှ ‌ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိ့လိုက်၏။

“ဟိုတစ်ခေါက်လာတဲ့ ကိုကျော်ဝင်း သတင်းတော့ကြားပါတယ်…အခုက ကိုကျော်ဝင်း ကိုယ်စားလာကြတာပေါ့”

ဘိုပြားက စကားပြောရာတွင် ကိုစန်းထွန်းကို ဦးတည်ပြီး ပြောလိုက်သည်။

“ဟုတ်ပါတယ်”

ပြန်ဖြေသူက ကြေးမုံ။

“မင်းတို့နှစ်ယောက်မှာ ဘယ်သူက ခေါင်းဆောင်လဲ..ငါက ဘယ်သူနဲ့ ပြောရမှာလဲ”

“ကျွန်တော်က ခေါင်းဆောင်”

“ဟမ်”

ဘိုပြားက ဆေးလိပ်ကို ပါးစပ်တွင်ခဲလျက် တုံးတိဖြစ်နေသော သူ့ဘယ်လက်ကို ညာဘက်လက်ဖဝါးဖြင့် ပွတ်ရင်း ကြေးမုံကို ကြည့်နေသည်။

“ဟုတ်ပြီ….ဟိုတစ်ခေါက်က ကိုကျော်ဝင်းလာတဲ့ကိစ္စ အခြေအနေ သိပြီးသားလား”

“မသိသေးဘူး”

“ရထားပေါ်က တွဲကြေးလျော့ပေးဖို့ကိစ္စကို ကိုစံသိန်းက သဘောမတူခဲ့ဘူး”

“ကိုစံသိန်းဆိုတာက”

“ပဲခူးဘူတာက နေ မော်လမြိုင်ဘူတာအထိ ရထားမှန်သမျှ သူ့လူတွေချည်းပဲ…သူမသိပဲ ဘာမှောင်ခိုပစ္စည်းမှ တင်လို့မရဘူး..တွဲတိုင်းမှာ သူ့လူမိုက်တွေပါတယ်..ရထားက ရဲတွေ၊ဝန်ထမ်းတွေကလည်း သူ့ခါးပိုက်ထဲမှာပဲ..သူ့ကို နှစ်ဆယ်ရာခိုင်နှုန်းပေးမှရတယ်..ကိုကျော်ဝင်းက ဆယ်ရာခိုင်နှုန်းလျော့ခိုင်းတာ..သဘောမတူလိုက်ဘူး…ကိုကျော်ဝင်းက စံသိန်းကို သတ်မယ်လို့ ကြိမ်းသွားတယ်.အခုတော့ သူပါ အသတ်ခံလိုက်ရတယ်”

“အဲ့ဒီလူကို ကျွန်တော်တွေ့လို့ရမလား”

“ကဲ..ကိုကျော်ဝင်းလို လူတောင် အသတ်ခံလိုက်ရတာနော်..ငါ့ညီ”

ကြေးမုံက ရယ်လိုက်သည်။

“တွေ့လို့ရမလားလို့…ကျွန်တော် ရအောင်ညှိမယ်”

“စံသိန်းက သူ့မယားငယ်တွေရှိတဲ့ ပဲခူး ကျိုက်ထို မော်လမြိုင် အစုံအဆန်သွားနေတာကွ..နေရာအတည်တကျဖမ်းမရဘူး…မင်းတို့ ဒီမှာ ခဏနေ ငါစျေးထဲ တချက်စုံစမ်းလိုက်မယ်”

ဘိုပြား က ခြံအပြင်သို့ ထွက်သွားသည်။

ဘိုပြား။

မော်လမြိုင် – ရန်ကုန် မှောင်ခိုလမ်းကြောင်းကို ကုန်ပစ္စည်းများ ချိတ်ဆက်ပေးသောပွဲစားတစ်ဦး။

ငယ်စဥ်ကတည်းက ဘူတာများတွင် ကျင်လည်ခဲ့ပြီး ရထားပေါ်က ပြုတ်ကျပြီး ဘယ်ဘက်လက်ဖြတ်ခဲ့ရသူဖြစ်သည်။

ကျော်ဝင်းကြီး ရှိစဥ်က မှောင်ခိုရထားဘုရင် စံသိန်း နှင့် တွေ့ရန် ဘိုပြားမှ တဆင့် အကူအညီတောင်းခဲ့ဖူးသည်။

