ပွင့်လင်းရာသီ ခရီးသွားတွေ မလာတော့

0
3547

မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်တစ်ခုဖြစ်သော တနင်္သာရီတိုင်းမှာ ကပ်ဘေးနှစ်ခုကြောင့် ခရီးသွားများ မလာကြတော့ပေ။

ခရီးသွားဧည့်သည်များကို မှီခိုရပ်တည်ကြသည့် လုပ်ငန်းများမှာလည်း ရပ်ဆိုင်းကုန်ကြပြီဖြစ်သည်။

ကိုဗစ်အလွန်ကာလတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းတွင် ခရီးသွားဧည့်သည်များနှင့် စည်ကားနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခအခြေအနေများကြောင့် ပြည်ပခရီးသွားများ လာရောက်ခြင်းမရှိကြသလို ပြည်တွင်းခရီးသွားများလည်း မရှိသလောက်ဖြစ်နေသည်။

ယင်းကြောင့် တနင်္သာရီတိုင်းသို့ လာရောက်သည့် ပြည်တွင်း၊ပြည်ပဧည့်သည်များမှာလည်း မရှိတော့ပေ။

တိုင်းအတွင်းရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလှသည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။

အထူးသဖြင့် ခရီးသွားများကို တိုက်ရိုက်မှီခိုကာ လုပ်ကိုင်ကြသည့် စျေးသည်များ၊ တောင်တက်ကားသမားများမှာ ဝင်ငွေမရှိသလောက်ပင် ဖြစ်ကုန်ကြသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ကမ်းခြေရှိရင်ထမင်းမငတ်ဘူးလို့ ထင်ထားတာ”

မောင်းမကန် ကမ်းခြေ ခေါင်းရွက်ဗျတ်ထိုးဈေးသည်

DW ။ အဒေါ်က အရင်က မောင်းမကန်ကမ်းခြေမှာ ဘာရောင်းတာလဲ။ ဘာတွေ လုပ်ကိုင်စားသောက်တာလဲ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ အစုံပဲလုပ်ရောင်းတယ်။ ပုဇွန်ကြော်လည်းရောင်းတယ်။ ကဏန်းကြော်ရောင်းတယ်။ အစုံပဲ။

DW ။ အခုမရောင်းရတော့ဘူးလား။ ဘာဖြစ်လို့လဲ။

ဖြေ ။ ဪသားရယ်။ အခုကမ်းခြေမှာ လူမှမလာတော့တာ။ လူမရှိဘဲ ဘယ်သူ့သွားရောင်းရမှာလဲ။

DW ။ အဲတာဆိုအခုဘာတွေလုပ်ကိုင်စားနေတာလဲ။

ဖြေ ။ ဘာမှ ( အလုပ်) မယ်မယ်ရရမရှိပါဘူး။

DW ။ အလုပ်မရှိရင် စားဝတ်နေရေးက ဘယ်လိုလုပ်နေတာလဲ။

ဖြေ ။ မြေရောင်းထားတာနဲ့စားနေတယ်။ အိမ်နားက ပိုနေတာလေးရောင်းလိုက်တယ်။ အဲဒါနဲ့စားနေရတာပေါ့။ နေကောင်းရင်တော့ သူများငှားလိုက်တယ်။ အသက်ကြီးလာလို့ မေားတယ်။ အလေးအပင်တွေ မလုပ်နိုင်တော့ဘူး။

DW ။ ပိုက်ဆံလိုလို့ရောင်းလိုက်ရတာလား။

ဖြေ ။ အေး။ နေမကောင်းဖြစ်လို့ ဆေးကုဖို့လိုလို့ရောင်းလိုက်တာ။ (အမျိုးသားဖြစ်သူ) လှေလိုက်ရာကနေမကောင်းပဲ ပြန်လာလို့ အဲဒါရောင်းပြီး ဆေးကုထားတာ။ အခုနေပြန်ကောင်းလို့ လှေလိုက်ထွက်နေတယ်။

DW ။ အဒေါ်အမျိုးသားမှာရော အလုပ်ကိုင်ဆင်ပြေရဲ့လား။

ဖြေ ။ ပြေတော့ပြေတယ်။ ကိုယ်မစားရဘူး။ ဆေးဖိုးနဲ့ကုန်တာပဲ။ ဆေးဖိုးကလည်း အရင်တုန်းကလိုမဟုတ်တော့ဘူး ဈေးအရမ်းကြီးသွားပြီ။ သူတစ်ယောက်ပဲ အလုပ်ရှိတာ။ ဒေါ်နဲ့ကလေးတွေက အလုပ်မရှိဘူး။

