ဘုတ်ပြင်း၊ ချောင်းမွန်ကျေးရွာအနီးနှစ်ဖက် တိုက်ပွဲဖြစ်ပွား

0
4207
ဓါတ်ပုံ - ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီး နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ‌ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၊ချောင်းမွန်ကျေးရွာအနီး နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆီအုန်းတောရှိရာ ပြည်ထောင်စုလမ်းအတိုင်း ခြေလျှင်ချီတက်လာသည့် ခမရ(၅၆၀) တပ်ရင်းမှအင်အား ၁၅ ဦးခန့်နှင့် မိနစ် ၃၀ အကြာမိုင်းဆွဲခြင်း၊ အပြန်အလှန်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ၆၀ မမ ဗုံးသီး ၇ လုံး၊၅ဒသမ၅၆ ကျည်ဆံ ၂၀၀ တောင့်အပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၊ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး အကျအဆုံးစီစစ်နေဆဲဖြစ်ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၊ ကော့သောင်းခရိုင် တပ်ရင်း(၁)ကလည်း ရဲဘော် ၃ ဦး ဒဏ်ရာရကာ ၁ ဦးအနည်းငယ်စိုးရိမ်ရသည်ဟု ယင်း ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲကို ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေး၊တပ်ရင်း(၁)နှင့် Flying Star ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ကျေးရွာနေ ပြည်သူလူထုနှင့် လုံးဝမသက်ဆိုင်ပါကြောင်းလည်း ထုတ်ပြန်ကြေငြာထားသည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ထောင်စုကားလမ်း တစ်လျှောက်တွင် ပြီးခဲ့သည့်လ အနည်းငယ်အတွင်းမှစပြီး တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွါးလာနေကြောင်း ခရီးသည်များနှင့် ယာဥ်မောင်းများ ထံမှသိရသည်။

ဓါတ်ပုံ။ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်