ခဏအကြာတွင် ဘိုပြား ပြန်ရောက်လာသည်။

“မင်းတို့ ကံကောင်းတယ်..ဒီကျိုက်ထိုမှာ သူရှိတယ်”

“ကဲ..အဲ့ဒါဆိုလည်း လိုက်ပို့ဗျာ”

“တော်ပြီလေကွယ်.ဟေ့ကောင်တွေ..ငါတော့ မျက်မုန်းကျိုးမခံဘူး..မင်းတို့ဟာ မင်းတို့သွားချင်သွား..လိပ်စာပြောလိုက်မယ်”

“သြော်..ဘိုပြားရာ..ကျွန်တော်က အဆင်ပြေပြေပြောတတ်ပါတယ်ဗျ”

“ကိုယ့်ဟာကိုယ် သွားစမ်းပါ..ကောင်လေးရာ..စံသိန်းအိမ်က ဒီနားတင်”

“ဒါဆိုလည်း ပြီးရောဗျာ”

………………………………..

“ကိုစံသိန်း….ကိုစံသိန်း”

“ဘာလဲကွ..ဝင်ခဲ့ဟေ့”

တိုက်ခံအိမ်ထဲသို့ ကြေးမုံ နှင့် ကိုစန်းထွန်း ဝင်သွားသည်။

“မင်းတို့ ဘယ်ကကောင်တွေလဲ”

အသားမဲမဲ၊ ဗလတောင့်တောင့်၊ ဂင်တိုတိုနှင့်လူက ဆီးမေးသည်။

“ရန်ကုန်ကပါ..ကိုစန်းထွန်းနဲ့ အလုပ်ကိစ္စ ဆွေးနွေးချင်လို့ပါ”

“ဟေ့…ဖိုး‌စော..ဘာလို့ တံခါးဖွင့်ပေးတာလဲ..မောင်းထုတ်လိုက်ကွာ”

အိမ်ထဲမှ အသံထွက်လာ၏။

“သွားတော့..ဟေ့..ကြားတယ်မဟုတ်လား..မင်းတို့ကို မောင်းထုတ်ခိုင်းနေတာ”

“ဟေ့..ကိုစံသိန်း..ကျွန်တော့်နာမည်ကြေးမုံဗျ..ရန်ကုန်ကလာတာ…ကျွန်တော့်ကို တွေ့ချင်လာလို့ရှိရင်.. ဘိုပြားနဲ့သာ ဆက်သွယ်လိုက်..ကျွန်တော်ပြန်ပြီဗျိုး”

ကြေးမုံ က အော်ဟစ်ပြီး ပြန်ထွက်သွားသည်။

ဘိုပြား၏ အိမ်သို့ ရောက်သောအခါ ဘိုပြားက အားရပါးရရယ်၏။

“ဘယ်လိုလဲဟေ့..ကောင်းကောင်းမွန်မွန် ဧည့်ခံလွှတ်လိုက်ရဲ့လား”

“မောင်းထုတ်လိုက်တယ်လေဗျာ..ဟဲ..ဟဲ”

“ကဲ..ဘာဆက်လုပ်ကြမလဲကွယ်”

“ခင်ဗျား မှောင်ခိုလိုင်းဆိုတော့ ယိုးဒယားဘက်ကသွင်းတဲ့ အရက်ကောင်းကောင်းများ ရနိုင်မလားဗျ”

“ဟာ..သိပ်ရတာပေါ့..ကောင်လေး…ဒါ ပါဖို့ပဲလိုတာ”

ဘိုပြားက လက်ညှိးနှင့် လက်မကိုဝိုင်းပြလိုက်သည်။

“ခင်ဗျား မသောက်ချင်ဘူးလား..ဘိုပြား”

“ဟ..တိုက်ရင်သောက်မှာပေါ့ဟ”

“ကဲ ညနေ ဖန်တီးလိုက်ဗျာ..အမြည်းကောင်းကောင်းလေးတွေရောပေါ့…ကျသလောက် ငွေသာပြော”

“ကြိုက်သကွယ်..င့ါလူ”

………………………………..