DW ။ ကမ်းခြေကိုဧည့်သည်မလာကြတော့ဘူးလား။

ဖြေ ။ ကြာပြီလေ။ မလာကြတာ။ ကိုဗစ်တွေဖြစ်ကတည်းကပဲ။ အခုတော့ လာတော့လာတယ်။ နည်းနည်းလေးပဲလာကြတယ်။ အရင်ကလိုမျိုးမဟုတ်တော့ဘူး။ ရောင်းလည်းမကောင်းတော့ဘူး။ သူများတွေလဲမရောင်းကြတော့ဘူး။ ရောင်းမကုန်ရင် ရှုံးတယ်။ အဲကြောင့်။ ဆီဈေးကလည်းကြီးတယ်။ အားလုံးပဲဈေးကြီးနေလို့ မရောင်းတော့တာ။ စားသောက်ဆိုင်တွေလည်း မရောင်းရဘူး။ လူကလည်းမရှိ။ ဝယ်ရခြမ်းရတာကလဲဈေးကြီးလို့ဆိုပြီး ညည်းနေကြတယ်။

DW ။ အရင်တုန်းကဆို ရောင်းကောင်းတယ်နော်။

ဖြေ ။ အရင်တုန်းကတော့ ကောင်းတာပေါ့။ လူများတာကိုး။ သုံးလေးဗန်းစလုံး အကုန်ရောင်းကုန်ကြတယ်။ အခုက မရောင်းရဘူးလေ။ တစ်ယောက်တောင်ရောင်းမကုန်ဘူး။ ‌

DW ။ ဈေးမရောင်းရတော့ ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ အခက်အခဲကတော့မျိုးစုံပဲ။ အခုက သူ့လုပ်စာ(အမျိုးသားဖြစ်သူရဲ့လုပ်အားခဝင်ငွေ) တစ်ခုပဲရှိတာလေ။ အဒေါ်က ဆယ်ခါကြာမှတစ်ခါ အလုပ်ရှိတာ။ အဆင်တော့မပြေဘူး။ ဈေးလေးဘာလေး ပြန်ရောင်းရမယ်ဆိုရင်တော့ ကောင်းမယ်။ နှစ်ယောက်လုပ်မှ အဆင်ပြေတာလေ။ အရင်တုန်းကလိုမျိုးပေါ့။ သူ့မှာ အဆင်မပြေရင်(အမျိုးသားဖြစ်သူမှာ အလုပ်မရှိရင်) ကိုယ့်မှာရှိသေးတယ်လေ။

DW ။ ကမ်းခြေကိုဧည့်သည် အလာနည်းသွားတဲ့အပေါ် စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲ။

ဖြေ ။ ခြောက်ကပ်ကပ်ကြီးနဲ့ဖြစ်သွားတာပေါ့။ ကမ်းခြေရှိရင်ထမင်းမငတ်ဘူးလို့ ထင်ထားတာ။ အခုလိုဖြစ်မယ်မှန်းလဲ မထင်ထားဘူးလေ။ အစတုန်းကတော့ ကိုဗစ်ကြောင့်ပိတ်ထားတာ ခဏပဲအဲလိုထင်တာ။ ပြီးရင်အဆင်ပြေသွားမယ်ဆိုပြီးပဲထင်ထားတာ။ အခုက ပိုတောင်ဆိုးသွားပြီ။ လူတွေလည်း မသွားရဲ မလာရဲကြတော့ဘူးလေ။ အေးမှမအေးပဲကိုး။ အဒေါ်တို့လည်းကြောက်နေရတာပဲ။ တစ်ချို့တွေဆို မနေရဲကြဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“တစ်နေ့လုံးနေလို့ မဟုတ်ဘူး၊ တစ်လလုံးနေလည်း မဆွဲရဘူးခင်ဗျား”

