အလှူအတန်းများလာ၍ ထားဝယ်တွင် ငါးကွန်းရှပ် ဈေး ၂ ဆတက်

0
3817

အလှူအတန်းပေါသည့် ထားဝယ်ဒေသ၏ ယခုလိုကထိန်အလှူကာလတွင် လူကြိုက်များပြီး လူအများစား‌သုံးလေ့ရှိသည့် ငါးကွန်းရှပ်ငါး အမျိုးအစားမှာ ဈေးမြင့်တက်နေသည်ဟု ငါးအဝယ်ဒိုင်များထံမှသိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ် လဆန်းပိုင်းမှစ၍ ထားဝယ်ငါးဈေးကွက်တွင် ငါးကွန်းရှပ် တစ်ပိဿာဈေးနှုန်းမှာ ကျပ်တစ်သောင်းခွဲခန့်သာရှိခဲ့ပြီး ယခုလဆန်းတွင် တစ်ပိဿာ ကျပ်တစ်သောင်းခုနှစ်ထောင်သို့ စျေးအနည်းငယ် စတက်လာခဲ့သည်။

ယခု သီတင်းကျွတ်လ တတိယပတ်တွင်မူ တစ်ပိဿာ ကျပ်သုံးသောင်းအထိ နှစ်ဆနီးပါးခန့် စျေးမြင့်တက်လာကြောင်း ထားဝယ်မြို့ကမ်းနားဈေးရှိ ငါးအဝယ်ဒိုင်ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးကပြောသည်။

“အဓိကအလှူ ရာသီမို့ပါ ငါးအရနည်းတဲ့ အပတ်နဲ့တိုက်ဆိုင်လို့လည်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

ထားဝယ်းဈေးကွက်တွင် ငါးကွန်းရှပ်ဈေးနှုန်းမှာ အထွက်နှုန်းနှင့် ဝယ်လိုအားလိုက်၍ ဈေးနှုန်းပြောင်းလဲလေ့ရှိသော်လည်း ယခုလို ကထိန်အလှူကာလာများတွင် ပုံမှန်ထက် ဈေးကောင်းရလေ့ရှိကြောင်း ထားဝယ်မြို့ ကမ်းနားဈေးတွင် ငါးအဝယ်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးကပြောသည်။

“အရင်က တစ်သောင်းနှစ်ထောင် တစ်သောင်းသုံးထောင်အများဆုံးပါပဲ။ အစ်မတို့ ဒိုင်မှာတော့ နှစ်သောင်းခုနှစ်ထောင်အထိ ရောင်းရတယ် တစ်ခြားဒိုင်‌ တွေမှာတော့ သုံးသောင်းအထိရောင်းချနေရတာ‌ တွေရှိတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

ဇူလိုင်လ ဒုတိယပတ်မှပြီး ထားဝယ်မြို့၏ ငါးဈေးကွက် ကို Dawei watch မှစောင့်ကြည့် လေ့လာရာတွင် ငါးကွန်းရှပ် တစ်ပိဿာဈေးနှုန်း မှာ လေးလအတွင်း ကုန်ထွက်နှုန်းပေါ်မူတည်၍ တစ်ပိဿ ကျပ်တစ်သောင်းနှစ်ထောင်ခန့်မှ တစ်သောင်းငါး‌ထောင်ခန့်အထိ ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲလျက်ရှိသည်။

သို့သော် သီတင်းကျွတ်ပထမပတ်မှစပြီး တစ်ပိဿာ တစ်သောင်းးခုနှစ်ခန့်မှ သုံးသောင်းဝန်းကျင်ခန့်အထိ ဈေးနှုန်းမြင်တက်လာတာတွေ့ရသည်။

ထားဝယ်တွင် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့ကစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်အလှူအတန်းပေါများသည့် ကာလဖြစ်သည့်အတွက် ယင်းကာလများတွင် လူအများစားသုံးလေ့ရှိသည့် အသားငါးဈေးနှုန်းများမှာ ပုံမှန်ထက်ဈေးတက်လေ့ရှိသည်။

ငါးကွန်းရှပ်နှင့် ဘီးဇင်းငါးမှာ အမျိုးအစားတူသော်လည်း ပုံသဏ္ဍန် အားဖြင်းမတူပေ။ ငါးကွန်းရှပ်ငါးက ကိုယ်ထည် ပြားပြီး ဘီးဇင်းငါးက ကိုယ်ထည်လုံးသည်ဟု ငါးဖမ်းလုပ်ငန်းလုပ်သူများထံမှသိရသည်။

ငါးကွန်းရှပ်မှာ ကြေးခွံမဲ့ငါးတစ်မျိုးဖြစ်ပြီး ကိုယ်ထည်ပြား၍ အရိုးနည်းကာ အရသာရှိသည်။

ငါးကွန်းရှပ်ငါးအမျိုးအစားမှာ မြန်မာ့ပင်လယ်ပြင်တွင် တစ်နှစ်ပတ်လုံး ဖမ်းဆီးရမိလေ့ရှိသော်လည်း ယခုလို သီတင်းကျွတ် တန်ဆောင်မုန်းလများတွင် ပုံမှန်ထက် ဖမ်းဆီးရမိလေ့ရှိသည်။

သို့သော်အမျိုးအစားတူ ဘီးဇင်းငါးမှာ မြန်မာလ တပို့တွဲ တပေါင်းလများတွင် ပို၍ဖမ်းဆီးရမိလေ့ရှိကြောင်း အထက်ပါ ပင်လယ်ငါးဖမ်း လုပ်ငန်းလုပ်သူများထံမှသိရသည်။