ညနေပိုင်းတွင် ဘိုပြား အပြင်သို့ ထွက်သွား၏။

မကြာမီ ပုလင်းပြား လေးပြားကို အိတ်တွင်ထည့်ကာ ဝင်လာသည်။

“SangSom Rum တော့ရလာတယ်ကွ.. ရသလောက်ဆွဲလာတာပဲ…မေစီရေ..ခြံတံခါးတစ်ခါတည်းသော့ခတ်ခဲ့ပါကွယ်”

တံခါးအဝမှာ မျက်နှာချေအဖွေးသားမိန်းမနှစ်ယောက်ဝင်လာသဖြင့် ကြေးမုံက ဘိုပြားကို ကြည့်လိုက်သည်။

“ဘာတွေလဲဗျ..ဘယ်သူတွေလဲ”

“မင်းပဲ အမြည်းကောင်းကောင်းလေးတွေဆို..ဒီထက်ကောင်းတဲ့ အမြည်းရော…ရှိမလားကွယ်”

“ဟေ့လူ..စားစရာကို ပြောတာဗျ”

“အေးလေကွယ်..ဒါလည်း စားစရာပဲ..တည တစ်ဆယ်တောင်ပေးရတာ”

“ဒီဟာမတွေ ကို ကြော်စားရမှာလားဗျ..ခင်ဗျားကလည်း”

“ငါ့လူလေး..ညံချက်ပဲ…သူတို့ အမြည်းချက်ပေးမှာပေါ့..ငါ့အိမ်မှာ ငါးခြောက်ငါးခြမ်းအကုန်ရှိတယ်..အဲ့ဒါလည်းမြည်း..မင်းတို့ဝါသနာပါရင် ညကျ သူတို့ကိုလည်း မြည်းပေါ့”

ဘိုပြား ပြောသည့်အတိုင်း အမျိုးသမီးနှစ်ယောက် အစီအမံဖြင့် မကြာမီ သူတို့အရက်ဝိုင်းက စားဖွယ်စုံလင်သွားတော့သည်။

သူတို့သုံးယောက်နှင့် အမျိုးသမီးနှစ်ယောက် ဝိုင်းတည်ကြသည်။

ရမ်သုံးပြားအကုန်တွင် အရှိန်အနည်းငယ်ရလာကြသည်။

“ဘိုပြား….ခင်ဗျား ကျွန်တော့်ကို တစ်ခုတော့ ကူညီဗျာ”

“အေး..ဘာလဲပြော”

“အခု စံသိန်း နဲ့ သူ့လူတွေအကြောင်း..သူတို့လုပ်တဲ့ ရထားပေါ်က လမ်းကြောင်းတွေ ဂွင်တွေ အကြောင်း ကျွန်တော် သိချင်တယ်”

“မင်းက ဘာလုပ်မလို့တုန်း”

“သြော်..နောက်အလုပ်တွဲလုပ်ရမယ့်သူတွေဆိုတော့ သိထားတော့ပိုကောင်းလို့ပါ”

“အံမယ်လေး..စောက်ကြီးစောက်ကျယ်ကွယ်..ဒီနေ့ပဲ..ဟိုက သူ့ မောင်းထုတ်လိုက်တာကို”

“လုပ်ပါဗျာ..ခင်ဗျားကို အရက်လည်းတိုက်ထားသေးတယ်..မနက်ဖြန် ကျွန်တော်တို့ ရန်ကုန်ပြန်မှာ”

“အဲ့ဒါကတော့ ဟော့ဒီက မေစီ ကိုသာ မေး.သူက အရင်မှောင်ခိုလမ်းကြောင်းကပဲ…စံသိန်းလူတွေအကြောင်း နောကြေနေတာ..ငါတော့ သက်မာကို တက်မြည်းလိုက်ဦးမယ်..ကဲ..မိသက်မာ..အလုပ်လုပ်ကြစို့”

ဘိုပြားက တစ်ဖက်တည်းသာရှိသော ညာလက်ဖြင့် သက်မာဆိုသည့် ပြည့်တန်ဆာမလေးကို ဖက်ကာ အိမ်ပေါ်ထပ်သို့ တက်သွား၏။

“မမေစီ….ကျွန်တော့်ကို ပြောပြပါလား”

မေစီ ဆိုသည့် အမျိုးသမီးက ဗလာဖြစ်နေသည့် သူ့ဖန်ခွက်ကို ကြေးမုံထံ တိုးပေးလိုက်သည်။

ကြေးမုံက နောက်ဆုံးကျန်သည့် ရမ်ပုလင်းပြားကို ဖောက်ကာ ငှဲ့ထည့်ပေးလိုက်သည်။

ကိုစန်းထွန်းကား ဘေးနားတွင် တခူခူးဖြင့် ဟောက်နေလေပြီ။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၈ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>