တောင်တက်ကားအသင်းမှ ကားသမားတစ်ဦး

ထားဝယ်ခရိုင်ရှိ ရှင်ကိုးရှင်ဘုရားများမှာ မြန်မာပြည်တွင် ထင်ရှားသည်။ ပွင့်လင်းရာသီတွင် ထားဝယ်သို့လာသည့် ခရီးသွားဧည့်သည်များတွင် ရှင်ကိုးရှင်ဘုရားဖူးဧည့်သည်များသည်။ ရှင်ကိုးရှင်ဘုရားဖူး ဧည့်သည်များကြောင့် အလုပ်အကိုင်ကောင်းသူများတွင် ရှင်တောင့်ပုံကားအသင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

ရှင်တောင့်ပုံဘုရားမှာ ရှင်ကိုးရှင်ဘုရားထဲမှ ရှင်တစ်ရှင်ဖြစ်သည်။ ရှင်တောင့်ပုံဘုရားသည် ထားဝယ်ခရိုင် သရက်ချောင်းမြို့လယ်တွင် တည်ရှိသည်။ စေတီတော်ရှိရာတောင်မှာ မတ်စောက်သည်။ ဘုရားဖူးလာသည့် ဧည့်သည်များကို ရှင်တောင့်ပုံကားအသင်းမှ ကျွမ်းကျင်သည့် ကားသမားများက ပို့ဆောင်ပေးလေ့ရှိသည်။

ရှင်တောင့်ပုံကားအသင်းတွင် တောင်တက်ကား ၄၂ စီးရှိသည်။ ယခုအခါ ဘုရားဖူးဂိတ်တွင် တောင်တက်ကားတို့ မရှိသလောက် ဖြစ်သွားပြီဖြစ်သည်။

DW ။ ရှင်တောင့်ပုံကားအသင်းက အခုလက်ရှိ ကားဆွဲနေကြတုန်းလားရှင်။

ဖြေ ။ အခုက ဘုရားဖူးလည်းမရှိဘူးဆိုတော့ မဆွဲရတော့ဘူး။ ကားတွေက တစ်စီးမှ မဆွဲရလို့ ရောင်းပစ်တဲ့လူ ရောင်းပစ်ကုန်ပြီ။ အရင်က ၄၂ စီးရှိတယ်။ အခုက အသင်းတော့ရှိတယ်။ ဘုရားဖူးတွေလည်းမလာဘူးဆိုတော့ ဘုရားဖူးဂိတ်မှာလည်း ကားထိုးတဲ့သူမရှိဘူး။ ကျပမ်းအလုပ်တွေ လုပ်ပြီးပဲ သွားနေကြတယ်ပေါ့။ တချို့လည်း ရပ်တည်မနိုင်တော့လို့ ကားရောင်းပစ်တဲ့လူတွေ ရောင်းပစ်လိုက်ကုန်ပြီ။

ကျွန်တော်တို့ ရှိနေတဲ့ကားတွေကလည်း အနီးနားက အော်ဒါလေးဘာလေးခေါ်ရင် လိုက်နေရတယ်ဆိုတော့ စားဖို့လောက်တော့ ရနေတာပေါ့လေ အခုချိန်မှာ။ စားဖို့တောင် မမီတဲ့အခါ တော်ရုံတန်ရုံ ပေခံလို့မနိုင်တော့ဘူး။

DW ။ ဒါဆိုလည်း အဲ့ဒီမှာ ကားသွားမဆွဲတော့ဘူးလား။

ဖြေ  ။ ဧည့်သည်လည်း မရှိဘဲနဲ့ ဘယ်လိုသွားဆွဲမလဲ အမ။ ကြာပြီ။ ဟိုး.. ကိုဗစ်ဖြစ်တည်းက ကျွန်တော်တို့ လုံးဝ မလုပ်ရတော့ဘူး။ အဲ့တုန်းက စည်းစနစ်မရှိဘဲ နီးတဲ့လူဆွဲစားတာရနေသေးတယ်၊ အခုဆို လုံးဝကို မရှိတော့ဘူး။ ကိုဗစ်စဖြစ်လိုက်တည်းက ဘုရားဖူးလာနည်းသွားတာမျိုး နောက်ထပ်က အာဏာသိမ်းမှုကြောင့်လည်း အများကြီးဆိုင်တာပေါ့နော်။

ကိုဗစ်တုန်းက ဧည့်သည်နည်းနည်းပါးပါး လာနေသေးတယ်။ ကားတွေလည်း ရှိနေသေးတယ်။ ကိုဗစ်ပြန်ဆိုးလာတော့ လုံးဝ မဆွဲရတော့ဘူး။ လှိုင်းနှစ်ခုလုံး ဆက်တိုက်ဖြစ်ပြီးမှာရယ် ကျွန်တော်တို့အားလုံး အဲ့ဒီမှာရပ်နားကုန်တယ်။

DW ။ အခုကရောဘာအလုပ်လုပ်နေလဲရှင်

ဖြေ ။ ကျွန်တော်လည်း ကိုယ့်အနားက ကျန်းမာရေးမကောင်းသူတွေဘာတွေမျိုး ကားအငှားလိုက်ဖို့ လာခေါ်ရင် အဲ့လိုပဲ ခေါက်တွက်နဲ့ လိုက်ဆွဲနေရတာပေါ့နော်။ အိမ်နားနီးချင်းတွေက ကားလေးနည်းနည်း လိုက်ပါဦးဆိုလည်း ဘယ်လောက်ယူမယ် ဘယ်လိုဆိုတာမျိုးပေါ့။ ရွာထဲရပ်ထဲက ထားဝယ်တက်ဖို့  ကားအငှားလိုက်ဖို့ လာခေါ်ရင်လည်း လိုက်နေရတာပေါ့။ ကိုက်တော့ မကိုက်ဘူးပေါ့နော်၊ မကိုက်လည်းပဲ စားဖို့လောက်ပဲ အဆင်ပြေပါစေဆိုပြီး လိုက်နေရတာပေါ့။ မျှော်လင့်ချက်ကတော့ နောက်ပြေလည်ရင်လည်း ကားပြန်ဝယ်ဖို့ဆိုတာ မလွယ်တော့ပြီဆိုပြီး ရောင်းဖို့မဖြစ်သေးတဲ့ အဲ့လိုမျိုးလူတွေလောက်ပဲ နည်းနည်းပါးပါးကျန်တယ်။

DW ။ တခြားစီးပွားရေးက ဘာရှိသေးလဲရှင်

ဖြေ  ။ ကျွန်တော်မှာတော့ ကွမ်းခြံပဲပေါ့။ ကားအငှားက နေ့တိုင်းမရှိဘူး၊ နေ့တိုင်း ဝင်ငွေမရှိဘူး။ ပုံသေမရှိဘူး။ ဥယျာဉ်ခြံလုပ်ငန်းနဲ့က မှေးပြီးနေရတဲ့သဘောမျှပဲ ရပ်တည်မရဘူး အမ။

DW ။  ကားအသင်းမှာ တချို့ကျန်နေတဲ့ကားတွေကရော ခရီးသည်ရနေတာပဲလား။

ဖြေ  ။ မရှိဘူး အမ၊ ထားဝယ်နဲ့ သရက်ချောင်းသွားလာဖို့တောင် အကြီးအကျယ် အဆင်မပြေတာကို၊ ရွာဝေးကလူတွေက ဘုရားဖူးလာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။

DW ။ အကိုက ကားအသင်းဂိတ်ကနေ ဘယ်အချိန်တုန်းက ထွက်လာတာလဲ၊

ဖြေ  ။ ကားအသင်းကတော့ ရှိတယ်။ ကျွန်တော်က ကိုဗစ်တည်းက မဆွဲဖြစ်တော့တာ။

DW ။ အခု လက်ရှိ ကျန်နေတဲ့ ကားအသင်းကလူတွေနဲ့ရော စကားပြောဖြစ်လား။ သူတို့ ကားဆွဲရရဲ့လား။

ဖြေ  ။ ပြောဖြစ်တာပေါ့၊ အများအားဖြင့်ကတော့ အလုပ်မလုပ်ရလို့ (ကား) ရောင်းဖို့ကိစ္စပဲ ပြောဖြစ်ကြတယ်။ ဒီနေ့ ဘယ်လောက်ရလဲဆိုတာ လို့မရဘူး။ ကားရဲ့ဝင်ငွေက အခုချိန်မှာ နတ္ထိဖြစ်နေတယ်။ ရှိတဲ့လူကလည်း ဆယ်စီးမှာ တစ်စီးနှစ်စီးက ဟိုးအရင်တည်းက ဘယ်လိုပြောရမလဲ ပြောဆိုပြေလည်လို့ သူ့ရဲ့ အသိအကျွမ်းတွေနဲ့ ကားအသုံးလိုတဲ့အခါ အနီးနားက ခေါ်သုံးတဲ့ သဘောလောက်ပဲ။ ကျွန်တော့်လိုပဲ သူတို့လည်း နီးစပ်ရာက ကားအငှားခေါ်ရင် လိုက်ဆွဲတယ်၊ တစ်ချို့လည်း အမိုးတွေဘာတွေတောင်ဖြုတ်ပြီး ကွမ်းသီးချိန်ဆို ကွမ်းသီတွေ လိုက်တင်တယ်။ (ရယ်လျှက်ပြောနေသည်။)

DW ။ ဒါဆို ကားအသင်းမှာ ကျန်ခဲ့တဲ့ ဂိတ်ထိုးထားတဲ့ ကားအချို့ကလည်း တစ်နေ့လုံးနေလို့ ကားမဆွဲရတဲ့ နေ့တွေလည်း ရှိမယ်ထင်တယ်။

ဖြေ  ။ တစ်နေ့လုံးနေလို့ မဟုတ်ဘူး၊ တစ်လလုံးနေလည်း မဆွဲရဘူးခင်ဗျား(ရယ်နေသည်။)

“သုံးပုံတစ်ပုံလောက်တော့ ရောင်းအားကျသွားတာပေါ့”

မြိတ်မြို့မှ ရေထွက်လက်ဆောင်ပစ္စည်း ဆိုင်ပိုင်ရှင်

DW ။ လက်ရှိရေထွက်ပစ္စည်း ရောင်းဝယ်မှုက ဘယ်လိုအခြေအနေရှိနေလဲ။ အရင် ၂ နှစ်ကနဲ့စာရင် ကွာဟမှုရှိလား။

ဖြေ ။ ဖောက်သယ်တွေရှိတော့ ပုံမှန်ရောင်းနေရတယ်။ ဒါပေမဲ့အရင်တုန်းကလောက်တော့ မရောင်းရတော့ဘူး။ ခရီးသွားလာလည်ပတ်မှု နည်းသွားတဲ့အပေါ်မှာ သုံးပုံတစ်ပုံလောက်တော့ ရောင်းအားကျသွားတာပေါ့။ အရင်ကဆို ခရီးသွားလာသူတွေ တအားများတယ်လေ။

DW ။ လက်ရှိဆိုင်မှာ အဓိကထားရောင်းနေရတာက ဘာပစ္စည်းတွေဖြစ်မလဲ။

ဖြေ ။ အဓိကထားရောင်းနေရတာက ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေပေါ့နော်။ အဲဒါတွေက အဓိက ရောင်းရများတယ်။

DW ။ ရေထွက်ပစ္စည်းဈေးနှုန်းတွေက ဒီနှစ်မှာ ဈေးတက်တာမျိုးရှိလား။ဘယ်လောက်ထိ တက်သွားလည်း။

ဖြေ ။ ဈေးကတော့ ရေထွက်ပစ္စည်းအကုန်တက်တယ်၊ အကုန်လုံးတက်တယ်။ မနှစ်က(ငါးခြောက်) တပိဿာ ရှစ်ထောင်ရှိတဲ့ပစ္စည်း ဒီနှစ် တစ်သောင်းခြောက်ထောင် အထိတက်တယ်။

DW ။ အွန်လိုင်းကနေ ရောင်းချတာမျိုးရှိလား။ဆိုင်နဲ့ ဘယ်ကပိုရောင်းရလည်း။

ဖြေ ။ အရင်ကတော့ ရောင်းတယ်။ ခုတော့မရောင်းတော့ဘူး။ တစ်ယောက်တည်း လုပ်နေရတယ် ဆိုတော့ လူမနိုင်လို့ နားလိုက်တာပါ။

DW ။ ရေထွက်လက်ဆောက်ပစ္စည်း ရောင်းဝယ်တာနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲရှိလဲ။ ဘာတွေမှတ်ချက်ပေးစရာရှိသေးလည်း။

ဖြေ ။ မှတ်ချက်ပေးစရာတော့ မရှိပါဘူး။ ဒီလုပ်ငန်းကို တအားကြီးလည်း မကျွမ်းသေးဘူးဆိုတော့လေ။ ကျွန်မအစ်မက ကျွန်မထက် ပိုပြီးကျွမ်းပါတယ်။

DW ။ ဟုတ်ကဲ့။ ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်။